backup og meta

စိတ်ကူးယဉ်တာဟာ ဖန်တီးနိုင်စွမ်းအားကောင်းတာရဲ့ လက္ခဏာတခု


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကူးယဉ်တာဟာ ဖန်တီးနိုင်စွမ်းအားကောင်းတာရဲ့ လက္ခဏာတခု

    စိတ်ကူးယဉ်တာတွေဟာ ကျွန်တော်တို့ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်းနဲ့ လျော့နည်းလို့ လာပါတယ်။ စိတ်ကူးယဉ်တဲ့ အရာတွေကို တကယ်လိုက်လုပ်ဖို့ အချိန်ရှားပါးလေ စိတ်ကူးယဉ်တာ နည်းလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်တတ်ခြင်းဟာ သင့်ကို ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းစတဲ့ စွမ်းရည်တွေ တိုးတက်လာစေတယ်လို့ နောက်ပိုင်း လေ့လာစမ်းစစ်ချက်တွေအရ သိရပါတယ်။

    •တချို့အခြေအနေတွေမှာတော့ စိတ်ကူးယဉ်တာဟာ အကျိုးမရှိတဲ့အပြင် အန္တရာယ်တောင် ရှိနိုင်ပါသေးတယ်။ဥပမာ လွယ်လွယ်ပြရရင် ကျောင်းသားတွေ အရေးကြီးလက်ချာချိန်မှာ စိတ်ကူးယဉ်နေတာမျိုးပေါ့။ ဖန်တီးနိုင်စွမ်း ကောင်းမကောင်းတော့ မသိဖူး၊စာမေးပွဲ ကျဖို့တော့ များနေပါပြီ။ လုပ်ငန်းခွင်မှာ စိတ်ကူးယဉ်ရင်တော့ စာမေးပွဲ ကျတာထက်ဆိုးသွားပါလိမ့်မယ်။ အသက်အန္တရာယ်တွေပါ တသီတတန်းကြီးရှိလာမှာပါ။ လေယာဉ်တွေပျံသန်းတာကို ထိန်းချုပ်တဲ့ အလုပ်မျိုး၊ဆရာဝန်တွေ ခွဲစိတ်တဲ့ အလုပ်မျိုးတွေမှာ အာရုံစူးစိုက်မှုက တစ်ရာ ရာခိုင်နှုန်း အရေးကြီးလှပါတယ်။

    •အရှေ့မှာ ပြောခဲ့သလိုပဲ စိတ်ကူးယဉ်ခြင်းဟာ လူတွေကို ပြဿနာတွေ ဖြေရှင်းနိုင်အောင် နဲ့ ပိုမိုအောင်မြင်အောင် ကူညီပေးနိုင်တယ်လို့ လတ်တလော သုတေသနပြုလေ့လာချက်တွေအရ သိရပါတယ်။ စိတ်ကူးယဉ်တာဟာ ကျွန်တော်တို့ ညဘက် အိပ်မက် မက်သလိုပါပဲ။ ညဖက်မက်တဲ့ အိပ်မက်တွေကို လက်တွေ့ဖြစ်အောင်လုပ်ဖို့ မလွယ်ပေမယ့် နေ့ဖက်စိတ်ကူးယဉ်တာကိုတော့ တကယ်ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပါတယ်။ ဖန်တီးမှုအားကောင်းဖို့လိုတဲ့ အလုပ်တွေဖြစ်တဲ့ သီချင်းရေးဆရာ၊ဒါရိုက်တာဒါမှမဟုတ် စာရေးဆရာတွေဟာ သူတို့ရဲ့ ဖန်တီးမှုအသစ်တွေကို စိတ်ကူးယဉ်တာကနေ အစပြု ဖော်ထုတ်လေ့ရှိကြပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေ အသစ်အဆန်းတွေ ဖန်တီးတီထွင်ဖို့လည်း စိတ်ကူးယဉ်တာကပဲ အစပျိုးခဲ့ကြလေ့ ရှိပါတယ်။ လူတယောက် ဖန်တီးနိုင်စွမ်း မြင့်မားလာလေလေ သူတို့ရဲ့ ဦးနှောက်မှာရှိတဲ့ default – mode network လို့ခေါ်တဲ့ လမ်းကြောင်းတွေ ပိုလို့ အလုပ်လုပ်လေပါပဲ။ ဖန်တီးနိုင်စွမ်း မြင့်မားသူတွေဟာ အလုပ်လုပ်နေချိန် ဒါမှမဟုတ် တခုခုကို အာရုံစိုက်နေချိန်မှာ သူတို့ရဲ့ စိတ်ကူးဉာဏ်တွေကို အစွမ်းကုန် ကွန့်မြူးနေလေ့ရှိတယ်လို့ စိတ်ပညာရှင်အများအပြားက ယုံကြည်ထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ စိတ်ကူးဉာဏ်ကွန့်မြူးတာ၊စိတ်ကူးယဉ်တာနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ၊သုတေသနတွေကို အများအပြား ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုတွေကနေ လူတွေဟာ သူတို့လုပ်လက်စ အလုပ်တာဝန်တခုကနေ မသိလိုက်မသိဖာသာ ဆိုသလို အာရုံလွင့်ပြီး စိတ်ကူးယဉ်တာ ဒါမှမဟုတ် စိတ်ကူးဉာဏ် ကွန့်မြူးတာတွေကို အမှတ်မထင် ပြုလုပ်လေ့ ရှိကြတာပါလို့ ကောက်ချက်ဆွဲနိုင်ခဲ့ပါတယ်။

    •စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စွမ်းမြင့်မားတာဟာ အတွေးအကြံသစ်တွေ၊စွမ်းအင်သစ်တွေ နဲ့ အဖြေသစ်တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် တွန်းအားတခုပဲ ဖြစ်ပါတယ်။ စိတ်ကူးယဉ်တာဟာ သင့်ရဲ့ စိတ်ထဲမှာ တီထွင်ဖန်တီးမှုတွေကို အစမ်းဖန်တီးနေတာ ဖြစ်ပြီး ဒီစိတ်ကူးတွေကို သင့်ဘဝအတွက် ဒါမှမဟုတ် သင့်လုပ်ငန်းအတွက် ဘယ်လို ကောင်းမွန်တိုးတက်အောင် ထည့်သွင်းမလဲဆိုတာကို လေ့လာစူးစမ်းဖန်တီးရမှာ ဖြစ်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးမှုအားကောင်းတဲ့ သူတွေနဲ့ သာမန်လူတွေ အကြားမှာ ဘယ်အရာက ကွာဟချက် ကြီးမားစေတာလဲ။၁၉၆၀ ပြည့်နှစ်မှာ Barron လို့ခေါ်တဲ့ စိတ်ပညာရှင်နဲ့ သုတေသန ပညာရှင်က ဒီအကြောင်းကို လေ့လာဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ အဲ့ဒီခေတ်အခါတုန်းက ကျော်ကြားလူသိအများဆုံး အတွေးအခေါ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်မှုတွေ အမြောက်အများ ပြုလုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က “ဉာဏ်ကြီးရှင်” တွေကို ဘယ်လိုအရာမျိုးက ဖန်တီးပေးလဲဆိုတာ သိဖို့ပါ။ ဘယ်လို နယ်ပယ်မျိုးမှာပဲ ဖြစ်ဖြစ် ဖန်တီးနိုင်စွမ်း အားကောင်းမြင့်မားတယ်ဆိုတဲ့ သူတွေဟာ ယေဘုယျအားဖြင့် တူညီတဲ့ အချက်တချက်ရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါကဘာလဲဆိုရင် သူတို့ရဲ့ အတွင်းစိတ်ကို လုံးဝလွှတ်ထုတ်နိုင်စွမ်းရှိတာပါ။ ဘာကိုပြောချင်တာလဲ ဆိုတော့ သူတို့ဟာ ရှုပ်ထွေးမှု၊မရေရာမှုတွေကို သဘောကျပြီး စူးစမ်းချင်တယ်၊ ဗရုတ်သုတ်ခ ကစဉ့်ကလျားအခြေအနေတွေကို သူမတူအောင် လက်ခံနိုင်စွမ်းရှိပြီး ဒီလို အခြေအနေတွေကနေ မှန်ကန်ကောင်းမွန်တဲ့ အရာတွေကို ဆွဲထုတ်နိုင်စွမ်းရှိတယ်၊အစီအစဉ်တကျ နေသားတကျဖြစ်အောင် ပြန်လုပ်နိုင်စွမ်းရှိတယ်၊ တခြားအရာ/လူပုဂ္ဂိုလ်တို့အပေါ် မှီခိုလိုစိတ်လုံးဝ မရှိဖူး၊ဖောက်ထွက်တွေးတော လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ပြီးတော့ စွန့်စားရဲတယ်၊မှားမှာကို မကြောက်ဖူးစတဲ့ စိတ်စွမ်းရည်တွေ ရှိနေကြတယ်လို့ ပြောချင်တာပါ။

    •ဖန်တီးနိုင်စွမ်းဟာ အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ မျက်မှောက်ကာလမှာ စိတ်ပညာရှင်တွေ လက်ခံထားကြပါတယ်။ဦးနှောက်ရဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင်လည်း ဖန်တီးနိုင်စွမ်းဆိုတဲ့ ကိစ္စကြီးကို စဉ်းစားရတာဟာ သပွတ်အူလိုပဲ ရှုပ်ထွေးလှပါတယ်။cerebrum system နဲ့ ဆက်စပ်နေတဲ့ ဖောက်ထွက်တွေးနိုင်စွမ်းနဲ့ အသစ်အဆန်းတွေကို ဖန်တီးနိုင်စွမ်းတို့ဟာ စာနာတတ်တဲ့စိတ်၊မိမိကိုယ်ကို နားလည်သဘောပေါက်နိုင်စွမ်းနဲ့ အရှိကို အရှိအတိုင်း မြင်နိုင်စွမ်းတွေရှိလာဖို့အတွက် အခြေခံကျတဲ့ အချက်တွေလို့ ဆိုပါတယ်။

    latent inhibition လို့ခေါ်တဲ့ တွေ့နေမြင်နေကျ အရာတွေ၊လှုံ့ဆော်မှုတွေကို တုန့်ပြန်နိုင်စွမ်း နောက်ကျတာနဲ့ intellectual cognitive လို့ခေါ်တဲ့ အတွေ့အကြုံကရလာတဲ့ သိမှုစိတ်တို့ဟာ တခုနဲ့တခု မဆိုင်ပါဖူး။ မတူညီတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။latent inhibition နည်းတဲ့သူတွေဟာ သူတို့ရဲ့ တဒင်္ဂအတွင်း သိမြင်နိုင်စွမ်း၊သဘောပေါက်နိုင်စွမ်းကို ပိုပြီး ယုံကြည်မှုရှိပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ သူတို့ရဲ့ တဒင်္ဂအတွင်း သိမြင်နိုင်စွမ်း၊သဘောပေါက်နိုင်စွမ်းက ပိုပြီးတိကျမှန်ကန်လို့ ဖြစ်ပါတယ်။

    မှတ်ဉာဏ်စွမ်းအားမြင့်မားလာဖို့ ဒါမှမဟုတ် စိတ်ကူးစိတ်သန်းကောင်းမွန်ဖို့ နှစ်ခုလုံးကို ကျွန်တော်တို့ ကြိုးစားပြီး မြှင့်တင်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီနှစ်ခုလုံးဟာ အင်မတန်မှ တန်ဖိုးရှိပြီး အသုံးဝင်တဲ့ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာဆီကို ဦးတည်နေလို့ပဲ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement