backup og meta

ချစ်တင်းနှောခြင်းက သင့်စိတ်ကျန်းမာရေးကို ပိုကောင်းစေသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်တင်းနှောခြင်းက သင့်စိတ်ကျန်းမာရေးကို ပိုကောင်းစေသလား

    ချစ်တင်းနှောတာဟာ ခံစားလို့ကောင်းတဲ့အာရုံတစ်ခု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါ့အပြင် ချစ်တင်းနှောခြင်းဟာ စိတ်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်။ ဘာလို့လဲ။ သိချင်ရင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…

    မိမိကိုယ်ကို တန်ဖိုးထားတတ်စေမယ်။

    မကြာခဏ ချစ်တင်းနှောလေ့ရှိတာဟာ လူတိုင်းအတွက် အင်မတန်အဖိုးတန်ပြီး အရေးပါလှတဲ့အချက်တွေဖြစ်တဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ တန်ဖိုးထားမှုတို့ကို ပိုပြီးမြင့်တက်များပြားစေပါတယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကောင်းဖို့၊ အရာရာကိုအကောင်းမြင်တတ်ဖို့နဲ့ စိတ်ဓာတ်တက်ကြွနေဖို့အတွက် မိမိကိုယ်ကို တန်ဖိုးထားယုံကြည်ဖို့လိုအပ်လှပါတယ်။ မကြာခဏ ချစ်တင်းနှောခြင်းအားဖြင့် စုံတွဲတွေကြားမှာ ချစ်ခင်မြတ်နိုးရင်းနှီးမှု ပိုလာစေပြီး စိတ်လုံခြုံမှုလည်း ပိုရှိလာစေပါတယ်။ ဒါတွေအားလုံးဟာ မိမိကိုယ်ကိုယုံကြည်မှု မြင့်တက်လာစေပါတယ်။

    စိတ်ဖိအားတွေ လျော့ကျစေမယ်။

    ချစ်တင်းနှောခြင်းကနေရရှိတဲ့ သာယာမှုဟာ ရုပ်ပိုင်းဆိုင်ရာသာယာမှုဆိုတာထက် ပိုပါတယ်။ စုံတွဲတစ်တွဲအနေနဲ့ ချစ်တင်းနှောခြင်းအမှုကို ပြုလုပ်နေပြီဆိုရင် သာယာခြင်းကိုခံစားနိုင်တဲ့ အာရုံကြောတွေကို နှိုးဆွလို့ပေးပါတယ်။ ဒါကြောင့် ချစ်တင်းမနှောခင်က ကြုံတွေ့ရင်ဆိုင်နေရတဲ့ စိတ်ရှုပ်စရာပြဿနာတစ်ခုကို ကိစ္စအပြီးမှာ တစ်ခါပြန်စဉ်းစားသုံးသပ်ရင် သိပ်ကြီးစိတ်ညစ်စရာမကောင်းတော့တာကို တွေ့ရပါလိမ့်မယ်။ ဒီစုံတွဲဟာ ပြဿနာတစ်ခုကိုရင်ဆိုင်တဲ့နေရာမှာ စိတ်အေးအေးထားပြီး ပွင့်ပွင့်လင်းလင်းစဉ်းစားဖြေရှင်းတတ်လာပြီး ဒါတွေဟာ ပြဿနာတစ်ခုကို ကောင်းကောင်းဖြေရှင်းပေးနိုင်တဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီခေတ်ကြီးလို ပြဿနာဖိအားပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာသင့်အနေနဲ့ (သင့်တော်မှန်ကန်တဲ့အချိန်မှာ) ချစ်တင်းနှောပေးခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို ကောင်းကောင်းကြီးဖြေလျှော့ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

    စိတ်ခံစားမှုအခြေအနေ ပိုကောင်းမယ်။

    တစ်ကိုယ်ရည်တကာယသမား မဟုတ်တော့တဲ့အခါ ကိုယ့်ပြဿနာတွေသာမက ချစ်သူ/အိမ်ထောင်ဖက်ရဲ့ ပြဿနာတွေကိုပါ ရင်ဆိုင်ဖြေရှင်းရတာမို့အတော်လေးတိုင်ပတ်တတ်ပါတယ်။ စိတ်အတက်အကျမြန်တဲ့ အနေအထားလေးတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။

    ပုံမှန်ချစ်တင်းနှောပေးခြင်းဟာ စုံတွဲတွေရဲ့စိတ်ခံစားမှုအခြေအနေကို တည်ငြိမ်ကောင်းမွန်စေရုံသာမက လက်ရှိဘဝကို ပိုမိုစိတ်ကျေနပ်မှုရှိစေကာ မိမိကိုယ်ကိုယုံကြည်မှုကိုလည်း ပိုလာစေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း နေလို့ထိုင်လို့ပိုကောင်းလာပါလိမ့်မယ်။

    ဒါကြောင့် ခြုံပြီးပြောနိုင်တာက ချစ်တင်းနှောခြင်းဟာ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးကိုသာမက နေ့စဉ်နေထိုင်မှုဘဝအတွက်ပါ ကောင်းကျိုးတွေများစွာ ဖြစ်လာစေနိုင်ပါတယ်။

    ချစ်သူနှစ်ဦးကြား ရင်းနှီးကျွမ်းဝင်မှုကိုတိုးစေမယ်။

    စိတ်ပိုင်းဆိုင်ရာ ခံစားမှုကောင်းမွန်စေဖို့အတွက် ချစ်သူနှစ်ဦးကြားရင်းနှီးကျွမ်းဝင်မှုက အရေးကြီးပြီး ဒီလိုရင်းနှီးကျွမ်းဝင်မှုရှိတာဟာ ချစ်တင်းနှောတဲ့အကြိမ်ရေနဲ့ ဆက်စပ်နေပါတယ်။ ချစ်သူရည်းစား/လင်မယားဆက်ဆံရေးမှာ သော့ချက်ဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦးကိုနားလည်မှု၊ ချစ်ခင်မြတ်နိုးမှုနဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြောဆိုမှုစတဲ့ အရာတွေကို ချစ်တင်းနှောခြင်းကတဆင့် ပိုမိုလွယ်ကူစွာရရှိစေနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိလာ၊ ယုံကြည်ကျွမ်းဝင်လာလေလေ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေ၊ အတွင်းရေးတွေကို ပိုပြီးမျှဝေဆွေးနွေးလာလေ ဖြစ်ပါတယ်။ တဖက်က ကိုယ့်ချစ်သူကလည်း အလားတူပဲ ဖြစ်ပါတယ်။ ပိုပိုပြီး အပြန်အလှန်ဖေးမကူညီတတ်လာတာနဲ့အမျှ နှစ်ဦးကြားသံယောဇဉ်ကလည်း ပိုလို့ခိုင်မြဲလာပါတော့တယ်။

    ချစ်တင်းနှောခြင်းအားဖြင့် ကယ်လိုရီတွေလောင်ကျွမ်းတာလိုမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကိုသာမက စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကိုလည်းရရှိစေနိုင်မှာ အမှန်ဖြစ်ပါတယ်။ စိတ်ကျေနပ်မှုရရှိတာနဲ့အမျှ အရာရာကိုအကောင်းမြင်စိတ်တွေပိုလို့များပြားလာပြီး နေပျော်လာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ချစ်တင်းနှောတာထက်ကောင်းတဲ့ လေ့ကျင့်ခန်း မရှိတော့ပါဘူး။

    သင်တစ်ယောက်တည်းလည်း ပျော်လို့ရတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ချစ်ခရီးလမ်းကို နှစ်ယောက်တူတူ ကူးခတ်လျှောက်လှမ်းတော့ ပိုပြီးသာယာ၊ ပိုပြီးအကျိုးရှိတာပေါ့၊ မဟုတ်ဘူးလား။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement