backup og meta

ကျန်းမာကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်နိုင်စေမယ့် လွယ်ကူရိုးရှင်းသောနည်းလမ်း (၅)သွယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်နိုင်စေမယ့် လွယ်ကူရိုးရှင်းသောနည်းလမ်း (၅)သွယ်

    ခံတွင်းသန့်ရှင်းမှုမရှိခြင်းဟာ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ကိုယ်ဝန်သည် နောက်ဆက်တွဲပြဿနာများ၊သွားပိုးစားခြင်း၊ သွားဖုံးဆိုင်ရာရောဂါများအစရှိသည်တို့နှင့် ဆက်စပ်နေတဲ့အတွက် သင့်သွားများကို အစဉ်အမြဲ ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ခံတွင်းသန့်ရှင်းမှုရှိတဲ့သူတွေဟာ မိမိကိုယ်ကိုယုံကြည်မှုပိုရှိပြီး ချိုမြသောအပြုံး၊ ဖြူဖွေးသောသွားများနှင့် သန့်ရှင်းလတ်ဆတ်သော ခံတွင်းရနံ့နှင့်အခြားသူများကို ထက်မြက်တဲ့အသွင်ကို ပြသနိုင်ကြပါတယ်။ ဒါပေမယ့် တစ်နေ့နှစ်ကြိမ်သွားတိုက်ရုံ တစ်နေ့တစ်ကြိမ် သွားသန့်ရှင်းရေးပြုလုပ်ရုံနှင့် သင့်သွားများကိုကျန်းမာကြံ့ခိုင်စေဖို့ လုံလောက်ပြီဟု သင်ထင်နေပါသလား။

    ဤဆောင်းပါးတွင် ကျန်းမာကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်နိုင်ရန် အတွက်လွယ်ကူရိုးရှင်းတဲ့နည်းလမ်း (၅) သွယ်ကိုဖော်ပြလိုက်ပါတယ်။

    ၁။ သွားပွတ်တံကို သန့်ရှင်းစင်ကြယ်စွာထားပါ။

    သွားပွတ်တံကို သန့်ရှင်းစင်ကြယ်အောင်ထားဖို့အတွက် မိမိနှင့်လိုက်ဖက်ညီပြီး သက်တောင့်သက်သာရှိမယ့် သွားပွတ်တံကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ သွားပွတ်တံဟာ ဘက်တီးရီးယားပိုးမွှားများနေဖို့နှင့် ပေါက်ပွားဖို့ သင့်တော်တဲ့နေရာဖြစ်တဲ့အတွက် လျစ်လျူရှုလို့မရပါ။ သွားတိုက်ပြီးတဲ့အချိန်တိုင်း သွားပွတ်တံကိုရေနှင့် သေချာစွာဆေးပြီးလေသလပ်ခံထားပါ။ သွားပွတ်တံမွေးများကို အပေါ်ထောင်ပြီး တည့်တည့်ထားခြင်းဖြင့် သင့်သွားပွတ်တံကိုတစ်နေ့တာလုံးခြောက်သွေ့စေတဲ့အတွက် အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားများကပ်ညှိမှာ မစိုးရိမ်ရတော့ပါ။

    အမေရိကန် သွားဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ သုံးသပ်ချက်အရအရွယ်ရောက်ပြီးသူတိုင်းဟာသွားပွတ်တံကိုသုံးလ (သို့) လေးလတစ်ကြိမ် အမြဲလဲပေးသင့်ပါတယ်။ ကလေးငယ်များအတွက် မိဘများကမကြာခဏလဲပေးသင့်ပါတယ်။ သို့သော်လည်းသုံးလမတိုင်ခင် သင့်သွားပွတ်တံမွေးများဖွာနေပြီဆိုရင် အကျိုးမရှိတော့တဲ့အတွက် ချက်ချင်းသွားပွတ်တံအသစ်လဲသင့်ပါတယ်။

    ၂။ ဖလိုရိုက်ဒ် ပါသောသွားတိုက်ဆေးကိုအသုံးပြုပါ။

    ဖလိုရိုက်ဒ်ဟာ ကလေးများအတွက်ရော လူကြီးများအတွက်ပါကောင်းမွန် လိုအပ်ပါတယ်။ ဖလိုရိုက်ဒ်ဟာ သင့်ကြွေလွှာများကို ပိုမိုကြံ့ခိုင်စေတဲ့အပြင် သွားကွဲအက်ခြင်းကိုလည်း လျှော့ချပေးနိုင်တဲ့ သဘာဝပစ္စည်း ဖြစ်ပါတယ်။ ဖလိုရိုက်ဒ်သည် သင့်သွားတိုက်ဆေး၊ အချို့သောပလုတ်ကျင်းဆေးများ၊ ဘုံဘိုင်ရေနှင့် သွားဆရာဝန်ရဲ့ ကုသမှုများမှာ ပါဝင်ပါတယ်။

    ၃ ။ သွားတိုက်တဲ့အခါ လျှာနှင့်ပါးစောင်များကိုပါ တိုက်ပေးပါ။

    သွားနှင့်သွားဖုံးအပြင် သင့်လျှာနှင့်ပါးစောင်ဟာလည်း အစာနှင့်ထိတွေ့တဲ့နေရာများဖြစ်တဲ့အတွက် သကြားဓါတ်နှင့် အက်ဆစ်ဓါတ်များဟာမျက်နှာပြင်ပေါ်မှာ ကပ်ညှိနေနိုင်ပါတယ်။ သွားတိုက်ပြီးတိုင်း သင့်လျှာနှင့်ပါးစောင်ကိုပါတိုက်ပေးခြင်းဟာ ခံတွင်းအတွင်းရှိ ဘက်တီးရီးယားများကို တိုက်ခိုက်ချေမှုန်းနိုင်ပြီး သွားများကိုကျန်းမာကြံ့ခိုင်စေတဲ့အပြင် ခံတွင်းရနံ့ဆိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတိုင်း သင့်လျှာနှင့်ပါးစောင်များကိုပါ သန့်ရှင်းရေးလုပ်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူထားပါ။

    ၄။ သကြားပမာဏ များသောသောက်ဖွယ်ရာများကို ရှောင်ကြဉ်ပါ။

    အစားအစာလိုပဲ သောက်ဖွယ်ရာများဟာ သင့်ခံတွင်းကျန်းမာရေးပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သောက်ဖွယ်ရာများဖြစ်တဲ့ အချိုရည်ဘူးများ၊အားဖြည့်အချိုရည်များနှင့် ချိုလွန်းတဲ့အသီးဖျော်ရည်များမှာသဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထားသောသကြားဓါတ်များ အမြောက်အမြားပါဝင်ပါတယ်။ ဖော်ပြပါအချိုရည်တွေဟာ ကျန်းမာရေးအတွက် မသင့်တော်ပါ။ သောက်ပြီးတိုင်း သွားတိုက်ဖို့ (သို့) ပလုတ်ကျင်းဖို့ မေ့နေရင် ကြာလာတာနှင့် မျှ သွားပိုးစားခြင်း၊ သွားကိုက်ခြင်းနှင့် သွားကျိုးခြင်းစတဲ့ ရောဂါတွေကိုခံစားရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် မသင့်တော်တဲ့ အချိုရည်တွေ သောက်မယ့်အစားရေ၊ နွားနို့နှင့်လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပြီးလှပသောအပြုံးနှင့် တောက်ပသောအသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

    ၅ ။ သွားဆရာဝန်နှင့် မှန်မှန်ပြသပါ။

    သင့်ခံတွင်းကျန်းမာရေးအတွက် သင့်သွားဆရာဝန်က အမြဲရှိနေပါတယ်။ သွားပိုးစားမှ သွားရောက်ကုသခြင်းမပြုဘဲ ပုံမှန်သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားသန့်ရှင်းရေးအတွက် သင့်သွားဆရာဝန်ထံ သွားရောက်သင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ သင့်တော်မှန်ကန်တဲ့ သွားကျန်းမာရေးနှင့် သန့်ရှင်းရေးအတွက် သင့်သွားဆရာဝန်ကို မေးမြန်တိုင်ပင်ပါ။ သင့်သွားအခြေအနေနှင့် လိုအပ်ချက်များပေါ်မူတည်ပြီး နေ့စဉ်ပြုလုပ်ရမယ့် သွားတိုက်ခြင်းနှင့် သွားသန့်ရှင်းရေးလုပ်ငန်းစဉ်ကို သင့်သွားဆရာဝန်က ပြသပေးမှာဖြစ်ပါတယ်။

    သင့်ခံတွင်းဟာ သူ့ဘာသာသူ မသန့်ရှင်းနိုင်ပါ။ ဒါကြောင့် သင့်ကိုယ်တိုင် သင့်ခံတွင်းကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ခံတွင်းကျန်းမာသန့်ရှင်းခြင်းဖြင့် အများစုသောသွားပိုးစားခြင်းနှင့် သွားဖုံးဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဖော်ပြပါနည်းလမ်း (၅) သွယ်ကိုလိုက်နာပြီး ရရှိလာမယ့်အကျိုးအမြတ်များကို စောင့်မျှော်လိုက်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement