backup og meta

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ

    ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ

    ချစ်တင်းနှောခြင်းဆိုတဲ့ လိင်မှုကိစ္စဟာ လူအများစု မကင်းနိုင်တဲ့ အရာပါ။ ဘယ်အရာမဆို အဆုံးသတ်ကောင်းမှ အားလုံးကောင်းပါတယ်ဆိုတဲ့ သိုးဆောင်းစကားပုံလေးလည်း ရှိပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောပြီးတဲ့အချိန်မှာ သင်ရော၊သင့်အဖော်အနေနဲ့ပါ ဆောင်ရန်၊ရှောင်ရန် အချက်လေးတွေကို မျှဝေပေးသွားမှာပါ။

    ၁။ ရေနဲ့ဆေးကြောသန့်စင်ပါ။

    ဒီလိုပြောလို့ ကိစ္စပြီးတာနဲ့ အိပ်ရာထဲက ခုန်ထွက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ချစ်ကြည်နူးခဲ့တဲ့ အချိန်လေးတွေကို စားမြုံ့ပြန်ရင်း အိပ်ရာထဲမှာ သင့်ချစ်သူနဲ့ နှစ်ကိုယ့်တစိတ် နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး နေလို့ရပါသေးတယ်။ ပြီးရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ မိမိတို့ရဲ့ လိင်အင်္ဂါတွေကို ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးဖို့ လိုမှာပါ။ ဒီလို သန့်စင်ပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဆန္ဒရှိရင် ဆပ်ပြာပျော့ပျော့လေးတွေကို သုံးစွဲနိုင်တယ်ဆိုပေမယ့် ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ လိင်အင်္ဂါထိပ်အရေပြားရှိတဲ့ အမျိုးသားတွေအနေနဲ့ ရေဆေးတဲ့အခါ အရေပြားကို အနောက်သို့အသာအယာလှန်ဆွဲပြီးမှ အောက်ဖက်ကိုပါ အသေအချာ ဆေးကြောရမှာပါ။

    ၂။ အမျိုးသမီးအင်္ဂါအတွင်းပိုင်းကို အထူးတလည် ခရင်မ်တွေ၊ဖြန်းဆေးတွေ အသုံးပြုခြင်းအား ရှောင်ရှားပါ။

    သူတို့အများစုဟာ ဓာတုဗေဒပစ္စည်းတွေ အနည်းနဲ့အများ ပါဝင်တာမို့ သင့်အရေပြားကို ခြောက်သွေ့အက်ကွဲစေပါလိမ့်မယ်။ အထူးသဖြင့် အနံ့ပါတဲ့ ပစ္စည်းတွေကို ရှောင်ကျဉ်ပါ။ သူတို့ကြောင့် ကူးစက်ရောဂါဝင်နိုင်ချေ ပိုများပါတယ်။ ဒီလိုဆိုရင် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဖြစ်နေပါမယ်။ ရေနွေးနွေးနဲ့ အသာအယာဆေးပေးရင် လုံလောက်ပါပြီ။

    ၃။ ဆီးသွားပါ။

    ချစ်တင်းနှောနေချိန်မှာ ‘urethra’ လို့ခေါ်တဲ့ ဆီးအိမ်လည်တံပြွန်လေးကနေတဆင့် ဘက်တီးရီးယားပိုးမွှားတွေဟာ သင့်ခန္ဓာကိုယ်ထဲကို ဝင်လာတတ်ပါတယ်။ ဒါကြောင့် လိင်မှုကိစ္စအပြီး ဆီးသွားလိုက်ခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် အခြားသော ကူးစက်ရောဂါတွေကို အတိုင်းအတာတခုထိ ကာကွယ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ယောနိကို ပွတ်သပ်ဆေးတဲ့အခါ အရှေ့ကနေ အနောက်ကိုပဲ ပွတ်ဆေးသင့်ပါတယ်။

    ၄။ ရေများများသောက်ပါ။

    ရေများများသောက်ရင် ဆီးများများသွားပါမယ်။ ဆီးများများသွားလေ ဘက်တီးရီးယားတွေ သင့်ခန္ဓာကိုယ်ထဲက များများထွက်လေပေါ့။

    ၅။ အဝတ်အစား ပွပွချောင်ချောင်တွေဝတ်ပါ။

    ကျပ်ထုတ်ပြီး ချွေးတွေရွှဲနေတဲ့ အဝတ်အစားတွေဟာ ဘက်တီးရီးယားတွေအတွက် နိဗ္ဗာန်ဘုံပါ။ ဒါကြောင့် သင်တို့အနေနဲ့ အတွင်းခံကျပ်ကျပ်တွေ၊လေဝင်လေထွက်မကောင်းတဲ့ အသားပိတ်ပိတ်တွေကို ရှောင်ကျဉ်ပြီး ပွပွချောင်ချောင် ချည်သားလေးတွေကို ဝတ်ဆင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှမဟုတ် အိပ်ရာဝင်တဲ့အခါ အတွင်းခံတွေကို လုံးဝချွတ်ခဲ့ရင်လည်း ရပါတယ်။

    ၆။ လက်သေချာဆေးပါ။

    သင့်လက်ဟာလည်း ဟိုဟိုသည်သည် ထိတွေ့ထားဦးမှာဖြစ်တဲ့အတွက် ကိစ္စဝိစ္စပြီးချိန်မှာတော့ လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောခြင်းဖြင့် ဘက်တီးရီးယားပိုးကူးစက်ပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်မှာပါ။ ဒါလေးကို အကျင့်လုပ်ထားသင့်ပါတယ်။

    ၇။ လူကြီးကစားစရာတွေကို သေချာစွာ ဆေးကြောပါ။

    အသုံးပြုပြီးတဲ့ လူကြီးကစားစရာတွေမှာ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ မှိုရောဂါပိုးတွေ စွဲကျန်နေနိုင်တဲ့အတွက် လိင်မှတဆင့်ကူးစက်သော ရောဂါတွေအပါအဝင် အခြားရောဂါအမျိုးမျိုးကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီကစားစရာတွေကို အသုံးပြုပြီးတိုင်း ဂရုတစိုက် ဆေးကြောရပါမယ်။ အခြားသူတွေနဲ့ မျှဝေသုံးစွဲတာမျိုးလည်း မလုပ်ပါနဲ့။ အကယ်၍ မျှဝေသုံးစွဲဖြစ်မယ်ဆိုရင်လည်း အသုံးမပြုခင်မှာ အကာအကွယ် ကွန်ဒုံးစွပ်ဖို့ မမေ့ပါနဲ့။

    ဒီအချက်လေးတွေကတော့ ကိုကိုမမ၊ဦးဦးဒေါ်ဒေါ်တို့ ချစ်နာလန်ထအပြီးမှာ ကျင့်သုံးရမယ့် ဆောင်ရန်ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြာကြာဝါးရမယ့်သွား အရိုးကြည့်ရှောင်နိုင်ကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement