backup og meta

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လား

    ကျွန်တော်တို့ ဘာလို့ရယ်မောကြတာလဲ။ ပျော်လို့ရယ်တာပေါ့၊မဟုတ်ဘူးလား။ စိတ်ကျေနပ်ပျော်ရွှင်တဲ့အခါ၊ဝမ်းသာအားရတဲ့အခါ ကျွန်တော်တို့ရယ်မောတတ်ကြပါတယ်။

    အကယ်၍များ ရယ်မောနိုင်တဲ့ စွမ်းရည် လူတွေမှာ မရှိဘူးလို့ တွေးကြည့်လိုက်စမ်းပါ။ တွေးတာနဲ့တင် ပျင်းဖို့ကောင်းနေပါပြီ။ ဖြစ်ကို မဖြစ်နိုင်ပါဘူး။ ရယ်မောခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ အစားထိုးလို့မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သူသာမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဘဝဟာ အရင်ကနဲ့ ဘယ်လိုမှ တူညီနိုင်တော့မှာ မဟုတ်ပါဘူး။

    ရယ်မောခြင်းကနေ ပျော်ရွှင်ခြင်းကိုပဲ ပေးတာမဟုတ်ပါဘူး၊တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။ ရယ်မောခြင်းကြောင့် ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို မြင်သာအောင် သက်သေပြဖို့ နည်းနည်းခက်ပေမယ့် စိတ်ကျန်းမာရေးအတွက် အကျိုးရှိစေတာကိုတော့ လူတိုင်းသေချာပေါက် ခံစားမိကြမှာပဲ ဖြစ်ပါတယ်။

    ရယ်နေတဲ့အချိန်ဆို မငိုဘူးလေ။

    ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဖူးလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ဒါဟာ အခြေခံအကျဆုံး၊အရိုးရှင်းဆုံး အချက်ပါ။ တမျိုးပြန်စဉ်းစားရအောင်။

    သင်ငိုနေတဲ့ အချိန်တွေဆိုရင် မရယ်နိုင်ပါဘူး။ အင်းပေါ့လေ ရုတ်တရက် ဝမ်းသာလုံးဆို့ ငိုချလိုက်ပြီး နောက်မှဝမ်းပန်းတသာ ရယ်တဲ့ အနေအထားမျိုးကတော့ တစ်ပိုင်းပေါ့။ ပြီးတော့ စိတ်ခံစားချက်တွေ ပြင်းထန်လွန်းပြီး ပေါက်ကွဲထွက်ကာ အရူးလို အော်ရယ်လိုက်တဲ့ အနေအထားမျိုးကလည်း ချွင်းချက်နောက်တခုဆိုပါစို့။

    ဒီအနေအထားလေးတွေကို ဖယ်ထုတ်လိုက်ရင် သိထားရမှာက ရယ်မောတယ်ဆိုတာ ပျော်ရွှင်လို့၊စိုးရိမ်ပူပန်မှု၊စိတ်လှုပ်ရှားမှု ဒါမှမဟုတ် ဒေါသမောဟတွေ မရှိလို့ ဆိုပြီး ယေဘုယျအနေနဲ့ ယူဆထားလို့ ရပါတယ်။

    ဒါ့အပြင် သင့်အနေနဲ့ အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အင်မတန်ဖိစီး စိတ်ရှုပ်ထွေးနေချိန်မှာ အားပါးတရ ရယ်မောလိုက်ရရင် ဘယ်လောက်တောင် နေလို့ကောင်းသွားတယ်ဆိုတာ သင်အသိဆုံးပါပဲ။ အဲဒီ တဒင်္ဂအချိန်လေးမှာပဲ သင့်ရဲ့ ပြဿနာတွေအပေါ် ခံယူထားတဲ့ သဘောထားဟာ အများကြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားပါလိမ့်မယ်။

    ပြဿနာတစ်ခုပေါ်လာလို့ ကြေကွဲခံစားနေလို့ အပိုပဲ၊လက်တွေ့ကျကျ ဖြေရှင်းရမယ်လို့ သင်သဘောပေါက်လိုက်ပါမယ်။ သင့်ရဲ့ စိတ်ဆင်းရဲ၊စိတ်ဓါတ်ကျ အပူမိနေတဲ့ ရုပ်ကြီးနဲ့ ပြဿနာကို ဖြေရှင်းလည်း ဒီအဖြေပဲ၊ ပေါ့ပါးပျော်ရွှင်လွတ်လပ်ပြုံးချိုတဲ့ မျက်နှာနဲ့ ဖြေရှင်းလည်း ဒီအဖြေပါပဲ။

    ဒါဆိုရင် ဘာလို့များ ပူဆွေးနေဦးမှာလဲ။ အရာအားလုံးကို ပြုံးပြုံးကြီး ရင်ဆိုင်ဖြေရှင်းလိုက်ရုံပဲလေ။

    ချစ်သူနဲ့လည်း ပိုအဆင်ပြေမယ်။

    သင့်ကို ထမင်းကျွေးနေတဲ့ အလုပ်အပြင် ဘဝမှာ နောက်ထပ်အရေးပါတဲ့ အရာတစ်ခုက သင့်ချစ်ချစ်ပါပဲ။ ဘာလို့လဲဆိုတော့ သင့်စိတ်အပေါ် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းက ကြီးမားလို့ပါ။

    ချစ်သူနဲ့ ဒါမှမဟုတ် အိမ်ကယောက်ျား/မိန်းမနဲ့ ရန်ဖြစ်စိတ်ဆိုးပြီး တစ်နေ့တာကို စတင်ရတယ်လို့ တွေးကြည့်လိုက်ပါ။ သင့်အနေနဲ့ တနေကုန် ဘယ်လိုများ စိတ်လက်ကြည်သာစွာ အလုပ်လုပ်နိုင်တော့မှာလဲ။ စိတ်တွေတို၊စိတ်တွေညစ် ဖြစ်နေတော့မှာပေါ့၊ မဟုတ်ဖူးလား။

    ကဲ အခု တဆင့်တက်ပြီး တွေးကြည့်။ ခုနကလို အခြေအနေမျိုးကို တစ်လမှာ ဆယ့်ငါးရက်လောက် ရင်ဆိုင်ရတယ်လို့ စိတ်ကူးကြည့်လိုက်ပါဦး။ နှစ်တစ်ဝက်လောက် မိုးမရွာတာထက် ပိုဆိုးသွားမယ်။ ခါးသီးချက်ပဲ။ စိတ်ဖိစီးမှုတွေ၊စိတ်ဓါတ်ကျဆင်းမှုတွေ၊မလုံခြုံမှုတွေ စတဲ့ မကောင်းတဲ့အရာတွေကိုသာ ခံစားရစေမှာပါ။

    ကျွန်တော်တို့ရဲ့ ဦးနှောက်အတွက်လည်း မကောင်းမှာ အမှန်ပါပဲ။ ဒီတော့ ဘာလုပ်ကြမလဲ။ မောင်းခလုတ်ကို ဆွဲပါ၊ သေနတ်ခလုတ်ကိုဆွဲခိုင်းတာ မဟုတ်ပါဖူး။ သင့်ပျော်ရွှင်ခြင်းတွေကို ပစ်ထုတ်ပေးနိုင်မယ့် မောင်းခလုတ်ကို ဆွဲခိုင်းတာပါ။

    ဟာသတွေပြောပါ၊ပျော်စရာရွှင်စရာ ရုပ်ရှင်တွေ၊အစီအစဉ်တွေကို ကြည့်ပါ၊သူငယ်ချင်းတွေကို စပါ ဒါမှမဟုတ် ရယ်မောပျော်ရွှင်ရဖို့ ဘာမဆိုလုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အနေနဲ့ စိတ်ညစ်စရာတွေကို ယာယီမေ့သွားမှာ ဖြစ်ပြီး သင်အဆင်သင့်ဖြစ်တဲ့အချိန်မှာ ပြဿနာတွေကို ပေါ့ပေါ့ပါးပါး ရင်ဆိုင်လိုက်ပါ။

    ရယ်မောခြင်းဟာ တစ်ဦးနဲ့ တစ်ဦးအကြား ပိုနီးစပ်စေပါတယ်။ အတူတကွရယ်မောကြသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးဆက်သွယ်မှု ပိုလာတတ်ကြပါတယ်။

    ဒါကြောင့် ချစ်သူစုံတွဲတွေအနေနဲ့ အတူတကွရယ်မောကြပါ၊ပျော်ရွှင်ကြပါ (ဟာသကားကြည့်ပြီး ရယ်တာမျိုး၊ တခြားလူတယောက်ယောက်ရဲ့ အားနည်းချက်ကို လှောင်ပြီးရယ်တာမျိုးမဟုတ်ဘဲ တစ်ဦးကို တစ်ဦးကြည့်ပြီး ကြည်ကြည်နူးနူး ရယ်မောခြင်းမျိုးပါ)။ အတူတကွ ရယ်မောခြင်းဟာ နှစ်ဦးစလုံးအတွက် ပျော်ရွှင်မှုတွေကို သယ်ဆောင်ပေးပါတယ်။

    တစ်ခွန်းတည်းပြောရရင် ရယ်မောခြင်းဟာ လူတိုင်းအတွက် ချွင်းချက်မရှိ ကောင်းမွန်ပါတယ်။ ကိုင်း အခုပဲ ရယ်လိုက်ကြစို့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement