backup og meta

အပြုံးလေးများ ပိုလှပလာနိုင်စေဖို့


Arkar Hein မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြုံးလေးများ ပိုလှပလာနိုင်စေဖို့

    စစ်တမ်းများအရ ဓါတ်ပုံရိုက်တဲ့အခါ လူ ၁၈ ရာခိုင်နှုန်းခန့်ဟာ သူတို့သွားတွေ မလှမပ ဖြစ်နေတာကြောင့် အမြဲတမ်း ပါးစပ်ပိတ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ သွားများ ဖြူဖွေးလှပနေခြင်းဟာ ပေါင်းသင်းဆက်ဆံရေးမှာ မိမိကိုယ်ကို ယုံကြည်မှု တိုးစေနိုင်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် ဒီနေ့ခေတ်မှာ လူတော်တော်များများက သွားဖြူစင်လှပဖို့ အတွက် နည်းမျိုးစုံနဲ့ ပြုလုပ်ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ သင်ပြုံးလိုက်ရင် ပထမဆုံး ပေါ်လာမယ့် အရာတွေဟာ သွားများဖြစ်ပြီး လူအများစု ပထမဆုံး မြင်တဲ့အရာလည်း ဖြစ်ပါတယ်။ သွားများဟာ ကျန်းမာရေးအတွက် အရေးပါရုံသာမက မိမိကိုယ်ကို ယုံကြည်မှု အတွက်လည်း အရမ်းအရေးပါတာကြောင့် ပေါင်းသင်းဆက်ဆံရေးအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ လူတော်တော်များများကလည်း သူတို့ရဲ့ မျက်နှာသွင်ပြင်၊ အပြုံး စတာတွေအတွက် အများဆုံး စိုးရိမ်ကြလေ့ရှိကြပါတယ်။ အခု ကျွန်တော် ဒီဆောင်းပါးထဲမှာတော့ပိုမိုလှပတဲ့ အပြုံးများပိုင်ဆိုင်လာနိုင်ကြစေဖို့ အတွက် ပြုလုပ်နိုင်တဲ့ သွားအလှအပရေးရာဆိုင်ရာ နည်းလမ်းတွေကို Hello ဆရာဝန်ပရိသတ်တွေ အတွက်ဖော်ပြပေးသွားမှာပါ။

    ၁။ သွားများကို ပလတ်စတစ်ဖြင့် ကပ်ခြင်း။ (Dental Bonding)

    Image Credit : WebMD

    သွားအရောင် ပလတ်စတစ်ကို အထူးပြုလုပ်ထားတဲ့ အလင်းရောင်နဲ့ မာကျောစေပြီး

    မူရင်းသွားများနဲ့ ကပ်ကာ လူတစ်ယောက်ရဲ့ အပြုံးပိုလှစေဖို့ လုပ်ဆောင်ရတဲ့ နည်းစနစ်ကို Bonding လို့ခေါ်ပါတယ်။ Bonding ဟာ အလှပရေးရာသွားပြုပြင်မှုမှာ အလွယ်ဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံး နည်းစနစ်တစ်ခုလည်း ဖြစ်ပြီး သွားပဲ့နေတဲ့ လူတွေ၊ သွားအက်ကွဲနေတဲ့လူတွေ၊ သွားပုံစံမညီညာတဲ့လူတွေနဲ့ သွားတစ်ချောင်းနဲ့ တစ်ချောင်းအကြား

    ဟနေတာတွေကို ပိတ်ဖို့ အတွက် အသုံးပြုကြတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။

    ၂။ သွားအပေါ်ယံမှ အလွှာပါး အုပ်ခြင်း ( Dental veneers)။

    Image Credit : WebMD

    Veneer တွေဆိုကာကတော့ သွားရဲ့ အရှေ့ဘက် မျက်နှာပြင်ကို အုပ်ပေးရတဲ့ အလွန်ပါးလွှာတဲ့ အလွှာပါးတွေ ဖြစ်ပါတယ်။ ဒီလို Veneer တွေကို အုပ်ပေးခြင်းအားဖြင့် သွားတွေရဲ့ အရောင်၊ ပုံစံ အရွယ်အစားနဲ့ အလျားတို့ကို ပြောင်းလဲပေးနိုင်ပြီး ကြွေထည် (သို့) ပလတ်စတစ်ပေါင်းစပ် ပစ္စည်းတွေနဲ့ပြုလုပ်လေ့ရှိပါတယ်။ Veneers တွေဟာ crowns နည်းလမ်းလို သွားတစ်ချောင်းလုံးကို မပြောင်းချင်တဲ့ သူတွေ အတွက် လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပြီး သွားရဲ့ အရောင်နဲ့ အရွယ်အစားကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမဲ့ Veneer လုပ်တဲ့အခါ သွားဆရာဝန်မှာ သွားမျက်နှာပြင်ရဲ့ကြွေလွှာ အထူ ၁၊ ၂ မီလီမီတာ လောက်အထိ ဖယ်ထုတ်ပစ်မှာ ဖြစ်တဲ့ အတွက်ကြောင့်ကြွေလွှာကို မဖယ်ထုတ်ခင် သွားဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

    ၃။ သွားတစ်ချောင်းလုံးကို ဖုံးထားပေးတဲ့ ကုသမှု (Crowns)။

    Image Credit : WebMD

    Crowns ဆိုတာကတော့ ပျက်ဆီးနေတဲ့ သွားအပေါ်ကို ဖုံးထားရတဲ့ သွားပုံစံ အစွပ်ဖြစ်ပြီးသွားရဲ့ ပုံစံ၊ အရွယ်အစားကိုပြောင်းလဲပေးနိုင်တဲ့ပြင် သွားပိုသန်မာလာစေတဲ့ ကုသမှု နည်းလမ်း ဖြစ်ပါတယ်။ Crowns အများစုကတော့ ၅ နှစ်ကနေ ၁၅ နှစ်အထိခံပြီး သတ္တုများ၊ ကြွေထည်နဲ့ သတ္တုရောများ၊ ပလတ်စတစ်နဲ့ ကြွေသားတို့နဲ့ ပြုလုပ်ထားကြပါတယ်။ Crown မတပ်ခင်မှာ သွားဆရာဝန်ဟာ သွားနဲ့ သွားဖုံး တစ်ရှုးတွေကို ထုံဆေးပေးမှာ ဖြစ်ပြီး သွားကို Crown တပ်နိုင်စေဖို့ အတွက်ပါးမှာ ဖြစ်ပါတယ်။ သွားအထူ ဘယ်လောက်ကို တိုက်စားပစ်မလဲဆိုတာက ဘယ်လို Crown ကို သုံးမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အဲ့နောက်မှာတော့ Crown ကို သွားရဲ့ အပေါ်မှာ သွားအကုန်လုံးဖုံးသွားအောင် စွပ်ပြီး အထူးပြုလုပ်ထားတဲ့ ကော်နဲ့ ကပ်မှာ ဖြစ်ပါတယ်။

    ၄။ သွားအပေါ် ယံကြွေလွှာကို ပုံဖော်ခြင်း။

    Image Credit : WebMD

    သွားအပေါ် ယံကြွေလွှာကို ပုံဖော်ခြင်းဆိုတာ မွေးရာပါသွားကိုပဲ ကြည့်ကောင်းစေရန်အတွက် ပုံဖော်တဲ့ နည်းစနစ် ဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့ သွားက အစလေးတွေပဲ့နေမယ်၊ သွားတွေက မညီမညာ ဖြစ်နေမယ်ဆိုရင် အသုံးပြုနိုင်ပြီး ဈေးချိုတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အလျင်အမြန်ပြုလုပ်လို့ရပြီး များသောအားဖြင့် ကြွေလွှာပါးပြီး ပုံဖော်မှုကို သွားဖြူစေတဲ့ ကုသမှုတွေ၊ သွားအပေါ်ယံမှ အလွှာပါး အုပ်ခြင်း ( Dental veneers)၊ သွားများကို ပလတ်စတစ်ဖြင့် ကပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ တွဲပြီး လုပ်လေ့ရှိကြပါတယ်။

    ၅။ သွားထိန်း (Braces)။

    Image Credit : WebMD

    ကမ္ဘာပေါ်မှာ လူအနည်းငယ်လောက်ကပဲ ကံကောင်းစွာနဲ့ မွေးရာပါသွားတွေလှပစွာ မွေးဖွားလာကြတာပါ။ ကျန်တဲ့ လူအများစုရဲ့ သွားတွေ ဟာ မညီမညာဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျပါနဲ့။ ဒီလို သွားမလှရင် သွားလှအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီအထဲက တစ်ခုကတော့ Braces လို့ခေါ်တဲ့ သွားထိန်းပါ။ သွားထိန်းတွေဟာ လိမ်ဖယ်နေတဲ့ သွားတွေ၊ ပုံစံမမှန်တဲ့ သွားတွေကို ပုံစံမှန်ရောက်အောင်ပြင်ဆင်ပေးနိုင်ပြီး လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် အပြုံးတွေကို ပိုမို လှပစေနိုင်ပါတယ်။ သွားထိန်းတွေဟာ သွားတွေကို ညီညာတဲ့ ပုံစံတစ်ခု ဖြစ်လာအောင် တိကျတဲ့ ဖိအားတစ်ခုနဲ့ သွားတွေကို ရွေ့ပေးနိုင်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး သွားရွေ့သွားတာနဲ့ သွားစွပ်အရိုးတွေလည်း လိုက်ရွေ့လာမှာ ဖြစ်ပါတယ်။ သွားထိန်း တပ်ဆင်ဖို့ အတွက် အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ လုပ်ဆောင်ရတဲ့ နည်းစနစ်တွေဟာ လူကြီးတွေရော ကလေးတွေမှာပါ အတူတူပါပဲ။ အဓိကကွာခြားချက်ကတော့ လူကြီးပိုင်းအရွယ်ရောက်လာရင် အရိုးတွေက ဆက်မရှည်တော့တဲ့ အတွက် သွားထိန်းတပ်ရတဲ့ အချိန်ပိုကြာတာပဲ ရှိမှာ

    ဖြစ်ပါတယ်။ သွားထိန်း အမျိုးအစားအနေနဲ့ သတ္တုတွေကို အများဆုံးအသုံးပြုကြပေမဲ့ သိပ်မသိသာတဲ့ သွားထိန်း အကြည်တွေကိုလည်း အသုံးပြုနိုင်မှာပါ။ သွားထိန်းတွေကို သွားအရောင်၊ အရောင်စုံ စသဖြင့် တပ်ဆင်နိုင်ပြီး မမြင်ရအောင်လို့ သွားရဲ့ နောက်ဘက်ပိုင်းမှာပါ တပ်ဆင်နိုင်ပါသေးတယ်။

    ၆။ သွားဖြူစေနိုင်တဲ့ ကုသမှု။

    Image Credit : WebMD

    တောက်ပနေတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ချင်တဲ့ သူတွေအတွက် သွားတိုက်ဆေးတွေ၊ ပလုတ်ကျင်းဆေးတွေ၊ ဂျယ်လ်တွေ၊ ချွတ်ဆေးတွေ၊ သွားဖြူစေတဲ့ အစွတ်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ ဒီကုသမှုတွေကို ကျန်းမာတဲ့သွားတွေနဲ့ သွားမပြုမပြင်ထားတဲ့ လူတွေသာလျှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သွားဝါနေတဲ့ လူတွေအတွက် ဒီနည်းလမ်းဟာ အကောင်းဆုံးဖြစ်ပြီး ဘယ်လို နည်းလမ်းက သင့်အတွက် အဆင်ပြေဆုံး ဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

    ၇။ သွားပေါက်ဖာခြင်း။

    Image Credit : WebMD

    သွားပွန်းခြင်း၊ သွားပဲ့ခြင်းနဲ့ သွားကျိုးနေတဲ့ လူတွေမှာ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ပုံမှန် ငွေနဲ့ သွားပေါက်ဖာထားတဲ့ လူတွေဟာ သွားအရောင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ သွားပေါက်ဖာနိုင်ပါတယ်။ ငွေနဲ့ ပြဒါးရောထားတဲ့ သွားပေါက်ဖာ ပစ္စည်းတွေဟာ မာကျူရီ (ပြဒါး) ထွက်ရှိနိုင်တဲ့အတွက် သွားအရောင်ဖြစ်အောင် ပြုလုပ်ထားတဲ့ သွားပေါက်ဖာ ပစ္စည်းတွေနဲ့ပြန်လည်ဖာထေားနိုင်ပါတယ်။ ဒီနည်းလမ်းက သွားပေါက် ကျင်းရင် ခိုင်ခန့်ပေမဲ့ သွားပေါက်ကျယ်ရင်တော့ သိပ်အကြာကြီး မခံတတ်ပါဘူး။

    ၈။ သွားဖုံးကို ပုံစံပြန်သွင်းခြင်း။

    Image Credit : WebMD

    ဒီနည်းလမ်းဟာ ပြုံးလိုက်တဲ့အခါ သွားဖုံးများပေါ်နေတဲ့ လူတွေ အသုံးပြုနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းလုပ်မယ်ဆိုရင် သွားဖုံးတစ်ရှုးအနည်းငယ်နဲ့ ပိုနေတဲ့ အရိုးတစ်ရှုး အနည်းငယ်ကို ဖယ်ထုတ်ပစ်ရပြီးသွားများ ပိုပြီး ပေါ်လွင်စေရန် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ သွားတစ်ချောင်း အတွက်ပဲ ဖြစ်ဖြစ်၊ သွားအများအပြားအတွက်ပဲ ဖြစ်ဖြစ် သွားဖုံးအနည်းငယ်ကို ဖယ်ရှားပြီး ပိုပြီး ပေါ်လွင်စေရန် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

    ၉။ သွားစိုက်ခြင်း (Implants)။

    Image Credit : WebMD

    လူအများစုဟာ သွားပျက်ဆီးခြင်း၊ သွားဖုံးရောဂါနဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် သွားကျွတ်တတ်ကြပါတယ်။ ဒီလို လူနာတွေအအတွက် သွားရဲ့ အရင်းကို တိုက်တေနီယမ်နဲ့ စိုက်ပေးပြီး အပေါ်ကနေဖြုတ်နိုင်တပ်နိုင်တဲ့ သွားတုကို (crowns)စွပ်ပေးတဲ့ နည်းလမ်းကို Implants နည်းလမ်းလို့ခေါ်ပါတယ်။ crowns နည်းလမ်းနဲ့ မတူတာက ဒီနည်းလမ်းဟာ သွားအရင်းကို ပါ တပ်ဆင်ရမှာ ဖြစ်ပါတယ်။

    ၁၀။ အံကပ် (Dentures)။

    Image Credit : WebMD

    အံကပ်ဆိုတာကတော့ မရှိတော့တဲ့ သွားတွေနဲ့ ဘေးနားက တစ်ရှုးတွေမှာ တပ်ဆင်နိုင်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ ကုသမှု တစ်မျိုးပါ။ အံကပ်အနေနဲ့ ၂ မျိုး ၂ စားရှိပါတယ်။ အဲ့ဒါကတော့ အံကပ်အပြည့်အစုံနဲ့ ပျောက်ဆုံးနေတဲ့ သွားတွေ အတွက်ပဲ လုပ်ဆောင်ရတဲ့ အံကပ်ပါ။ အံကပ်အပြည်အစုံကိုတော့ သွားတစ်ချောင်းမှ မရှိတော့တဲ့ အချိန်မှာ အသုံးပြုရပြီးသဘာဝ သွားအနည်းငယ်ကျန်သေးတယ်ဆိုရင် တော့ အံကပ်အသေးစားကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    ၁၁။ Dental bridges။

    Image Credit : WebMD

    Dental bridges ဆိုတာက ကျွတ်သွားတဲ့ သွား တစ်ချောင်းနဲ့ အထက်ကြားကွာဟမှုကို တံတားပုံစံ ချိတ်ဆက်ပေးတဲ့ ကုသမှု တစ်ခုပါ။ ဒီကွာဟမှုရဲ့ တစ်ဖက်ခြမ်းစီက သွားတွေမှာ crowns လို့ခေါ်တဲ့ သွားတစ်ချောင်းလုံးကို ဖုံးပေးထားတဲ့ အစွပ်ကို တပ်ဆင်လိုက်ပြီး လွတ်နေတဲ့ နေရမှာ တပ်ဆင်ရတဲ့ သွားတုတွေကို ထိန်းပေးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။

    ၁၂။ သွားဖုံး အစားထိုးခြင်း။

    Image Credit : WebMD

    သွားဖုံး တစ်ရှုးတွေ ပျက်ဆီးသွားတဲ့အခါမှာ သွားအရင်းတွေ ပေါ်လာနိုင်ပြီး အစားအစာ အပူတွေအအေးတွေ စားသုံးတဲ့ အခါမှာ ကျင်လာနိုင်ပါတယ်။ ဒီလို သွားဖုံး တစ်ရှုးတွေ ပျက်ဆီးခြင်းကသွားအရင်းမှာ အခေါင်းပေါက်ဖြစ်စေနိုင်ပြီး သွားတွေကိုပါ ကျွတ်လာစေနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ သွားဖုံးတစ်ရှုးတွေကို အစားထိုးခြင်းဟာ သွားဖုံး ပျက်ဆီးခြင်း၊ သွားကျွတ်ခြင်းတို့ကိုကာကွယ်နိုင်ပြီး အပြုံးတွေကို ပိုလှပလာစေနိုင်မှာ ဖြစ်ပါတယ်။

    ပိုမိုလှပတဲ့ အပြုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် သွားဘက်ဆိုင်ရာ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ပါတယ်။ ယခုဒီဆောင်းပါးထဲမှာဖော်ပြပေးခဲ့တာကတော့ Veneer လို့ခေါ်တဲ့ သွားရဲ့ အရှေ့ဘက် မျက်နှာပြင်ကို အုပ်ပေးရတဲ့ အလွန်ပါးလွှာတဲ့ အလွှာပါး၊ Crowns လို့ခေါ်တဲ့ ပျက်ဆီးနေတဲ့ သွားအပေါ်ကို ဖုံးထားရတဲ့ သွားပုံစံ အစွပ်၊ သွားဖုံးကို ပြင်ဆင်ရတဲ့ နည်းလမ်းနဲ့သွားများပဲ့နေရင် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို သွားအလှအပဆိုင်ရာ ပြုပြင်ရေးနည်းလမ်းတွေဟာ သေချာအသေးစိတ်စီစဉ်ရပြီး ကုန်ကျစရိတ် များပေမဲ့ လူတစ်ယောက်ရဲ့ အလှနဲ့ ယုံကြည်ချက်ကိုပါ တိုးမြှင့်ပေးနိုင်တဲ့အပြင်ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့အတွက် ပိုမိုလှပတဲ့ အပြုံးကိုလိုချင်တဲ့လူတိုင်း လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement