backup og meta

ဝိတ်လည်းတက်တယ်၊မကြာခဏကိုက်ခဲတတ်တယ်ဆိုတာ စိတ်ဖိစီးနေတဲ့လက္ခဏာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်လည်းတက်တယ်၊မကြာခဏကိုက်ခဲတတ်တယ်ဆိုတာ စိတ်ဖိစီးနေတဲ့လက္ခဏာ
    ခုနောက်ပိုင်း ဒူးကမျက်ခနဲ၊ ခါးက မျက်ခနဲ၊ ပခုံးက အကြောတင်ပြန်ပြီ၊ ကြွက်သားတွေနာနေပြန်ပြီ။ ဟိုနားကကိုက် ဒီနားကနာ နဲ့နာကျင်ကိုက်ခဲနေတာပဲ။ ဟယ် ကြည့်စမ်း..ဝိတ်တွေလည်းတက်နေတာပဲ။ ဝလို့ဖြစ်တာနေမယ်။
    ဒီလိုပဲတွေးလိုက်တာမလား။ လူကဝလာလို့ ဒီဝေဒနာတွေဖြစ်လာတယ်လို့ ယူဆတတ်ကြပေမယ့်နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိနေသေးတယ်ဆိုတာရော သိထားပြီးပြီလား။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဟာ စိတ်ဖိစီးမှုခံစားနေရတဲ့ လက္ခဏာတွေထဲပါဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ စိတ်ကျန်းမာရေးပြဿနာတစ်ခုတင်မကပါဘူး။ ခန္ဓါကိုယ်မှာ ထင်ထားတာထက် ဆုတ်ယုတ်မှုပိုရှိစေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။

    စိတ်ဖိစီးမှုဆိုတာအခြေအနေအမျိုးမျိုးမှာဖြစ်လာနိုင်တယ်။ အလုပ်နဲ့ပတ်သက်လို့လား၊ မိသားစုပြဿနာလား၊ လူမှုဆက်ဆံရေးမှာလား၊ အချစ်ရေးမှာလား စသည်ဖြင့်ပေါ့။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း စိတ်ဖိစီးမှုနဲ့တွေ့ရတာများလာတော့ ခွဲခွာမရတော့ပါဘူး။ အလုပ်အတွက် မကြာခဏ အီးမေးလ်ဝင်ဝင်စစ်နေရတယ်မလား၊ စီးပွားရေးမှာက သူများလက်ထဲမပါအောင် မြန်မြန်ဆန်ဆန်လှုပ်ရှားရတယ်မလား၊ နည်းပညာမှာလည်း အပြိုင်အဆိုင်ခေတ်ရှေ့ပြေးဖို့ ကြိုပြေးနေရတယ်မလား။ စိတ်ဖိစီးမှုကိုရှောင်ဖို့မပြောနဲ့၊ စိတ်ကျရောဂါမဝင်အောင် မနည်းရုန်းကန်တွန်းလှန်နေရတယ်မလား။

    ဒီလိုနဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးလာတဲ့အခါကော်တီဆောဟော်မုန်းတွေထွက်လာတယ်။

    ဘာတွေဆက်ဖြစ်လဲ

    ကော်တီဆောထုတ်လုပ်မှုများလာရင် ခန္ဓါကိုယ်အနှံ့မှာ သက်ရောက်မှုလည်းအတော်များပါတယ်။ ဇက်ကြော၊ ဦးခေါင်းနဲ့ပခုံးတို့လို နေရာတွေမှာပဲ ထိခိုက်တယ်လို့ ယူဆလေ့ရှိကြပေမယ့် တစ်ကိုယ်လုံးမှာ ဝိတ်တက်လာစေတာလည်း စိတ်ဖိစီးမှုကြောင့်ပါပဲ။

    စိတ်ရောကိုယ်ပါဖိစီးတယ်ဆိုတာ တကယ်ပါပဲ။ စိတ်ဖိစီးမှုတာရှည်ခံစားနေရတဲ့သူတွေဟာ တစ်နေ့ထက်တစ်နေ့ ကိုယ်အလေးချိန်ပိုတက်လာတယ်၊ ကိုယ်လက်နာကျင်မှုတွေဖြစ်လာတယ်။

    စိတ်ဖိစီးမှုကြောင့် အမျိုးသားတွေမှာ ခါး(အောက်ပိုင်း) နာခြင်းဝေဒနာခံစားရနိုင်ပြီး အမျိုးသမီးတွေမှာတော့ ခါးအထက်ပိုင်း၊နောက်ကျောကြွက်သားတွေနဲ့ ဇက်ကြောမှာ နာကျင်ကိုက်ခဲမှုခံစားရလေ့ရှိပါတယ်။နောက်စေ့မှာခေါင်းကိုက်ခြင်းဝေဒနာလည်းခံစားရနိုင်တယ်။

    အဖြစ်များတဲ့ စိတ်ဖိစီးမှုသက်ရောက်တဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေထဲမှာခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာတွေ၊ ကြွက်သားနာကျင်ကိုက်ခဲမှုနဲ့ ကိုယ်လက်နာကျင်မှုတွေပါဝင်ပါတယ်။

    ဘယ်လိုပြန်ကုစားမလဲ

    ကိုယ်အလေးချိန်များနေတာကိုတော့ သင့်တော်တဲ့နည်းနဲ့ပြန်လျှော့ချသင့်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ စိတ်ဖိစီးမှုကိုလည်း တတ်နိုင်သလောက်ထိန်းချုပ်သင့်ပါတယ်။ မဟုတ်ရင် ဝိတ်လျှော့လိုက်၊ပြန်တက်လာလိုက်နဲ့ ဘာမှမထူးတော့ပါဘူး။နောက်ထပ်ဆက်နွှယ်နေတဲ့အချက်က စိတ်ဖိစီးရင် အိပ်မပျော်ဘူး၊ အိပ်ရေးပျက်ရင်နောက်ရက်မှာ အစားတွေအလွန်အကျွံစားမိမယ် ဒါမှမဟုတ် အဆီတက်မယ့်ဟာတွေပဲ စားချင်နေမယ်၊ စားချိန်အိပ်ချိန်မမှန်တော့ဘူး၊ ဒီလိုနဲ့ပတ်လည်ကိုရိုက်နေပါလိမ့်မယ်။

  • အသက်ပြင်းပြင်းရှူသွင်းပါ။ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။ တည်ငြိမ်သွားတဲ့အထိလုပ်ပါ။
  • ကိုယ်လက်လှုပ်ရှားလ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် တရားထိုင်ပါ။
  • အာရုံလွှဲဖို့ စိတ်ချမ်းသာမယ့်အရာတစ်ခုခုလုပ်ပါ။
  • မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့စကားပြောပါ။
  • ပြဿနာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ဘယ်လိုဖြေရှင်းရမလဲဆိုတာ အစီအစဉ်ဆွဲပါ။
  • ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်တဲ့အလေ့အထကို မွေးပါ။
  • လုံလောက်အောင် အနားယူပါ။
  • ကိုယ်ခန္ဓါကိုက်ခဲမှုဝေဒနာတွေကိုကာလတာရှည်ခံစားနေရတယ်ဆိုရင် စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမှာ အကိုက်အခဲပျောက်ဆေးတွေချည်းသောက်နေလို့ အဆင်မပြေနိုင်ပါဘူး။ဝေဒနာရဲ့အရင်းအမြစ်ကိုအရင်ဖြေရှင်းရမှာဖြစ်သလို နောက်ဆုံးမှာဒီဆေးတွေကြောင့် အစာအိမ်သွေးယိုတာတွေဖြစ်လာနိုင်တယ်။

    စိတ်ကျန်းမာမှ ကိုယ်ကျန်းမာနိုင်ပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement