backup og meta

ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ

    စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ပုံမှန်စိတ်ခံစားချက်တစ်ခုပါ။ ဒါပေမယ့် တချိန်လုံးစိတ်တိုဒေါသထွက်နေမယ်၊ မချုပ်ထိန်းနိုင်လောက်အောင် ပေါက်ကွဲနေမယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေး၊ကျန်းမာရေး နဲ့ သင့်စိတ်ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

    သင့်ဒေါသကို ချွန်းအုပ်ပါ။

    လူတိုင်းစိတ်ဆိုးဒေါသထွက်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် မချုပ်ထိန်းနိုင်ဘဲ ဒေါသအရမ်းကြီးလွန်းတာဟာ သင့်အတွက်ရော၊သင့်ဘေးနားကလူတွေအတွက်ပါ မကောင်းပါဘူး။ဥပမာ သင့်အနေနဲ့ အရမ်းဒေါသကြီးမယ်၊စိတ်မထိန်းနိုင်ဘူးဆိုရင် ခိုက်ရန်ဖြစ်ပွားတာတွေ၊ကားကို မဆင်မခြင် အရမ်းမောင်းတာတွေ ဖြစ်တဲ့အခါ သင်ကိုယ်တိုင်အတွက်ရော၊တခြားလူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒေါသစိတ်ဆိုတာ လွှတ်ထုတ်ပစ်ရမယ့်အရာ မဟုတ်ပါဘူး။ ချုပ်ထိန်းရမယ့်အရာ ဖြစ်ပါတယ်။

    ဒေါသကို ထိန်းချုပ်တယ်ဆိုတာဟာ ခံစားချက်တွေအားလုံးကို ချိုးနှိမ်မြိုချထားဖို့ ဆိုလိုတာ မဟုတ်ဘဲ ဒေါသရဲ့ နောက်ကွယ်က အကြောင်းရာကို နားလည်အောင်ကြိုးစားပြီး မှန်ကန်သင့်တော်တဲ့နည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြဖို့ပဲ ဖြစ်ပါတယ်။ ဒေါသစိတ်ဟာ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ ဒေါသစိတ်ဟာ လူတွေရဲ့ (အထူးသဖြင့် အမျိုးသားတွေရဲ့) နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို များပြားလာစေပြီး အကယ်၍ ဒီရောဂါရှိပြီးသားဆိုရင်လည်း အခြေအနေကို ပိုဆိုးစေတယ်လို့ သိရပါတယ်။

    ဒေါသကြီးတာဟာ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အိပ်မပျော်တာ၊အစာမကြေတာ၊ခေါင်းကိုက်တာ အစရှိတာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

    ဘယ်လိုစိတ်ဖြေလျှော့မလဲ။

    အသက်ပြင်းပြင်းရှုတာမျိုး၊စိတ်ကြည်နူးစရာ ပုံလေးတွေကို ကြည့်တာမျိုး စတဲ့ ရိုးရှင်းတဲ့နည်းလေးတွေက သင့်ဒေါသစိတ်ကို ဖြေလျှော့ဖို့ ကူညီပေးပါလိမ့်မယ်။

    အောက်ပါရိုးရှင်းတဲ့ အချက်လေးတွေကို စမ်းကြည့်ပါ။

    • ဗိုက်ကြီးဖောင်းသွားအောင် ရင်ထဲအသည်းထဲကနေ အားရပါးရ အသက်ရှုပြီး လေကို အသွင်းအထုတ်လုပ်ပါ(ရင်ဘတ်ကို သုံးပြီး ရှုရုံနဲ့မရပါဘူး)။
    • စိတ်ကိုပြေလျော့သွားစေမယ့်၊တည်ငြိမ်သွားစေမယ့် စကား ဒါမှမဟုတ် စာလုံးလေးတွေကို ရွတ်ဆိုပါ။ မိမိ ဘာသာနဲ့ သက်ဆိုင်တဲ့ ဘုရားစာ ရွတ်ပါ။ အသက်ကိုလည်း အထက်မှာ ပြောခဲ့တဲ့အတိုင်း ပြင်းပြင်းလေး အရှူအထုတ်လုပ်ရင်း စကားလုံးကို ထပ်ခါတလဲလဲ ရေရွတ်ပါ။
    • စိတ်ကူးယဉ်ပါ။ သင်ခံစားဖူးတဲ့ စိတ်ကြည်နူးစရာ အမှတ်တရဖြစ်ရပ်တခုကို ပြန်တွေးပါ။ ဒါမှမဟုတ် စိတ်ကူးယဉ်ကြည့်ပါ။
    • မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း အပျော့စားလေးတွေကို လုပ်ကြည့်ပါ။ဥပမာ ယောဂကျင့်တာလို လေ့ကျင့်ခန်းမျိုးက သင့်ကြွက်သားတွေနဲ့ စိတ်ကိုပါ ဖြေလျှော့ပေးပါလိမ့်မယ်။

    ဒီနည်းလမ်းတွေကို နေ့စဉ်လေ့ကျင့်ပါ။ ကြာလာရင် သင့်အနေနဲ့ အကျင့်ဖြစ်ပြီး စိတ်ဆိုးဒေါသထွက်တော့မယ်ကြံတိုင်း ဒီနည်းတွေကို အလိုအလျောက် သုံးမိပြီးသား ဖြစ်သွားပါလိမ့်မယ်။

    သင့်ဒေါသရဲ့ နောက်ကွယ်က အကြောင်းရာတွေကို တူးဆွဖော်ထုတ်ပါ။

    သင့်အနေနဲ့ အခြားလူတယောက်ယောက်နဲ့ သဘောတူညီမှုရဖို့ခက်ခဲတဲ့ အချိန်တွေကို တကွေ့ကွေ့မှာ ကြုံတွေ့လာရနိုင်ပါတယ်။

    သင့်အနေနဲ့ တခြားလူတွေရဲ့ ထင်မြင်ယူဆချက်ကို နားလည်ပေးဖို့ခက်ခဲနေပြီး လက်ခံပေးဖို့ဆိုတာ ပိုလို့တောင် ခက်ခဲနေပါသလား။ တကယ်လို့ သင်ဟာ ဒေါသကြီးတတ်တဲ့ မိသားစုဝင်တွေကြားမှာ ကြီးပြင်းလာရတယ်ဆိုရင် ဒေါသကြီးတဲ့သူတွေဟာ အော်ဟစ်သောင်းကျန်းပြီး လိုချင်လောဘအများဆုံးဖြစ်တယ်ဆိုတာကို သင်မှတ်မိပါလိမ့်မယ်။ ခက်ခဲတဲ့အချိန်တွေမှာ သင်ဟာ တခုခုဆုံးရှုံးသွားမှာ ဒါမှမဟုတ် ထိခိုက်နစ်နာသွားမှာ ကို ကြောက်လန့်နေပါတယ်။ ဒါပေမယ့် ခက်တာက သင်ဟာ ဒေါသမှတပါး တခြားစိတ်ခံစားမှုတွေကို မဖော်ပြတတ်ဖူး ဖြစ်နေတာပါပဲ။ သင်ဟာ ကြံ့ခိုင်တယ်၊ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ဂုဏ်ယူတတ်ပါသလား။ ကြောက်လန့်တာ၊အပြစ်ရှိတာ ဒါမှမဟုတ် ရှက်ရွံ့တာ အစရှိတဲ့ သိမ်ငယ်စရာ စိတ်ခံစားချက်တွေဟာ သင်နဲ့ လားလားမှ မဆိုင်ဖူးလို့ လက်ခံထားပါသလား။ အမှန်က လူတိုင်းမှာ ဒီခံစားချက်တွေ ရှိကြတာချည်းပါပဲ။ သင့်မှာမှ ဒီခံစားချက်တွေ မရှိတာမဟုတ်ပါဘူး။ ဒေါသနဲ့ ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။

    ငါနဲ့မတူ ငါ့ရန်သူသင့်တွေးခေါ်ပုံ၊သင့်လုပ်ပုံကိုင်ပုံမှ အမှန်ဖြစ်ပြီး သင်နဲ့ သဘောမတူ၊အမြင်မတူတဲ့ သူတိုင်းကို စိတ်ဆိုးဒေါသထွက်နေမှာလား။ သင်ဟာ စိတ်ခံစားချက်တွေကို မချုပ်တည်းနိုင်တဲ့သူ ဒါမှမဟုတ် မာနကြီးသူဆိုရင် တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ “ဪ လူတကိုယ် အမြင်တမျိုးပါလား။ သူ့အမြင် ကိုယ့်အမြင် ရှိပါလား” လို့ ရိုးရိုးလေးမတွေးနိုင်ဘဲ ဒါဟာ သင့်ကို စိန်ခေါ်ရန်စနေတယ်၊သင့်ကို ခြေရာချင်းတိုင်းနေတယ်လို့ ယူဆပါလိမ့်မယ်။

    ဒေါသထွက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုထိန်းပါ။

    အရေးပေါ်အခြေအနေတွေမှာ ခန္ဓါကိုယ်ရဲ့ သဘာဝအလျောက် တုံ့ပြန်မှုတခု ဖြစ်တဲ့ “ထွက်ပြေးမလား၊ပြန်ချမလား”ဆိုတဲ့ အခြေအနေကို ဒေါသက မီးထိုးပေးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပေါက်ကွဲတော့မယ်လို့ ခံစားမိနေရင် ဒါဟာ သင့်ခန္ဓါကိုယ်က တုံ့ပြန်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ ဒီလို ဒေါသမထွက်ခင် ဖြစ်ပေါ်လာတတ်တဲ့ ခံစားမှု စိတ်အခြေအနေတွေကို ကြိုသိပြီး ပေါက်ကွဲမထွက်ခင် ထိန်းချုပ်နိုင်မယ်ဆိုရင် သင့်ဒေါသကို ချွန်းသတ် နိုင်မှာပဲ ဖြစ်ပါတယ်။

    ဒေါသထွက်လာတော့မယ်ဆိုရင် သင့်ခန္ဓါကိုယ်ထဲမှာ ဘယ်လိုတွေ ပြောင်းလဲဖြစ်ပေါ်နေသလဲဆိုတာကို သိအောင်လုပ်ပါ။ ဗိုက်ထဲမှာ ဗြောင်းဆန်နေသလို ခံစားရတာလား၊လက်သီးတွေဆုပ်၊အံတွေကြိတ် ဖြစ်လာသလား၊ကြွက်သားတွေ တင်းလာသလား။ သင့်မျက်နှာကြီး နီရဲလာသလား၊နေရထိုင်ရတာ အလိုမကျတွေ ဖြစ်လာသလား။ နှလုံးခုန်တာ မြန်လာသလား၊အသက်ရှုတွေ ပြင်းလာမြန်လာသလား စသဖြင့် ပေါ့။

    သင့်ကို ဒေါသထွက်စေတဲ့ သင်မကြိုက်တဲ့ အချက်တွေကို သိအောင်လုပ်ပါ။ တခြားလူတွေ လုပ်ပုံကိုင်ပုံ အသုံးမကျလို့၊အလုပ်မဟုတ်လို့၊အချိုးမပြေလို့ သင်ဒေါသထွက်ရတာလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒေါသထွက်ရခြင်းရဲ့ ရာခိုင်နှုန်းအများစုက သင့်ရဲ့အဆိုးမြင်စိတ်ကြောင့်ပဲ ဖြစ်ပါသတဲ့။ဥပမာ ကိစ္စတခုကို ဒီလိုပဲ ဖြစ်ရမယ်လို့ လှေနံဓါးထစ်မှတ်ထားပြီး အဲဒီအတိုင်း ဖြစ်မလာခဲ့ရင် သင်ဒေါသထွက်ပါပြီ။ ဒါမှမဟုတ် သင်ဟာ ကောင်းကွက်အကြီးကြီးတွေကို မမြင်ဘဲ အပြစ်အနာအဆာသေးသေးလေးတွေကို လိုက်မြင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်အနေနဲ့ ဘဝမှာ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲ၊ပြဿနာတွေဟာ ငါဘာများ မှားယွင်းနေလို့လဲဆိုပြီး မသုံးသပ်ဘဲ တခြားလူတွေကို လက်ညှိုးထိုး၊တရားခံရှာနေတတ်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

    ဘယ်လို အနေအထားမျိုးတွေမှာ သင်ဒေါသပိုထွက်တတ်သလဲဆိုတာ သုံးသပ်ပါ။

    စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သူသူကိုယ်ကိုယ် ဒေါသထွက်မှာ အမှန်ပါ။ ဒါပေမယ့် ဒီလိုဒေါသထွက်တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေမယ်ဆိုတဲ့ အချက်ကို ကောင်းကောင်း သဘောပေါက်ရင် သင့်အနေနဲ့ မလိုလားအပ်တဲ့ ဝုန်းဒိုင်းကြဲဒေါသထွက်မှုတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ သူတို့နဲ့ အပြင်ထွက်ပြီး သောက်တိုင်း ရန်ဖြစ်လေ့ရှိတဲ့ သူငယ်ချင်းတွေ ရှိပါသလား။ ဒါမှမဟုတ် ရုံးသွားရုံးပြန်ကားပိတ်တာက သင့်ကို ပေါက်ကွဲစေပါသလား။ သင့်ကို စိတ်ဆိုးဒေါသထွက်စေတတ်တဲ့ အရာတွေ၊အနေအထားတွေကို ရှောင်ရှားဖို့ နည်းလမ်းတွေကို စဉ်းစားပါ ဒါမှမဟုတ် ဒီအနေအထားတွေကို တတ်နိုင်သမျှ ဒေါသမထွက်စေဘဲ အကောင်းမြင်ပြီး တွေးပေးပါ။

    အလျင်စလို မဆုံးဖြတ်ပါနဲ့။ တခြားသူရဲ့ စကားကို သေချာနားထောင်ပါ။

    ဒေါသထွက်နေတုန်း တဒင်္ဂဆုံးဖြတ်တာတွေဟာ အမှားများတတ်တာမို့ စိတ်ကို အရင်ဆုံးလျှော့ပြီး စိတ်အေးအေးထားပါ။ တခြားသူရဲ့ ပြောစကားကို သေချာနားထောင်ပါ။ ခွန်းတုံ့မပြန်ခင် ခေါင်းအေးအေးထား စဉ်းစားပါ။ ခေါင်းထဲကို ပထမဆုံးဝင်လာတဲ့ စကားလုံးကို ထုတ်ပြောလိုက်မယ့်အစား ပြောသင့်မပြောသင့် သေချာချင့်ချိန်ပါ။

    သင့်ဒေါသရဲ့ နောက်ကွယ်မှာ ဘာရှိနေသလဲဆိုတာ ကိုယ့်ကိုယ်ကို သုံးသပ်ပါ။

    ဆိုကြပါစို့၊ သင်ကလွတ်လွတ်လပ်လပ် နေချင်တယ်၊သင့်လက်တွဲဖော်က ရင်းရင်းနှီးနှီး ဘာလျှို့ဝှက်ချက်မှ မရှိဘဲ နေချင်တယ်။ တကယ်လို့ သင့်အမူအကျင့်နဲ့ ပတ်သက်လို့ သူ့ဖက်ကစပြီး အပြစ်တင်စကားပြောလာရင် အရမ်းချုပ်ချယ်တယ်လို့ သင့်ချစ်သူကို တံဆိပ်မကပ်ပါနဲ့။ အပြစ်တင်ခံရရင် ပြန်ပက်တတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် နင်တခွန်းငါတခွန်း မတုံ့ပြန်ပါနဲ့။ အဲဒီအစား စကားထဲက စကားတွေကို ကြားအောင် နားထောင်ပါ။ သင့်ချစ်သူ တကယ်တမ်းခံစားနေရတာက ပစ်ပယ်ခံထားရတယ်၊ဂရုမစိုက်ဖူး စသဖြင့် ဖြစ်ကောင်းဖြစ်နေနိုင်လို့ပါပဲ။ စိတ်ရှည်လက်ရှည်နဲ့ စကားတွေပြော၊မေးခွန်းတွေ မေးဖို့တော့လိုပါတယ်။ ဒါပေမယ့် ဒေါသတွေ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲမထွက်ပါစေနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement