backup og meta

အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် (၁၀)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် (၁၀)ခု

    ချစ်တတ်ဖို့လည်းလိုအပ်သလို၊ အချစ်ခံရဖို့ဟာလည်း လူသားတစ်ယောက်အတွက် အရေးကြီးတဲ့ ကဏ္ဍ တစ်ခုပါ။ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နဲ့မှမဟုတ်ပါဘူး၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့လည်း ချစ်ခင်မှုတစ်ခု တည်ဆောက်နိုင်ပါတယ်။ လူအချင်းချင်းပတ်သက်ဆက်နွယ်ခြင်း၊ တန်ဖိုးထား လေးစားခြင်းနဲ့ ချစ်ခြင်းတွေဟာ စိတ်ဖိစီးမှုကို အတော်အတန် လျှော့ကျနိုင်ပါတယ်။ အချစ်နဲ့ ကျန်းမာခြင်းဟာ ဆက်စပ်ပတ်သက်လျက်ရှိပါတယ်။ အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် တွေကို ပြောပြပေးမှာမို့ အချစ်က ဘယ်လိုပုံစံမျိုးတွေ အကျိုးသက်ရောက်နိုင်သလဲ ကြည့်ကြည့်ရအောင်နော်။

    အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ်

    အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် တွေကတော့

    (၁)     ဆေးရုံဆေးခန်းသွားရတဲ့ အရေအတွက်နည်းပါးလာနိုင်ပါတယ်။

    ကျန်းမာခြင်းနဲ့ အိမ်ထောင်ပြုခြင်း အပေါ် လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ လေ့လာချက်အရ အိမ်ထောင်ရှိသူတွေဟာ ဆေးရုံဆေးခန်း လာပြတာမျိုးသိပ်မရှိကြပါဘူး။ ဆေးရုံတက်ရတာမျိုးရှိခဲ့ရင်တောင် ဆေးရုံတက်ရက်နည်းပါးကြပါတယ်။ ဘာလို့ လဲဆိုရင်တော့ Relationship တစ်ခုရှိတဲ့အခါမှာ သင်ဟာကိုယ့်ကိုကို ပိုဂရုစိုက်လာမှာပါ။ ဥပမာအားဖြင့် မိမိရဲ့ အိမ်ထောင်ဖက်ကြောင့် မိမိဟာ ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးကို ပိုလုပ်လာနိုင်ပါတယ်။ အလားတူပဲ သူငယ်ချင်းကောင်းတစ်ယောက်ကြောင့် သင်ဟာကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ ပိုစား လာနိုင်ပါသေးတယ်။ ဒီလိုကောင်းမွန်တဲ့ အလေ့အထတွေဟာ ကျန်းမာရေးကောင်းခြင်းကို ဦးတည်သွားမှာပါ။

    (၂)      စိတ်အားငယ်ခြင်းကင်းဝေးကာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်လာနိုင်ပါတယ်။

    အိမ်ထောင်ရှိသူ အမျိုးသမီး၊ အမျိုးသားတွေဟာ Depression စိတ်ကျခြင်းကို သိပ်မခံစားရတတ်ကြပါဘူး။ Depression ဟာ အထီးကျန်နေသူတွေမှာ ပိုအဖြစ်များပါတယ်။ အလားတူပဲ အရက်သေစာသောက်စားခြင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းတွေကိုလည်း အထီးကျန်သူတွေဟာ ပိုမိုပြုလုပ်တတ်ကြပါတယ်။

    (၃)     သွေးပေါင်ချိန်ထိန်းညှိပေးတယ်။

    ပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးတစ်ခုဟာ သင့်သွေးပေါင်အတွက် အလွန်ကောင်းပါတယ်။ အိမ်ထောင်ရေးသာယာမှုရဲ့ နောက်ကွယ်မှာ သွေးပေါင်ချိန်တက်တာမျိုး၊ ကျတာမျိုး မဖြစ်ပေါ်စေဘဲ ပုံမှန်အနေအထားအတိုင်း ရှိနေပါတယ်။ သွေးတိုးရောဂါဖြစ်ပွားမှု၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်းဟာ အချစ်ကြောင့် အလိုလိုကျဆင်းပြီးသား ဖြစ်သွားမှာပါ။

    (၄)     စိုးရိမ်ကြောင့်ကြမှု နည်းပါးလာမှာပါ။

    ချစ်ခင်မှုတွေနဲ့ ပြည့်နှက်နေပြီး တည်မြဲနေတဲ့ Relatisnship တွေမှာ စိုးရိမ်ကြောင့်ကြပူပန်မှုတွေ သိပ်မရှိတတ်ကြပါဘူး။ စုံတွဲတွေရဲ့သက်တမ်းဟာ ပိုမိုရှည်ကြာလေလေ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ လျော့နည်းလေလေပါ။

    (၅)     နာကျင်မှုကို သဘာဝအလျောက်လျော့ချပြီးသားဖြစ်မယ်။

    အရွယ်ရောက်ပြီးသူ (၁၂၇၀၀၀) ကို ပြုလုပ် ခဲ့တဲ့ သုတေသနတွေအရ အိမ်ထောင်ရှိသူတွေဟာ ခေါင်းကိုက်ခြင်းနဲ့ ခါးနာခြင်းကို ခံစားရတာ သိပ်မရှိကြပါဘူးတဲ့။ သုတေသနပြုလုပ်သူတွေဟာ အိမ်ထောင်သည် အမျိုးသမီး (၁၆)ယောက်ကို ဖိတ်ခေါ်ပြီး အီလက်ထရစ်လျှပ်စီးကြောင်းကို သုံးပြီး ဦးနှောက်အခြေအနေကို လေ့လာခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ၄င်းတို့အမျိုးသားတွေရဲ့ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ စိတ်ဖိစီးမှုနဲ နာကျင်မှုကို ဦးနှောက်ကနေ အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ အောင်မြင်သာယာတဲ့ အိမ်ထောင်ရေးတွေရဲ့ နောက်ကွယ်က အကျိုးရလဒ်တွေပါ။

    (၆)     စိတ်ဖိစီးမှုကို ထိန်းချုပ်လာနိုင်မယ်။

    လူတွေဟာ စိတ်ဖိစီးမှုကို တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့နိုင်ကြပါတယ်။ တကယ်လို့ စိတ်ဖိစီးမှုတစ်ခုနဲ့ ရင်ဆိုင်ရပြီဆိုရင် သင့်ကို ချစ်ခင်အားပေးမယ့် တစ်စုံတစ်ယောက်ရှိနေရုံနဲ့ သင်ဟာ စိတ်ဖိစီးမှုဒဏ်ကို ကောင်းကောင်းကြီးကျော်လွှားနိုင်မှာပါ။ ဥပမာ သင်အလုပ် ပြုတ်သွားပြီဆိုပါတော့ စိတ်ဓာတ်ရေးရာအရရော၊ စီးပွားရေးငွေကြေး အခက်အခဲအရရော သင့်အနောက်မှာ ထောက်ပံ့ပေးနေမယ့် ပါတနာတစ်ယောက်ရှိနေရင် သင့်အတွက် အရမ်းအဆင်ပြေပါတယ်။

    (၇)     ရောဂါသိပ်မဖြစ်တော့ဘူး ။  

    စိတ်ဖိစီးမှုတွေ၊ စိတ်ကျခြင်းတွေကို လျှော့ချပေးသလို သာယာလှပတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကို ပိုင်ဆိုင်ထားခြင်းဟာ ကိုယ်ခံအားစနစ်ကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ စိတ်ချမ်းမြေ့ပြီး အချစ်ခံနေရသူ လူတစ်ယောက်ဟာ အအေးမိခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခြင်းတွေ အတတ်နိုင်ဆုံးလျော့နည်းနေမှာပါ။ ဘာလို့လဲဆိုတော့ စွမ်းရည်မြင့်တက်နေတဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်ထားလို့ပါ။

    (၈)     အနာကျက်မြန်ပါတယ်။

    သာယာတဲ့ Relationship ကို ပိုင်ဆိုင်ထားသူတွေဟာ အနာကျက်မြန်ကြ ပါတယ်။ ဂျပန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်က သုတေသနတစ်ခုမှာ သာယာပျော်ရွှင်နေတဲ့ အိမ်ထောင်သည်တွေနဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေရှိတဲ့ အိမ်ထောင်သည်ဆိုပြီး အုပ်စုနှစ်ခုကို စမ်းသပ်ခဲ့ကြပါတယ်။ နှစ်ခုလုံးကို မီးလောင်ဒဏ်ရာ အရေကြည်ဖုအနာတွေရစေပြီး အနာကျက်တာကို စောင့်ကြည့်ခဲ့ကြပါတယ်။ အိမ်ထောင် ရေးသာယာသူတွေဟာ အနာကျက်နှုန်း (၂)ဆနီးပါးမြန်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

    (၉)     အချစ်က အသက်ရှည်စေတယ်။  

    အိမ်ထောင်သည်တွေဟာ အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ရင်း၊ ကလေးတွေကို ထိန်းကျောင်းကြရင်း၊ ငွေအတူတကွရှာဖွေစုဆောင်းကြရင်းနဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်း နေကြပါတယ်။ အိမ်ထောင်ပြုခြင်းဟာ အထီးကျန်ခြင်းကို တားဆီးပေးပါတယ်။ တစ်ဦးတစ်ယောက်တည်း နေထိုင်ခြင်းဟာ သေနှုန်းကိုမြင့်တက်စေပါတယ်။ အိမ်ထောင်သည် အမျိုးသမီးအမျိုးသားတွေဟာ အချစ်ကြောင့် ပိုမိုအသက်ရှည်ကြပါတယ်။

    (၁၀)   ပျော်ရွှင်သာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။  

    ဒါကတော့ ရှင်းပါတယ်။ အချစ်ရဲ့အကြီးမားဆုံးသော အကျိုးသက်ရောက်မှုဟာ ပျော်ရွှင်ခြင်းပါ။ လူသားတွေ ပျော်ရွှင်ရခြင်းဟာ ငွေကြေးဥစ္စာတွေ၊ အောင်မြင်မှုတွေ ထက်စာရင် အချစ်ခံရခြင်းကြောင့် ပျော်ရွှင်ရတာပိုများပါတယ်။

    ဒီတော့ လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့မကင်းကြပါဘူး။ “Without Love, without life” ပါ။ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သမီးရည်းစားအချစ်တစ်ခုတည်းပါတာမဟုတ်ပါဘူး။ အပေါင်းအသင်း၊ မိတ်ဆွေ၊ မိသားစုဝင် တွေကို ချစ်ခင်ခြင်းဟာလည်း အချစ်ပါပဲ။ ဒါကြောင့် မိမိအတွက် တန်ဖိုးရှိသူတွေကို မိမိကလည်း ချစ်ပေးနိုင်သလို သူတို့ရဲ့ အချစ်တွေကိုလည်း ပြန်လည်ခံယူရင်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်လိုက်ကြရအောင်နော်

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement