backup og meta

ဗိုက်ဆာလို့ စိတ်တိုဖူးပါသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်ဆာလို့ စိတ်တိုဖူးပါသလား

    သင့်အနေနဲ့ ဗိုက်ဆာရင် စိတ်တိုလာတာမျိုးကို ခံစားဖူးပါသလား။ တချို့လူတွေဟာ အစာစားချိန်လွန်သွားတဲ့အထိ စားဖို့အခွင့်မသာသေးရင်၊ဗိုက်ဆာနေရင် အလိုလိုဒေါသတွေထွက်၊စိတ်တိုလာတတ်ကြပါတယ်။

    ဒါဟာ လူအတော်များများ ကြုံဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်က လက်ဆင့်ကမ်းသယ်ဆောင် ဆင်းသက်လာတဲ့ ဗီဇပဲ ဖြစ်ပါတယ်။ သင်စဉ်းစားကြည့်ပါ။

    ဆာလောင်မွတ်သိပ်နေတဲ့ သက်ရှိတစ်ကောင်ကောင်ဟာ သူ့ရှေ့မှာရှိတဲ့ အစာကို ဒေါသတကြီးလုမစားဘဲ သူများစားသွားတာကို ဒီအတိုင်းထိုင်ကြည့်နေမယ်ဆိုရင် အဆိုပါ သက်ရှိမျိုးစိတ်ဟာ များမကြာခင်မှာပဲ မျိုးသုဉ်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဘာလို့ လူတိုင်းမဖြစ်ဘဲ လူတချို့ကပဲ ဒါမျိုးဖြစ်ရတာလဲ။ ဒီပြဿနာရဲ့ အဖြေက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အစာလိုအပ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပေါ် မူတည်လို့ နေပါတယ်။

    ဘာလို့ ဗိုက်ဆာ ရင် စိတ်တိုတတ်တာလဲ။

    ဒီဖြစ်စဉ်ရဲ့ အဓိက အကြောင်းရင်းဟာ ဦးနှောက်တွင်းမှာ ရှိတဲ့သကြားဓာတ် ပမာဏအပေါ် မူတည်နေပြီး သူ့ကို သွေးတွင်းသကြားဓာတ်ပမာဏက တစ်ဖန်ပြန်လည် ထိန်းချုပ်ထားပါတယ်။ ကြမ်းကြမ်းတမ်းတမ်းအမူအရာတွေ၊ ဒေါသစိတ်တွေကို သင့်ရဲ့ သကြားဓာတ်ပမာဏက ကူညီထိန်းချုပ်ပေးပါတယ်။ ဒေါသထွက်စရာ တစ်ခုနဲ့ ကြုံလာတဲ့အခါ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး သည်းခံဖို့ စွမ်းအင်တွေအများကြီး အသုံးပြုရမှာဖြစ်ပြီး ဒီစွမ်းအင်တွေကို သင်စားတဲ့ အစာတွေကရတဲ့ သကြားဓာတ်က ပေးစွမ်းပါတယ်။ ဒီတော့ သင့်ခန္ဓာကိုယ်အတွင်းမှာ သကြားဓာတ်မြင့်မားစွာ ရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပိုများစေပါတယ်။ ဒါတင်မကသေးပါဘူး၊ သင့်ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်လုံလုံလောက်လောက် မရှိဖူးဆိုရင် ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် တခြားသော ဟော်မုန်းတွေထက်ရှိလို့ လာမှာဖြစ်ပြီး adrenaline ဟာ အဆိုပါ ဟော်မုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ adrenaline ဟာဆိုရင် သင့်ခန္ဓာကိုယ်အနေနဲ့ အရေးပေါ်အန္တရာယ်တစ်ခုခု တွေ့ကြုံရချိန်မှာ အသုံးချရတဲ့ ဟော်မုန်းဖြစ်ပြီး ကြမ်းတမ်းတဲ့ အမူအရာတွေကို ဖြစ်ပေါ်စေပါတယ်။

    ဒါတင်မကသေးပါဘူး၊ ဒီကိစ္စမှာ မျိုးဗီဇဆိုင်ရာ လွှမ်းမိုးမှုတွေလည်း ပါဝင်ပါသေးတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဗိုက်ဆာတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မျိုးဗီဇဆိုင်ရာထိန်းချုပ်ပစ္စည်း (gene) ကနေ neuropeptide Y ဆိုတဲ့ သဘာဝဓာတ်ပစ္စည်းတစ်မျိုးကို ဦးနှောက်ထဲသို့ လွှတ်ထုတ်လိုက်ပြီး ဒီ neuropeptide Y ဟာ အာသာငမ်းငမ်း အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေကလည်း ဗိုက်ဆာတဲ့အခါ စိတ်တိုဒေါသထွက်တဲ့ အနေအထားကို ဖြစ်စေပြန်ပါတယ်။ဥပမာ သင်စိတ်တိုဒေါသထွက်နေတာကို ဝုန်းဝုန်းဒိုင်းဒိုင်းဖော်ပြတာ မဖော်ပြတာကတော့ ပတ်ဝန်းကျင်၊ဓလေ့ထုံးတမ်းရဲ့ လွှမ်းမိုးမှုနဲ့ သက်ဆိုင်ပါတယ်။

    အထက်ပါ ဖော်ပြခဲ့တဲ့ နောက်ခံအကြောင်းရင်းတွေဟာ တစ်ဦးနဲ့ တစ်ဦး ဘယ်နည်းနဲ့မှ မတူညီနိုင်တာမို့ ဗိုက်ဆာတဲ့အခါ ဘယ်လောက်အတိုင်းအတာထိ စိတ်ဆိုး ဒေါသထွက်မလဲ ဆိုတာကလည်း ကွာခြားပါလိမ့်မယ်။

    ဗိုက်ဆာရင် စိတ်တိုဒေါသထွက်တာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ။

    အလွယ်ဆုံး အရှင်းဆုံးနည်းကတော့ သင်အရမ်းကြီး ဗိုက်ဆာမလာခင် ဦးအောင်စားလိုက်တာပဲ ဖြစ်ပါတယ်။ သင့်ခေါင်းထဲပေါ်လာမယ့် ပထမဆုံးအတွေးက ချောကလက် ဒါမှမဟုတ် သရေစာ အချိုမုန့်တစ်ခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေကရမယ့် ဂလူးကို့စ်သကြားဓာတ်ဟာ ယာယီသာ ခံမှာဖြစ်ပြီး မကောင်းတဲ့ သကြားဓာတ်တွေအဖြစ်လည်း ဦးတည်စေပါတယ်။ နောက်ဆုံးမှာတော့ သင့်အနေနဲ့ ပိုပြီးဒေါသထွက်လာတာပဲ အဖတ်တင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဗိုက်ဆာတာနဲ့ အစာစားလိုက်တဲ့နည်းဟာ တချို့တွေအတွက် အဆင်မပြေပါဘူး (ဥပမာ လုပ်ငန်းခွင်ထဲ ရောက်နေသူတွေ၊ ဥပုသ်စောင့်သူတွေ ဒါမှမဟုတ် ဆရာဝန်က အစာမစားဖို့ ညွှန်ကြားထားသူတွေမှာပေါ့)။ ဒါကြောင့် အလုပ်ချိန်ကြာမြင့်တဲ့ အလုပ်တွေလုပ်တာ၊ ဥပုသ်စောင့်တာအစရှိတဲ့ ကြာရှည်အစာမစားရတဲ့ ကိစ္စတွေကို သင့်ဆရာဝန်က ခွင့်ပြုမှ လုပ်သင့်ပါတယ်။

    သိထားသင့်တဲ့ အချက်တစ်ချက်က သင့်ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ်ပမာဏတည်ငြိမ်မှုရှိအောင် ဟော်မုန်းတွေက အချိန်အတိုင်းအတာတစ်ခုထိ ထိန်းပေးထားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဗိုက်အတော်ဆာလာတဲ့အခါ စားစရာပြင်ဆင် ဒါမှမဟုတ် ဝယ်ယူစားသောက်ဖို့ အချိန်တစ်ခု ရစေပါတယ်။ တကယ်လို့ သင်ဟာ အလုပ်များသူတစ်ယောက်ဆိုရင် အစာစားချိန်ကို သတ်သတ်မှတ်မှတ် ထားတာမျိုး ဒါမှမဟုတ် အစာကို ကြိုတင်ပြင်ဆင်ထားတာမျိုးကို လုပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သဘာဝအစားအသောက်တွေက သင့်ကိုပိုပြီး အဆာခံစေတယ်ဆိုတာလည်း မမေ့ပါနဲ့။

    ချေဖျက်ဖို့ခက်တဲ့ အစာအစာတွေ (ဥပမာ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေ)ကတော့ အကောင်းဆုံး အစာအုပ်စုပဲ ဖြစ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ ဝိတ်လည်းချနေတယ်၊ ဗိုက်လည်းဆာတယ်ဆိုရင် ပရိုတင်းဓာတ်တွေက သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။ သစ်သီးတွေဟာ သကြားဓာတ်ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကလည်း လျင်မြန်စွာချေဖျက်ပစ်နိုင်တာကြောင့် လိုအပ်တဲ့နေရာကို မြန်မြန်ဆန်ဆန် ရောက်သွားစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာဗိုက်ဆာလို့ စိတ်ကလည်း တိုလာပြီ၊ ထမင်းစားဖို့ကလည်း အချိန်နည်းနည်း လိုနေသေးတယ်ဆိုရင် သစ်သီးတွေဟာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement