backup og meta

ကျားဟော်မုန်းက သင့်ကို ဘာတွေပေးစွမ်းနိုင်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျားဟော်မုန်းက သင့်ကို ဘာတွေပေးစွမ်းနိုင်သလဲ

    “testosterone (ကျားဟော်မုန်း)” ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ သင့်ခေါင်းထဲအရင်ဆုံးရောက်လာတာက “ယောက်ျားပီသမှု” ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မကြာသေးမီက ဘွန်း တက္ကသိုလ် ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက် အသစ်တခုအရ အများက နားလည်မှုလွဲနေကြတဲ့ ဒီဟော်မုန်းဟာ လူကြားထဲ အဆင်ပြေပြေ ပြုမူနေထိုင်မှု နဲ့ ရိုးရိုးသားသား ပြောဆိုဆက်ဆံမှုတို့ကို ပိုတိုးလာစေတယ်၊အားပေးတယ်လို့ ဆိုပါတယ်။

    ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့ လူ ၄၆ ယောက်ကို testosterone ဂျဲလ်ပေးပြီး တခြား ၄၅ယောက်ကို ဘာအာနိသင်မှ မရှိတဲ့ဆေးကို ပေးပါတယ်။ နောက်တစ်ရက်မှာ သူတို့ ၉၁ ယောက်လုံးကို တစ်ယောက်ချင်းစီ အန်စာတုံး လှိမ့်ခိုင်းပြီး ကျတဲ့အပွင့်ကို ပြန်ပြောခိုင်းပါတယ်။ ကျတဲ့အပွင့်ပေါ်မူတည်ပြီး ပိုက်ဆံရမှာ ဖြစ်ကာ အပွင့်ကြီးလေ ပိုက်ဆံများများရလေ ဖြစ်ပါမယ်။ ဒီလိုနဲ့ ပါဝင်သူတွေကို သူတို့ကျတဲ့ အန်စာအပွင့်အလိုက် ပိုက်ဆံပေးပြီးတဲ့နောက်မှာ တွေ့ရှိရတာက testosterone ဂျဲလ်သုံးစွဲရတဲ့ အမျိုးသားတွေကို ကိုယ်ကျတဲ့အပွင့်ကို ပိုပြီး မှန်မှန်ကန်ကန် ပြောတယ်ဆိုတာပါပဲ။

    ဒါဟာ ဘာကြောင့်လဲ။ testosterone ပမာဏများပြားခြင်းဟာ သင့်ရဲ့ သိက္ခာနဲ့မာနကို မြင့်မားစေပြီး ကိုယ့်ပုံရိပ်ကို ပိုမိုထိန်းသိမ်းစေပါတယ်။ ဒီတော့ ပိုက်ဆံလေး မဖြစ်စလောက်နဲ့ သူတို့ မစွန့်စားချင်ကြပါဘူး။ သိက္ခာအကျမခံပါဘူး။ ဒါပေမယ့် testosterone ဟာ သင့်ကို ရိုးသားစေတာထက် ပိုတဲ့ အကျိုးသက်ရောက်မှုတွေကို ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ ဟော်မုန်းက သင့်လုပ်ပုံကိုင်ပုံတွေကို သက်ရောက်မှုရှိစေရုံသာမက သင့်လုပ်ပုံကိုင်ပုံတွေကလည်း ဟော်မုန်းပမာဏကို တဖန်ပြန်ပြီး သက်ရောက်လွှမ်းမိုးမှုရှိစေတယ်လို့ ဆိုပါတယ်။

    testosterone က သင့်ကို ကူညီပေးနိုင်တဲ့ အံ့ဩဖွယ် အချက်ခြောက်ချက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    ၁။ ပျိုတိုင်းကြိုက်မယ်။

    ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သတိပြုမှုကို ခံရဖို့ အပြိုင်အဆိုင်ကြိုးစားတဲ့ အမျိုးသားအုပ်စုနှစ်စုကို Wayne တက္ကသိုလ်က သုတေသနပညာရှင်တွေက နှိုင်းယှဉ်လေ့လာပါတယ်။ ဒီလိုလေ့လာတဲ့အခါ testosterone ပမာဏနည်းပါးတဲ့ အမျိုးသားတွေဟာ နည်းနည်းလေးတောင် အခွင့်အရေးမရကြပေမယ့် ဟော်မုန်းပမာဏများတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုပိုပြီး ယုံကြည်မှုရှိပြီး အမျိုးသမီးနဲ့စကားလက်ဆုံကျနိုင်သလို ပိုပြီးတော့လည်း အိုကေမှာ စိုပြေတာကို တွေ့ရှိခဲ့ရပါတယ်။

    ၂။ အချိန်မတန်မီ အသက်ဆုံးပါးရခြင်းကလည်း ကာကွယ်ပေးတယ်။

    testosterone ဟော်မုန်းက သင့်အတွက်ဘာတွေ လုပ်ပေးနိုင်သလဲ။ သေမင်းနဲ့ စောစောစီးစီး မတွေ့ရအောင် ကူညီပေးပါတယ်။ testosterone ဟော်မုန်းဓာတ်နည်းပါးခြင်းဟာ ဆီးချိုအမျိုးအစား ၂ ဒါမှမဟုတ် အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါတင်သာမကသေးပါဘူး၊ လေ့လာချက်တွေအရ testosterone ပမာဏနည်းပါးသူတွေဟာ နှလုံးရောဂါ ခံစားရနိုင်ချေ အရမ်းများတယ်လို့ ဆိုပါတယ်။

    ၃။ အမျိုးသမီးတွေအတွက်လည်း အကျိုးရှိတယ်။

    Testosterone ဟာ အမျိုးသမီးတွေအတွက်လည်း (အရမ်းကို) အကျိုးရှိစေပါသေးတယ်။ မီချီဂန်တက္ကသိုလ်က ၂၀၀၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနပြုလေ့လာချက်အရ Testosterone ပမာဏများတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိကြတယ်လို့ ဆိုပါတယ်။ ဒီဟော်မုန်းပမာဏမြင့်မားတဲ့ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေဟာ သက်သောင့်သက်သာရှိပြီး အေးအေးချမ်းချမ်းနဲ့စိတ်လက်ဖြေလျှော့မှု ရှိလှတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ သူတို့ဟာ လိင်ဆက်ဆံတဲ့ အကြိမ်ရေ ပိုများပြီး ကျေနပ်မှုလည်း ပိုရကြတယ်လို့ ကနဦးလေ့လာချက်တွေအရ သိထားပြီးသား ဖြစ်ပါတယ်။

    ၄။ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ လိုက်လျောညီထွေ ရှိမယ်။

    သင့်ခန္ဓာကိုယ်ရဲ့ Testosterone ပမာဏဟာ ရာသီစက်ဝန်းနဲ့ ညှိနှိုင်းထားသလို ဟန်ချက်ညီတယ်ဆိုတာ သင်သိပါသလား။ ဟော်မုန်းများနဲ့ အပြုအမူများဆိုင်ရာ ဂျာနယ်ရဲ့ ဖော်ပြချက်အရ Testosterone ပမာဏဟာ ၂၈ရက်တစ်ခါ အများဆုံးပမာဏကို ရောက်ရှိတယ်လို့ ဆိုပြီး အပတ်ကုန်ရက်တွေမှာလည်း ပမာဏ မြင့်မားတယ်လို့ ဆိုပါတယ်(အမျိုးသားတွေဟာ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပိုပြီး လိင်မှုကိစ္စကို ဆောင်ရွက်ကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်)။ ဒါ့အပြင် အဖော်အသစ် ဒါမှမဟုတ် အဖော်တွေ အများကြီးနဲ့ ချစ်တင်းနှောခြင်းဟာ သင့်ရဲ့ Testosterone ပမာဏကို ဒုံးပျံလိုပဲ မြင့်တက်သွားစေနိုင်ပါတယ်။

    ၅။ အကောင်းမြင်သမား ဖြစ်စေတယ်။

    “လိင်ပိုင်းဆိုင်ရာ အပြုအမူများ” ဆိုတဲ့ လေ့လာချက်စာတမ်းအရ အပြာကားတွေကြိုက်နှစ်သက်တဲ့ ကိုကိုတွေအနေနဲ့ ဒီကားတွေကို ကြည့်ရှုအပြီး တစ်နာရီကနေ တစ်နာရီခွဲအတွင်းမှာ testosterone ပမာဏဟာ ပုံမှန်ထက် ၃၅ရာခိုင်နှုန်းလောက်ပိုတက်နေတယ်လို့ သိရပါတယ်။ ဒီကားတွေကို သူတို့တကယ်ကြိုက်တယ်ဆိုတာကတော့ ပြောနေဖို့တောင် မလိုပါဖူး။ ဒီလို ရမ္မ္မက်နှိုးဆွတဲ့ ရုပ်ရှင်တွေကို ကြည့်ပြီးတဲ့အခါ သူတို့ဟာ အားအင်ပြည့်ဝလန်းဆန်းနေပြီး အရာရာကို အကောင်းမြင်နေတတ်တယ်လို့ ပြောကြပါတယ်။

    ၆။ ငွေကုန်ကြေးကျတော့ များစေတယ်။

    testosterone ဟော်မုန်းပမာဏနဲ့ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းတွေမှာ စွန့်စားချင်စိတ် အနည်းအများ ဘယ်လိုဆက်စပ်လဲဆိုတာ သိနိုင်ဖို့ အမျိုးသား ၉၈ ယောက်ကို ကွန်ပြူတာအသုံးပြု စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ရလဒ်ကတော့ testosterone ပမာဏများတဲ့ အမျိုးသားတွေဟာ ငွေများများ ပိုပြီးရင်းနှီးမြှုပ်နှံလိုကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဆိုတော့ စီးပွားပျက်ကပ်အတွက် testosterone ကိုပဲ တရားစွဲရနိုးနိုးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement