backup og meta

HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

    ဟိုနားက စားပွဲနှစ်လုံးမှာ ဆီးချိုရှိတဲ့သူက တစ်ယောက်၊ ဟိုဘက်မှာ HIV ရှိတဲ့သူက တစ်ယောက်။ သင်ဘယ်သူနဲ့ ထိုင်မလဲ၊ မှန်မှန်ဖြေပါ။ ဆီးချိုရှိတဲ့သူဆီကို နည်းနည်းလေး အလေးသာချင်တယ်မလား။

    ဒါထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘယ်လိုပဲ ခေတ်ကြီးက တိုးတက်လာလို့ အရင်လို ခွဲခြားဆက်ဆံတာတွေ မလုပ်တော့ပါဘူးပြောပြော အသံကြားရင် နည်းနည်းတော့ တွန့်ခနဲ ဖြစ်သွားတယ်မလား။

    တကယ်တော့ ဆီးချိုနဲ့ HIVနဲ့ ဘာကွာလို့လဲ။ ဆီးချိုကရော ဒီတစ်သက်ပျောက်ဦးမှာလား။ မပျောက်လို့ပဲ နေ့တိုင်း အစားနဲ့၊ ဆေးနဲ့ ချိန်ချိန်ပြီး စားနေရတယ်ဟုတ်။ HIV ကရော။ HIV လည်း မပျောက်ပါဘူး။ မပျောက်ဘူးဆိုပေမယ့် ခုခေတ်ဆေးတွေက စွမ်းလွန်းလို့ ပိုးကောင်ရေကို စစ်ကြည့်ရင်တောင် တိုင်းမရတော့တဲ့အထိ ထိန်းချုပ်လျှော့ချထားနိုင်တယ်တဲ့။

    ဆီးချိုလည်း သေချာမထိန်းရင် နောက်ဆက်တွဲ ဝင်တာပါပဲ။ HIV လည်း သေချာမကုဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ AIDS အဆင့်ထိရောက်နိုင်ပါတယ်။

    HIV က သူများတွေကို ကူးတယ်လေလို့တော့ မပြောပါနဲ့။ ဒါဆို ဒီဘက်က ဆီးချိုကလည်း ငါတို့က မျိုးရိုးလိုက်တယ်နော်လို့ အားကျမခံ ပြန်ပြောပါလိမ့်မယ်။ ကိုယ့်မိဘတွေမှာဆီးချိုရှိရင် ကိုယ့်ဆီမှာမဖြစ်အောင် အစားတွေ ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်ကြတယ်မလား။

    ဒီလိုပဲ HIV ကိုလည်း ကိုယ့်မှာရှိနေရင် သူများကို ကူးမသွားအောင် ကာကွယ်လို့ ရပါတယ်။

    ကိုယ်ကပိုးရှိနေပြီဆိုရင် သေချာတာကတော့ ကိုယ်ချစ်တဲ့သူတွေကို မကူးစေချင်တာပါပဲ။ ဒီလို မကူးအောင်ရော  ကာကွယ်နိုင်ပါ့မလား။

    ကုသခြင်းက ကာကွယ်ခြင်းဆိုတာ ခုတလော လူထုကြားမှာ ပျံ့နှံ့နေတဲ့ သတင်းစကားလေးပါပဲ။ သင့်မှာ HIV ပိုးရှိနေသလား။ သင်က စ ကုသလိုက်ပါ။ သင်ချစ်တဲ့သူတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

    ………

    ဒါဆိုရင် ဆက်မေးရမှာက ဘာနဲ့ ကုမလဲဆိုတာပါပဲ။

    ART ဆိုတဲ့ စကားလုံးလေးတွေကို ကြားဖူးမယ်လို့ ထင်ပါတယ်။ ကုရာနတ္ထိ ဆေးမရှိလို့ အရင်ကသိခဲ့တဲ့ AIDS ရောဂါဆိုးကြီးကိုဖြစ်စေတဲ့ HIV ပိုးကို ထိန်းချုပ်တဲ့နေရာမှာ သုံးတဲ့ဆေးဖြစ်ပါတယ်။ ခုများ တိုးတက်လာလိုက်တာ ဒီ ART ဆေးက ပိုးထိန်းချုပ်နိုင်ရုံတင်မကဘဲ စစ်ဆေးလို့ မရလောက်တော့တဲ့ အတိုင်းအတာအထိ (undetectable) ပိုးတွေ နည်းသွားအောင် လျှော့ချပေးနိုင်နေပါပြီတဲ့။

    ရောဂါပိုးရှိသူ ကိုယ်တိုင်ဆီမှာတောင် ပိုးက မရှိသလောက် နည်းနေပြီဆိုမှတော့ တခြားသူကို ဆက်လက်ကူးဖို့ဆိုတာလည်း ဖြစ်နိုင်ခြေ မရှိသလောက်ကို နည်းသွားပါပြီ။ ဒါပေမယ့် ART ဆေးကို သောက်မယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းလေးတွေတော့ ရှိနေပါတယ်။

    …………

    ARTသောက်မယ်ဆိုရင် အရေးကြီးဆုံးက

    (၁) ဆေးမှန်မှန်သောက်ဖို့

    (၂) ဆေးမှန်မှန်သောက်ဖို့

    (၃) ဆေးမှန်မှန်သောက်ဖို့ ပါပဲ။

    နေ့တိုင်း ဆေးကို မပျက်မကွက်သောက်ပါ။ ဒါမှ ၆လနေလို့ ပိုးကောင်ရေပမာဏ (viral load) ကို စစ်တဲ့အခါ ပိုးကောင်ရေက စစ်ဆေးနိုင်တဲ့ ပမာဏထက် လျော့နည်းနေတယ်ဆိုတဲ့ အဖြေကို ရမှာဖြစ်ပါတယ်။

    ART ကို သောက်တစ်လှည့် မသောက်တစ်လှည့်ဆိုရင်တော့ ပိုးမထိန်းနိုင်တဲ့အပြင် ဆေးယဉ်ပါးပြီး ကုသရေးမှာ အခက်အခဲတွေ  ရှိလာနိုင်ပါတယ်။

    အရင်ကဆို ART ကို ပိုးရှိတဲ့လူတိုင်းသောက်ခွင့်ရတာ မဟုတ်ပါဘူး။ CD4 က ဘယ်လောက်ဖြစ်နေမှ သောက်ရမယ်ဆိုပြီး ကန့်သတ်ချက်တွေ ရှိပါတယ်။ ခုဆို ART ဆေး အစွမ်းထက်လွန်းလို့ စောစောသိ စောစောသောက် စောစောပိုးထိန်းချုပ်နိုင်လို့ ပိုးမရှိတဲ့လူတွေအတိုင်းပဲ နေလို့ ရနေပါပြီ။

    ……………

    ဘေးထွက်ဆိုးကျိုးအနေနဲ့ဆိုရင်တော့ စစချင်းသောက်ချင်းမှာ ပျို့မယ်၊ အန်မယ်၊ နုံးမယ် စတာတွေလောက်ပဲ ဖြစ်မှာပါ။ ဒါတောင် လူတိုင်း ဖြစ်တာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနဲ့ အမျှ ပြန်ကောင်းလာမှာပါ။ ဒီဘေးထွက်ဆိုးကျိုးတွေနဲ့ ယှဉ်ရင် ပိုးထိန်းချုပ်လျှော့ချနိုင်တယ်ဆိုတာကပဲ ART ဆေးသောက်ဖို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်နေပါပြီ။

    ဒီလို ပိုးကိုထိန်းချုပ်လျှော့ချထားနိုင်တဲ့အဆင့်ကိုရောက်နေပြီဆိုရင်တောင် ဆေးတွေကို ဆက်သောက်သွားပါ။ ပိုးကောင်ရေကို တစ်နှစ်တစ်ခါ စစ်ဆေးပါ။ ဒါမှ ဒီလို အခြေအနေကောင်းလေးကို အမြဲထိန်းနိုင်မှာပါ။ တစ်သက်လုံး သောက်ရမှာလားဆိုပြီး စိတ်တော့ပျက်မသွားပါနဲ့။ တခြား ဆီးချို၊ နှလုံး၊ သွေးတိုးသမားတွေလည်း တစ်သက်လုံးသောက်နေရတာပါပဲ။ သင်လည်း သူတို့လိုပါပဲ။

    ART ဆေးကို သောက်နေသရွေ့ ပိုးကို ကောင်းကောင်းထိန်းချုပ်လျှော့ချထားနိုင်တဲ့အတွက် ပိုးမရှိသူတွေအတိုင်း နေထိုင်သွားလာနိုင်မယ်၊ သူများတွေဆီကို ကူးမှာလည်း စိုးရိမ်စရာ မလိုတော့ဘူး။ ပိုးက ပမာဏ တော်တော်နည်းနေပြီဖြစ်တဲ့အတွက် အိမ်ထောင်ရေးမှာလည်း အဖော်နဲ့ တိုင်ပင်ပြီး ကွန်ဒုံးမသုံးချင်ရင် မသုံးဘဲ ကလေးယူချင်ရင်လည်း ယူလို့ရတယ်။ အကောင်းဆုံး ပီတိဖြစ်စရာကတော့ ကိုယ်ဒီလို ဆေးမှန်မှန်သောက်နေသရွေ့ ကိုယ်ချစ်တဲ့သူတွေဆီ ပိုးကူးနိုင်ခြေ မရှိသလောက် နည်းသွားပြီဆိုတာပါပဲ။

    ……………

    ဒါပေမဲ့ အပျော်နောက်မှာ အပျက်မလိုက်စေချင်လို့ တစ်ခုတော့ အကြံပေးပါရစေ။ တချို့သော သူတွေက ART ကို သောက်နေသရွေ့ ပိုးက ခေါင်းထောင်လာမှာ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ်။ ဆေးလည်း သောက်မယ်၊ အပျော်အပါးလည်း လိုက်စားမယ် ဒါမှမဟုတ် မူးယစ်ဆေးလေးလည်း ပြန်သုံးရင်ကောင်းမလားဆိုတဲ့ အတွေးဆိုးလေးတွေ ဝင်လာတတ်ကြပါတယ်။

    ART ဆေးက ကိုယ့်ဆီက HIV ပိုးကို သူများဆီ လိင်ကတစ်ဆင့်မကူးအောင်ပဲ ကူညီပေးနိုင်တာပါ။ သူများဆီကနေ ကူးစက်ခံရနိုင်မယ့် ကာလသားရောဂါလိုမျိုး တခြား ကူးစက်တတ်တဲ့ရောဂါတွေကိုတော့ မထိန်းပေးနိုင်ပါဘူး။ ဒါကြောင့် ပျော်ပြီးသားလေးတွေ မပျက်ရအောင် ဒီလိုအန္တရာယ်များတာတွေကို မတွေးပါနဲ့။

    တကယ်တမ်းတော့ ဆီးချိုရောဂါ မဖြစ်ဖို့ရော၊ HIV ပိုး ကူးစက်မခံရဖို့အတွက် လူတိုင်းက ကြိုတင်ဆင်ခြင်နေထိုင်ရမှာပါ။  နှစ်ခုလုံးကို အရှင်းပျောက်အောင် ကုနိုင်မယ့်ဆေးက ခုထိမပေါ်သေးပေမယ့် ရောဂါဖြစ်လာခဲ့ပြီဆိုရင်လည်း လူညွှန့်တုံး၊ လူဖြစ်ရှုံးပြီဆိုပြီး စိတ်မပျက်ပါနဲ့။ ဆေးပုံမှန်သောက်၊ ကုသမှုခံယူမယ်ဆိုရင် ကြောက်စရာမလိုဘဲ ဘ၀ကို ကျန်းကျန်းမာမာနဲ့ ရှေ့ဆက်နိုင်ပါတယ်ဆိုတာ ဒီနေရာကနေ သတင်းစကားပါးလိုက်ပါရစေ။

    ========

    ART ဆေးသောက်သုံးမှုနဲ့စပ်လျဉ်းပြီး ပိုမိုလေ့လာရန် https://www.facebook.com/UequalsUMyanmar တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement