backup og meta

အားကစားယှဉ်ပြိုင်ပွဲတွေမှာ သင့်စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားကစားယှဉ်ပြိုင်ပွဲတွေမှာ သင့်စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မလဲ

    အားကစားပွဲတွေဟာ စိတ်အားတက်ကြွမှု၊ ဂုဏ်ယူဝံ့ကြွားမှု၊စိတ်လှုပ်ရှားမှု၊စိတ်ကျေနပ်မှု အစရှိတဲ့ ခံစားမှုတွေကနေ ကြောက်ရွံ့ထိတ်လန့်မှု၊ မချင့်မရဲ ဖြစ်မှု၊ စိတ်ဆိုးဒေါသထွက်မှု၊ တုန်လှုပ်မှုတို့အဖြစ် ခဏအတွင်း ပြောင်းလဲသွားနိုင်ပါတယ်(လေ့ကျင့်ရေးမှာပဲ ဖြစ်ဖြစ်၊တကယ့်ပြိုင်ပွဲကြီးတွေမှာပဲ ဖြစ်ဖြစ်ပေါ့)။

    စိတ်ခံစားမှုပုံစံလေးမျိုးရှိပါတယ်။

    ဒီပုံစံတွေဟာ အားကစားသမားတွေအနေနဲ့ အားကစားပြိုင်ပွဲတွေမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အရ တုံ့ပြန်လေ့ရှိတဲ့ သဘောသဘာဝတွေအပေါ်မူတည်ပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။ အားကစားသမားတွေဟာ ကိုယ်ပိုင်တုံ့ပြန်တဲ့ ပုံစံတွေ ရှိတတ်ကြပြီး တကယ့်အရေးရယ်အကြောင်းရယ် အခြေအနေတွေမှာဆိုရင် ဒီပုံစံအတိုင်းပဲ တသမတ်တည်း တုန့်ပြန်လေ့ရှိကြတာကြောင့် မှန်းဆရလွယ်ကူပါတယ်။

    ကြိတ်ဒေါသ

    သူတို့က ကြိတ်ပြီးဒေါသထွက်နေတတ်ကြတဲ့ အားကစားသမားအမျိုးအစားပါ။ ဒေါသတွေ၊မချင့်မရဲ အားမလိုအားမရ ဖြစ်မှုတွေဟာ ပြိုင်ပွဲတလျှောက်လုံးမှာ စုပုံပြီး တဖြည်းဖြည်းများများလာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အပေါ်ယံကြည့်လိုက်ရင် ထိန်းချုပ်နိုင်စွမ်းရှိသူတွေလို့ ထင်စရာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဒေါသတွေက

    လွယ်လွယ်နဲ့ထွက်ပေါ်လာလေ့မရှိလို့ ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်နေစိတ်ထားရှိတဲ့ အားကစားသမားတွေဟာ သူတို့အသာရနေသရွေ့၊ ကောင်းကောင်းကစားနိုင်နေသရွေ့ အိုကေပါပဲ။ သူတို့စိတ်သူတို့ ထိန်းနိုင်ပါသေးတယ်။ ဒါပေမယ့်လို့ ပွဲအဖြေက ပြောင်းနေပြီ၊သူတို့အရေးနိမ့်နေပြီ ဒါမှမဟုတ် သူကိုယ်တိုင် ဆိုးဆိုးရွားရွား အမှား တခုလုပ်လိုက်ပြီ၊ အဲလိုမျိုးအခြေအနေတွေမှာဆိုရင် သူတို့တွေ လုံးဝပေါက်ကွဲပါပြီ။ ဒီလိုပေါက်ကွဲပြီဆိုရင်လည်း ထိန်းမနိုင်သိမ်းမရပေါက်ကွဲပြီး အမှားတွေပိုများလေမို့ ပြိုင်ပွဲလည်း ရှုံးနိမ့်သွားကြတာများပါတယ်။

    ဒေါသအိုး

    ဒီကစားသမားဟာလည်း ဒေါသအင်မတန်ကြီးသူတွေ ဖြစ်ကြတဲ့အပြင် သူတို့ကတော့ ကြိတ်ပြီး ဒေါသထွက်မနေကြဘဲ ချက်ချင်းကို ဝုန်းဒိုင်းကြဲတော့တာ ဖြစ်ပါတယ်။ သူတို့အတွက် ဒေါသကို ဖွင့်ထုတ်လိုက်ရခြင်းဟာ သက်သာရာရှာနည်းတမျိုးပါ (အနည်းဆုံးတော့ သူတို့ကဒီအတိုင်းခံယူထားပါတယ်)။ စိတ်ထဲမှာ ဒေါသတွေတလိပ်လိပ် ထွက်လာတယ်။ ဖွင့်ထုတ်ပေါက်ကွဲပစ်လိုက်တယ်၊ပြီးသွားတယ်။ ဒါသူတို့ရဲ့ ဖြစ်စဉ်ပါ။ ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်ခံစားမှုအနေအထားကို မျှခြေ အနေအထားမှာ ထိန်းပေးထားတဲ့အတွက် ဒီအခြေအနေထိ အိုကေနေပါတယ်။ သူတို့ကို စိတ်အားတက်ကြွအောင်၊ပြင်းပြင်းထန်ထန် အားစိုက်ထုတ်နိုင်အောင် ကူညီတွန်းအားပေးနေသလိုဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ကို

    ပိုကောင်းစေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒေါသတွေကို လွှင့်ထုတ်ပစ်လိုက်တာဟာ ယာယီအတွက်သာ ဖြစ်တဲ့အတွက် ပွဲအခြေအနေဟာ သူတို့ဖက်မှာ မရှိတော့ရင် ဒေါသတွေတကျော့ပြန်ကာ ကြီးထွားစုပြုံလာပြီး နောက်ဆုံးမှာ သူတို့ကို ဒေါသစိတ်က ပြန်လည်ထိန်းချုပ်သွားပါတော့တယ်။ ဒီအခြေအနေရောက်ရင်တော့ သူတို့ရဲ့ စိတ်ခံစားချက်ဟာ ရန်သူအဖြစ် အသွင်ပြောင်းသွားမှာဖြစ်ပြီး ပွဲတွင်းစွမ်းဆောင်ရည်ကိုလည်း များစွာ ကျဆင်းသွားစေမှာ ဖြစ်ပါတယ်။

    ကြောင့်ကြများသူ

    ဒီအားကစားသမား အမျိုးအစားဟာလည်း စိတ်ခံစားမှု ပြင်းထန်သူတွေပါပဲ။ ဒါပေမယ့် ဟိုအပေါ်က ကိုဒေါသနှစ်ယောက်နဲ့ မတူတဲ့အချက်က “ကြောင့်ကြများသူ”တွေရဲ့ စိတ်ကို လွှမ်းမိုးနေတဲ့ အဓိက ခံစားချက်တွေဟာ စိတ်ပျက်အားငယ်မှုနဲ့ ကူတွယ်ရာမဲ့မှုတွေပဲ ဖြစ်လို့နေပါတယ်။ သူတို့တွေဟာ အတိတ်ကကြုံတွေ့ခဲ့ရတဲ့ မကောင်းတဲ့ အဖြစ်အပျက်တွေ၊အတွေးတွေထဲမှာပဲ နစ်မြုပ်နေတတ်ပြီး ကစားပွဲတွေထဲမှာလည်း သူတို့ကို ဆူပုတ်ပုတ်နဲ့ တွေ့ရလေ့ရှိပါတယ်။ သူတို့ယှဉ်ပြိုင်နေတဲ့ ကစားပွဲရဲ့ အနိမ့်အမြင့်အတိုင်း သူတို့ရဲ့ စိတ်ခံစားမှုတွေဟာ ပြောင်းလဲနေပါတယ်။ အထိအရှလည်း မခံပါဘူး။ သူတို့ကောင်းကောင်းကစားနေပြီး အနိုင်ရနေတယ်ဆိုရင် သူတို့အခြေအနေကောင်းပါတယ်၊ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ကောင်းကောင်းမကစားနိုင်ဘဲ ရှုံးနိမ့်နေပြီဆိုရင်တော့ သူတို့ဟာ အလျင်အမြန် စိတ်ဓါတ်ကျလွယ်ပြီး စွမ်းဆောင်ရည်ကိုလည်း အလွန်အမင်း ထိခိုက်သွားစေပါတယ်။

    ဒီအမျိုးအစား ကစားသမားတွေဟာ အရှုံးပေးဖို့ကိုပဲ အားသန်ပြီး ဖိအားဒဏ်တွေကို မခံနိုင်ဘဲ သူတင်ကိုယ်တင် ကစားကြပြီး ဖိအားတွေ အင်မတန်များတဲ့ အခြေအနေမျိုးတွေမှာ လွယ်လွယ်ပဲ ရှုံးနိမ့်သွားလေ့ ရှိပါတယ်။ ဒီအမျိုးအစားထဲမှာ ပါဝင်တဲ့ ကမ္ဘာ့အဆင့်ကစားသမားတယောက်မှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကြောင့်ကြများတဲ့ ကစားသမားတယောက်ဟာ မြင့်မားတဲ့ အဆင့်အတန်းကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်လို့ပါပဲ။ အတိုင်းအတာတခုထိ အောင်မြင်နေတဲ့ “ကြောင့်ကြများသူ” ကစားသမားတွေလည်း ရှိသည့်တိုင် ဟိုးထိပ်ဆုံးအဆင့်ထိ မရောက်နိုင်အောင် သူတို့ရဲ့ စိတ်ခံစားမှု အခြေအနေ၊စိတ်နေစိတ်ထားက အောက်ကိုပြန်ဆွဲချနေပါတယ်

    တည်ငြိမ်သူ

    သူကတော့ အရှားပါးဆုံး အမျိုးအစားဖြစ်ပြီး ခြိမ်းခြောက်မှုတွေ ၊ကျရှုံးမှုတွေ ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ သူတို့ဟာ ကျောက်သား နဲ့ ထုထားသလား ထင်ရလောက်အောင် အမှားအယွင်းတွေ၊စွမ်းဆောင်ရည်မကောင်းတာတွေ နဲ့ ရှုံးနိမ့်ခြင်းတွေဟာ သူတို့ကို ဂယက်မရိုက်စေပါဘူး။ ဖိအားတွေရဲ့ ဒါဏ်ကို သူတို့တွန်းလှန်နိုင်သလို အတိတ်က ရှုံးနိမ့်ခဲ့တဲ့ အရိပ်ဆိုးတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း မခံပါဘူး။ ဝမ်းသာတာ ဒါမှမဟုတ် ဝမ်းနည်းတာ ဘယ်လိုစိတ်ခံစားမှုကိုမှ သူတို့ထုတ်ပြလေ့မရှိပါဘူး။ ဒါ့အပြင် ကစားပွဲရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အနေအထားမှာတောင် သူတို့က အင်မတန်တည်ငြိမ်လှပြီး တသမတ်တည်းသော စွမ်းဆောင်ရည်ကို ပြပါတယ်။ ဒါကြောင့် သူတို့ဟာယေဘုယျအားဖြင့် ကောင်းမွန်တဲ့ အားကစားစွမ်းဆောင်ရည်ကို တောက်လျှောက်ထိန်းထားနိုင်လေ့ရှိပြီး အားကစားလောကမှာ တွေ့ရလေ့ရှိတဲ့ အနိမ့်အမြင့် အတက်အကျတွေကိုလည်း ကောင်းတဲ့ဖက်က ရှုမြင်ပြီး လက်ခံနိုင်ကြပါတယ်။

    ဘယ်အရာတွေက ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို ဖြစ်စေတာလဲ။

    အရေးကြီးပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် အားကစားပွဲတွေ ယှဉ်ပြိုင်တော့မယ့်အချိန်မှာ အားကစားသမားတွေရဲ့ ခန္ဓါကိုယ်ဟာ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ epinephrine လိုမျိုး ဟော်မုန်းတွေကို သွေးထဲစစ်ထုတ်လိုက်ပြီး စိန်ခေါ်မှုတွေနဲ့ လိုက်လျောညီထွေရှိမယ့် ဇီဝကမ္မဗေဒ ပြောင်းလဲမှုတွေကို ပြုလုပ်ပြင်ဆင်ပါတယ်။ စိတ်အာရုံနိုးကြားတက်ကြွအာရုံစိုက်စေတဲ့ အာရုံကြောအဖွဲ့အစည်းကိုလည်း နှိုးဆွပေးတဲ့အတွက် ကစားသမားတွေအနေနဲ့ ပိုပြီးနိုးကြား၊အာရုံစိုက်နိုင်၊ပိုပြီး တက်ကြွလာပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ သင့်ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံး ရန်သူလည်း ဖြစ်နိုင်ပါတယ်။ အဓိကသော့ချက်က ပြောင်းလဲမှုတွေကို သင့်တော်သလို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး သင့်စိတ်ခံစားချက်တွေကို အကောင်းဖက်တတ်နိုင်သမျှရောက်အောင် ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။

    တကယ်တော်ပြီး အောင်မြင်တဲ့ အားကစားသမားအကျော်အမော်အများစုဟာ ပြိုင်ပွဲမစခင် ခန္ဓါကိုယ်က ပြောင်းလဲပေးတဲ့ စိတ်လှုပ်ရှားမှုကိုစိတ်အားထက်သန်မှုနဲ့ပါ ပူးတွဲပြီး ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း အကောင်းဆုံးအသုံးချနိုင်ကြပါတယ်။ ဒီလိုမျိုး အကောင်းဖက်က အသုံးချနိုင်မယ်ဆိုရင် စိတ်ခံစားမှုပိုမိုကောင်းမွန်ပြီး အကောင်းမြင်စိတ်တွေလည်း ပိုများလာကာ စွမ်းဆောင်ရည်ကို ပိုတက်စေပါတယ်။ ဆန့်ကျင်ဖက်အဖြစ် တချို့အားကစားသမားတွေဟာ ခန္ဓါကိုယ်ရဲ့ ပြောင်းလဲလာတဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်တွေ ဥပမာ နှလုံးခုန်နှုန်းမြန်တာမျိုးကို စိုးရိမ်ပူပန်ခြင်း၊ကြောင့်ကြခြင်း၊သောကရောက်ခြင်း အစရှိတဲ့ အဆိုးဖက်ကို တွန်းပို့ပေးနိုင်တဲ့ ခံစားချက်တွေအဖြစ် ဘာသာပြန်လိုက်တော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကလည်း ဘယ်နည်းနဲ့မှ မကောင်းနိုင်တော့ပါဘူး။

    အရေးကြီးဆုံးမှတ်ထားရမယ့်အချက်က ခန္ဓါကိုယ်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေဟာ သင်ခံယူတဲ့အပေါ်မူတည်ပြီး အကောင်းဖက်ဦးတည်သွားနိုင်သလို အဆိုးလည်း ဖြစ်သွားနိုင်ပါတယ်။ သင့်ရဲ့ အတွေးအမြင်နဲ့ စိတ်ခံစားချက်တို့ဟာ နှစ်လမ်းသွားဖြစ်ပါတယ်။ စိတ်ခံစားမှုတွေကနေလည်း အတွေးတွေအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တာမို့ သူတို့နှစ်ဦးထဲက တခုခုကစပြီး အဆိုးဖက်ဦးတည်မယ်ဆိုရင် အဆိုးသံသရာကြီး လည်သွားနိုင်ပါတယ်။

    ယှဉ်ပြိုင်နေစဉ်ကာလမှာ သင့်စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်မလဲ။

    သင့်အနေနဲ့ အားကစားယှဉ်ပြိုင်နေစဉ်အချိန်အတွင်းမှာ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူး ဖြစ်နေမယ်ဆိုရင် အားကစားစိတ်ပညာရှင်တွေ အကြံပြုထားတဲ့ အောက်ဖော်ပြပါ အချက်လေးတွေကို စမ်းသပ်ကျင့်သုံးကြည့်ပါ။ သင့်အနေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ရုံသာမက ဒီခံစားချက်တွေကို သင့်ရဲ့ အားသာချက် အဖြစ် ဘယ်လိုပြောင်းပစ်ရမလဲဆိုတာကိုပါ သိသွားပါလိမ့်မယ်။

    (၁) မှတ်တမ်းရေးပါ။

    ပွဲပြီးပြီ ဆိုတာနဲ့ ဒီပွဲထဲမှာ သင့်ကို ဒေါသထွက်စေတဲ့ အခြေအနေတွေကို ချရေးပါ။ အတွေးတွေ၊စိတ်ခံစားမှုတွေ၊တုံ့ပြန်မှုတွေ၊သင့်ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေ၊သင့်လုပ်ဆောင်ချက်တွေအပေါ် နည်းပြရဲ့ သုံးသပ်ချက်တွေကို ချရေးရမှာပါ။ ဒီလိုချရေးခြင်းအားဖြင့် သင်ဘာတွေလုပ်ခဲ့သင့်သလဲဆိုတာကို မြင်သာစေပါလိမ့်မယ်။ဥပမာ သင်ဂိုးသွင်းခါနီးမှ တုံ့ဆိုင်းလိုက်မိတဲ့အတွက် တဖက်နောက်တန်းက ဖျက်ထုတ်လိုက်နိုင်ပြီး ဂိုးမရတော့တဲ့ အနေအထားနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင် နောက်တခါဒါမျိုးကြုံတဲ့အခါ မဆိုင်းဘဲ ကန်သွင်းလိုက်ဖို့ သတိမူရပါမယ်။ ကစားပွဲအတွင်း သင့်ရဲ့ အပြုအမူတွေနဲ့ စိတ်ခံစားချက်တွေကို ပိုမိုသတိပြုမိလာတာနဲ့အမျှ နောက်ပွဲတွေအတွက် ကြိုတင်ပြီး အစီအစဉ်ဆွဲထားနိုင်မှာပဲ ဖြစ်ပါတယ်။

    (၂) ဂါထာရွတ်ပါ။

    ဘုရားစာ ဆိုခိုင်းတာတော့ မဟုတ်ပါဘူး။ သင့်ဒေါသစိတ်ကို ထိန်းချုပ်နိုင်ဖို့ စကားလုံးတခုခုကို ရေရွတ်ခိုင်းတာ ဖြစ်ပါတယ်။ ဥပမာ ဘောလုံးသမားတွေအတွက်ဆိုရင် “ဘောလုံးနောက်ပဲလိုက်၊ဘောလုံးနောက်ပဲလိုက်” စသဖြင့် စိတ်ထဲက ရွတ်နေဖို့ ဖြစ်ပါတယ်။ သင့်ဆီက ဘောလုံးကို တဖက်အသင်းသားက လုပြီးသယ်သွားလို့ ဒေါသထွက်ပြီး လူလိုက်ချဖို့ စဉ်းစားမိရင် ခုနက ဂါထာကို ပြန်ရွတ်ပါ။ ဒါဆိုရင် ဥပဒေပ ကစားဖို့ထက် သင့်ဒေါသကို ချုပ်ထိန်းပြီး ပျက်သွားတဲ့ ဘောလုံးနောက်ပဲ လိုက်တော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဂါထာရွတ်တာကို တကယ့်ပွဲမှာသာမက လေ့ကျင့်ရေးမှာလည်း ရွတ်ပါ။ ဒါမှသာ သင်အကျင့်ပါနေမှာ ဖြစ်ပါတယ်။ လုပ်မိလိုက်တဲ့ အမှားကို စိတ်ထဲတရစ်ဝဲဝဲ ထားနေတာထက် ဒီအမှားကိုပြင်ဆင်ဖို့ အားကြိုးမာန်တက် ပြန်ကြိုးစားဖို့ကိုပဲ အာရုံစိုက်မယ်ဆိုရင် ဒေါသရဲ့ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်တဲ့အပြင် သင့်အားကစားစွမ်းဆောင်ရည်လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

    (၃) မိမိကိုယ်ကို စိတ်ဓါတ်မြှင့်တင်ပါ။

    ဒေါသစိတ်တွေ၊အမှားတွေ နည်းနိုင်သမျှနည်းဖို့အတွက် မိမိကိုယ်ကို စိတ်ဓါတ်မြှင့်တင်ပါ။ ဥပမာ “ငါဟာ ပါးနပ်တဲ့၊တော်တဲ့ အားကစားသမား တယောက်ဖြစ်တယ်” “ငါဟာ အားကစားစိတ်ဓါတ်အပြည့်ရှိတယ်” “ငါဟာ တည်ငြိမ်ရင့်ကျက်ပြီးကျွမ်းကျင်တဲ့ အားကစားသမား တယောက်ဖြစ်တယ်” ဒါမှမဟုတ် “ပြီးတာတွေ ပြီးစေတော့။ နောက်ပွဲကို အာရုံစိုက်မယ်” စသဖြင့် ဖြစ်ပါတယ်။

    (၄) သရုပ်ဖော်ပါ။

    လေ့ကျင့်ရေးမှာ ဒါမှမဟုတ် အိမ်မှာ အသင်းဖော်၊နည်းပြ ဒါမှမဟုတ် မိဘတယောက်ယောက်ရဲ့ အကူအညီယူပြီး ကစားပွဲမှာ ကိုယ့်စိတ်ကို လာဆွတဲ့ အပြုအမူမျိုးနဲ့ တွေ့ရပြီဆိုရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ သရုပ်ဆောင်ကြည့်နိုင်ပါတယ်။ ကြားရတာ နည်းနည်း ကြောင်တောင်တောင် ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ဒါဟာ တကယ့်ကစားပွဲမှာ ဒေါသကို ထိန်းချုပ်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ဖို့အတွက် အမှန်အကျိုးရှိတဲ့ နည်းလမ်းတခုဖြစ်တယ်လို့ လေ့လာသုတေသန ပြုချက်တွေအရ သိရပါတယ်။

    (၅) စိတ်ကူးပုံဖော်ကြည့်ပါ။

    ကစားပွဲအတွင်းမှာ သင့်ကိုဒေါသထွက်စေမယ့် အခြေအနေတွေကို မြင်ယောင်ကြည့်ပါ။ ပြီးရင် သင့်အနေနဲ့ ဒီအခြေအနေတွေကို အောင်မြင်စွာ ကိုင်တွယ်လိုက်နိုင်တာကိုလည်း မြင်ယောင်ကြည့်ပါ။ သင်ဟာ အေးချမ်းတည်ငြိမ်စွာနဲ့ ဒီကိစ္စကို ထိန်းချုပ်လိုက်နိုင်တယ် စသဖြင့်ပေါ့။ ပွဲမကစားခင်မှာ ဒါမျိုးမြင်ယောင်ကြည့်တာမျိုးဟာ သင့်စိတ်အနေအထားကို အကောင်းဆုံးပုံစံမှာ ရှိနေစေပါတယ်။

    (၆) အသက်ပြင်းပြင်းရှူပါ။

    သင် ဒေါသထွက်စပြုလာပြီဆိုတာနဲ့ သုံးကြိမ်လောက်အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ကြည့်ပါ။ ဒါဟာ သင့်ကို အနည်းငယ်တည်ငြိမ်သွားစေမှာ ဖြစ်ပါတယ်။ ပိုပြီး အကျိုးရှိစေဖို့အတွက် အခုအသက်ရှူတဲ့ နည်းစနစ်ကို အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုကြည့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement