backup og meta

ငိုကြွေးခြင်း နဲ့ သင့်စိတ်ကျန်းမာရေး

ငိုကြွေးခြင်း နဲ့ သင့်စိတ်ကျန်းမာရေး

ငိုကြွေးခြင်းဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါဟာ တကယ်ပဲလား။ သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ ကျွန်တော်တို့အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။

လူတွေ ဘာလို့ငိုရတာလဲ။

ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် ဝမ်းသာလို့ပဲ ဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ တင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ဥပမာ ကျွန်တော်တို့ဟာ ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ အခါမျိုးမှာလည်း ငိုကြွေးကြပြန်ပါတယ်။ တခြားသူတွေ သနားအောင်၊ဇာတ်နာအောင် ငိုပြရတာမျိုးတွေလည်း ရှိပါသေးတယ်။

ငိုကြွေးတာကို အသုံးချလို့ရတဲ့ နေရာတွေ အစုံပါပဲ။ ဟုတ်ပြီ၊ ဒါတွေထားတော့။ ငိုရခြင်းရဲ့ အကြောင်းရင်းခံတွေ အများကြီးရှိပေမယ့် အခုကျွန်တော်တို့ပြောချင်တာက လူတွေရဲ့ စိတ်ကျန်းမာရေးကို ပိုကောင်းလာစေနိုင်တဲ့ ငိုကြွေးခြင်းအကြောင်းပဲ ဖြစ်ပါတယ်။

ငိုကြွေးခြင်းနဲ့ စိတ်ကျန်းမာရေး

ငိုကြွေးခြင်းဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အပေါ် (စိတ်ပိုင်းဆိုင်ရာ အရ) အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။ သိပ္ပံနည်းကျစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့တတွေဟာ စိတ်ဖိစီးမှုတွေကြောင့် ဒါမှမဟုတ် စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ အကြောင်းတစုံတရာကြောင့် ငိုကြွေးခဲ့မယ်ဆိုရင် ထွက်လာတဲ့ မျက်ရည်တွေဟာ ရေချည်းပဲ ဆိုတာထက် အများကြီး ပိုပါသတဲ့။ စိတ်ဖိစီးမှုကြောင့် ငိုကြွေးတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ Stress hormones လို့ခေါ်တဲ့ စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေ အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေပါ ပါဝင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ငိုကြွေးတဲ့အခါ endorphins ဟော်မုန်းလည်း ထွက်ရှိလာပါသေးတယ်။ ဒီဟော်မုန်းဟာ ကျွန်တော်တို့တွေကို နေလို့ထိုင်လို့ ကောင်းစေတဲ့ ဟော်မုန်းဖြစ်ပြီးသဘာဝအကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။ ဒီတော့ ငိုကြွေးခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ကောင်းလာစေပါတယ်။ စိတ်ကျရောဂါပျောက်ဆေးတွေသောက်တာထက် ငိုကြွေးလိုက်ရတာက ပိုပြီးနေလို့ထိုင်လို့ကောင်းစေတယ်လို့ ၂၀၀၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တောင်ဖလော်ရီဒါ တက္ကသိုလ်ရဲ့ လေ့လာချက်တခုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အတည်ပြုပြောဆိုခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ အချက်တခုက ငိုကြွေးခြင်းဟာ လူသားနှစ်ဦးကို ပိုမိုနီးကပ် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ငိုကြွေးတယ်ဆိုတာဟာ လူတယောက်ရဲ့ စိတ်ခံစားမှုအရ အားအငယ်ဆုံး အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ငိုနေတာကို တယောက်ယောက်က တွေ့ခဲ့တယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ တကယ်လို့ ဒီလူကသာ သင့်ကို ဂရုတစိုက်ဖေးမနှစ်သိမ့်ခဲ့မယ်ဆိုရင် ငိုကြွေးပြီးတဲ့အခါ သင်တို့နှစ်ဦးကြားမှာရှိတဲ့ နားလည်ရင်းနှီးမှုက ပိုတိုးလာမယ်ဆိုတာ အင်မတန်မှကို သိသာထင်ရှားလှပါတယ်။

ငိုကြွေးခြင်းဟာ အရေးကြီးပါသလား။

ဟုတ်ကဲ့၊ အရမ်းကို အရေးကြီးပါတယ်။ ငိုချင်တာကို မြိုသိပ်အောင့်အီးထားရတာဟာ သင့်ခံစားချက်တွေကို ဖိသိပ်ချိုးနှိမ်ထားရတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အကြောင်းတခုခုကြောင့် အရမ်းဒေါသတွေ ပေါက်ကွဲပြီး နံရံကို လက်သီးနဲ့ ပိတ်ထိုးပစ်ချင်နေပေမယ့် တကယ်တမ်းကျတော့လည်း သင်မလုပ်နိုင်ပါဘူး။ ဒေါသစိတ်တွေကို ဒီလိုမြိုသိပ်ထားရတာတွေများလာတဲ့အခါ သင့်အနေနဲ့ စိတ်တိုလွယ်၊ဒေါသထွက်လွယ်တဲ့ စိတ်ဆတ်သူ ကိုဒေါသအိုးကြီး ဖြစ်လာပါတော့တယ်။ ဒီအဓိပ္ပါယ်မျိုးပါပဲ ၊ငိုချင်နေတာကို ကျိတ်မှိတ်မြိုသိပ်ထားရတာတွေ သိပ်များလွန်းလာရင် ခံစားချက်တွေစုပုံပြီး စိတ်ကျရောဂါဆီကို ဦးတည်လာပါတော့တယ်။ မှန်ပါတယ်၊ စိတ်ဓါတ်ကျတာကို သက်သာစေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သင်ယုံကြည်အားကိုးရတဲ့သူရှေ့မှာ ရင်ဖွင့်ပြီး အားပါးတရ ငိုကြွေးလိုက်ရတာမျိုးဟာ သင့်စိတ်ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ ဒါကြောင့် သင်စိတ်ဓါတ်ကျ အားငယ်တဲ့အခါ ငိုကြွေးဖို့ ရင်ခွင်တစုံ ဒါမှမဟုတ် နှစ်သိမ့်ပေးမယ့် ပုခုံးတဖက်တော့ လိုပါလိမ့်မယ်။ နောက်ဆုံးပြောချင်တဲ့အချက်ကတော့ ငိုကြွေးခြင်းဆိုတာ အားငယ်တတ်သူ၊အားနည်းသူတွေရဲ့ အလုပ်ပဲဆိုတဲ့ မမှန်ကန်တဲ့ အတွေးအခေါ်ကြီးကို မြေမြှုပ်လိုက်ပါတော့။ ငိုတယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး ကျွန်တော်တို့ကို လူပီသစေတဲ့ အချက်တချက်ကို ဟင့်အင်းလို့ ငြင်းပယ်ဖို့ မလိုအပ်လို့ပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“The Health Benefits of Tears” – Accessed December 9 th , 2016
https://www.psychologytoday.com/blog/emotional-freedom/201007/the- health-benefits- tears
Accessed December 9 th , 2016

“Is Crying Healthy?” – Accessed December 9 th , 2016.
http://www.everydayhealth.com/emotional-health/is- crying-healthy.aspx Accessed December 9th ,2016.

“Cry It Out: 6 Surprising Health Benefits Of Shedding A Few Tears”– Accessed December 9 th ,2016.

http://www.medicaldaily.com/cry-it- out-6- surprising-health- benefits-shedding- few-tears-
333952 Accessed December 9 th , 2016.

“Why We Cry: The Truth About Tearing Up” – Accessed December 9 th , 2016
http://www.webmd.com/balance/features/why-we- cry-the- truth-about- tearing-up?page=4
Accessed December 9 th , 2016.

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား

မွေးကင်းစကလေးက ဘယ်ဘာသာစကားနဲ့ ငိုသလဲ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement