ကာဗိုဟိုက်ဒရိတ်စားပါ (နည်းနည်းပေါ့)
ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကသွေးထဲမှာtryptophan ကိုတိုးစေပါတယ်။ ဒါ့ကြောင့်ကွေကာနဲ့ နို့၊ အစေ့အဆန်နဲ့ခရက်ကာ၊ပေါင်မုန့်နဲ့ချိစ် အတွဲအစပ်တွေလိုမျိုးကို ညဘက်စားသုံးရင် ပိုအိပ်ပျော်စေပါတယ်။
အိပ်ခါနီး အဆာပြေစားပါ
အိပ်မပျော်တတ်ဘူးဆိုရင် အိပ်ရာဝင်ခါနီးမှာ အဆာပြေတစ်ခုခုစားခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နည်းနည်းပဲစားသင့်ပါတယ်နော်။ များခဲ့ရင် အစာကြေဖို့မလွယ်သလို အဆီတက်တာလည်းများပါလိမ့်မယ်။ ဒါဆို အိပ်ပျော်ဖို့ ပိုတောင်ခက်စေနိုင်ပါတယ်။
ဆေးဝါးကြောင့်လည်း မျက်စိကြောင်နိုင်တယ်
အကိုက်အခဲပျောက်ဆေး၊ အဆီကျဆေးတွေ၊ ဆီးဆေးတွေနဲ့ အအေးမိပျောက်ဆေးတွေမှာ ကဖင်းဓါတ်တွေပါဝင်တတ်ပါတယ်။ တချို့ဆိုကော်ဖီတစ်ခွက်ထက်တောင် ကဖင်းပိုများနေတတ်ပါတယ်။ ညညအိပ်မရဖြစ်နေတယ်ဆို ကိုယ်သောက်သုံးနေတဲ့ဆေးဝါးကြောင့်များလားဆိုတာ တစ်ချက်ထည့်စဉ်းစားပေးပါ။
အိပ်ခါနီးတစ်ခွက်သောက်တတ်လား
မူးရင် ဘာမှမသိတော့ဘဲ အိပ်ပျော်သွားရောလို့ ထင်ကြပေမယ့် တကယ်တမ်းကျ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ်ကမသိပေမယ့် ဟိုလှိမ့်ဒီလှိမ့်၊အငြိမ်မနေဘဲ အိပ်တာမို့ အိပ်ရေးဝမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အိပ်ပျော်ချင်တယ်ဆို သောက်မယ့်အချိန်ကို အိပ်ရာမဝင်ခင် ၄ နာရီ သို့မဟုတ် ၆ နာရီလောက်တော့ခြားပါ။
အိပ်ရာဝင်ချိန်မှာ ပရိုတင်းလျှော့စားပါ
ပရိုတင်းဓါတ်ကို တစ်နေ့တာမှာလိုအပ်တာမှန်ပေမယ့် အိပ်ရာဝင်ခါနီးမှာတော့ များများမစားသင့်ပါဘူး။ ပရိုတင်းကိုချေဖျက်ဖို့ခက်ခဲပြီး အမိုင်နိုအက်စစ်tyrosine ပါဝင်လို့ ဦးနှောက်ကိုလှုပ်ရှားမှုပိုများစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ ပရိုတင်းများတာတွေသိပ်မစားပါနဲ့။
အနားယူချိန်ဆိုပြီး ဆေးလိပ်တွေလှိမ့်မသောက်ပါနဲ့
ဆေးလိပ်သောက်သူတွေရဲ့အကျင့်ကဆေးလိပ်လေးဖွာရှိုက်ရင်း အတွေးနယ်ချဲ့တာပါပဲ။ အနားယူချိန်၊ စိတ်ကိုဖြေလျှော့ချိန်မှာဆေးလိပ်ကိုအားကိုးတတ်ကြပါတယ်။ ဆေးလိပ်ရဲ့ Nicotine ဆိုတာ ကဖင်းလိုပဲ နိုးကြားစေတဲ့အာနိသင်ရှိပါတယ်။ အိပ်ခါနီး ဆေးလိပ်လေးဖွာပြီး အတွေးများတာ၊ ညလယ် တရေးနိုးမှာဆေးလိပ်ထသောက်တာမျိုးရှောင်ပါ။
Hello ဆရာဝန်ရဲ့ စာဖတ်သူတို့ အိပ်ရေးဝဝနဲ့ အိပ်မက်လှလှမက်ပါစေနော်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။