“အဖေ့မှာ ကျောက်ကပ်ရောဂါရှိနေပြီတဲ့၊ ကျောက်ကပ်ဆေးမှရမယ်ပြောတယ်။ ကျောက်ကပ်ဆေးဖို့ကလည်း အရမ်းကုန်မှာတဲ့”
“ကိုထွန်းလား အရက်တွေ အရမ်းသောက်လို့လေ၊ အခုတော့အသားတွေဝါပြီး ဗိုက်ကြီးပူလာလို့လေ၊ ဆေးရုံမှာ”
“အဖေ ပြန်ကျပ်လို့ဆေးရုံတင်လိုက်ရတယ်။ အဲ့လိုပဲ ပြန်ပြန်ဖြစ်ဖြစ်နေတာ။ ဆေးလိပ်သောက်လို့ဖြစ်တာတဲ့”
“ကိုလှတော့မနေ့က ဆေးရုံတင်လိုက်ရတယ်။ နှလုံးသွေးကြောပိတ်သွားလို့တဲ့”
ဒေါက်တာကျော်တစ်ယောက် ဆရာဝန်နားနေခန်းထဲနေစဉ် အပြင်မှလူနာစောင့်များ ဖုန်းပြောနေသည်ကို ကြားနေကျအသံများဖြစ်သည်။ အစိုးရဆေးရုံတွင် အလုပ်လုပ်နေသော သမားတော်တစ်ဦးဖြစ်သည်နှင့်အညီလူနာများစွာ ရောဂါများစွာကိုတွေ့ရှိကုသနေရသည်။ အစိုးရဆေးရုံဖြစ်သဖြင့်ချို့တဲ့သော လူနာများကိုအများစုဖြစ်သည်။ လူသာ ဆင်းရဲကြသော်လည်း ဖြစ်သော ရောဂါများကမဆင်းရဲကြချေ။ ဆေးကုသစရိတ်များမည့်သူဌေးရောဂါဟု ဒေါက်တာကျော်နာမည်ပေးထားသော ရောဂါများဖြစ်ကြသည်သာ။
ထိုအခါ ပြဿနာက ဆေးကုသစရိတ် မတတ်နိုင်ကြခြင်းပင်။ အစိုးရဆေးရုံဖြစ်သဖြင့် အစိုးရကအသုံးများသော ဆေးတော်တော်များများ ပေးထားနိုင်သော်လည်း အသုံးနည်းသည့် ဆေးများ ကုန်သွားသောဆေးများကို လူနာကိုယ်တိုင်ဝယ်ကြရသည်။ ထို့အပြင် နာတာရှည် ကျောက်ကပ်ရောဂါသမားများအတွက်ကျောက်ကပ်ဆေးခြင်းကို လူနာကိုယ်တိုင်ကပင် အကုန်ကျခံလုပ်ကြရသည်ကများသည်။
အလားတူပင်တချို့သောကုသမှုများ ဥပမာ နှလုံးခွဲစိတ်ခြင်းမျိုးတွင် လူနာက ကုန်ကျစရိတ် ကျခံရသည်များလည်း ရှိသည်။ ဆေးများဆိုလျှင်လည်း ဆေးရုံတက်နေစဉ် အခမဲ့ ရနေလျှင်တောင်မှ ဆေးရုံကဆင်းပြီး ရေရှည်သောက်ရန်မိမိဘာသာ ဝယ်ကြရမည်ဖြစ်သည်။ ထိုအခါ ထို ကုန်ကျ စရိတ်များ မတတ်နိုင်ကြတော့ခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည်လည်း ဆင်းရဲသောနိုင်ငံဖြစ်သည်နှင့် အညီ အစိုးရက တတ်နိုင်သမျှထောက်ပံ့သလို ပြင်ပပရဟိတအဖွဲ့များကလည်း တတ်နိုင်သမျှ ပရဟိတဆေးခန်းများ ဖွင့်ကာ ကူညီပေးနေကြသည့်တိုင် လူနာအားလုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သေးသည် မဟုတ်ချေ။
ဖြစ်ပွားသော ရောဂါတော်တော်များများကို လေ့လာကြည့်လျှင် မဖြစ်ခင်က ကြိုတင်ကာကွယ်၍ ရသောရောဂါများဖြစ်သော်လည်း အမှုမဲ့အမှတ်မဲ့နေမိ၍ ဖြစ်လာတော့မှကုသရခက်သွားကြသည့်အနေအထားများကို တွေ့ရှိရသည်။ လူအများစုသည်မဖြစ်ခင်က ကြိုတင်ကာကွယ်ရန်ကိစ္စကို မေ့နေကြပြီးနေချင်သလိုသာ နေတတ်ကြသည်။ ထို့ကြောင့်လည်း ရောဂါဖြစ်လာချိန်မှ တောင်မင်း မကယ်နိုင်၊မြောက်မင်း မကယ်နိုင်ဖြစ်ပြီး ဒုက္ခရောက်ကြသည်။ ထို့ကြောင့်လည်း ရောဂါအများစုကိုကာကွယ်နိုင်မည့် သတိပြုဆင်ခြင်ဖွယ်ရာအချက်တချို့ကို ဖော်ပြလိုက်ရပါသည်။
၁။ အစားအသောက်သတိထားပါ။
လူအများစုသည် အစားအသောက်ကို ကိုယ်ကြိုက်သလို စားနေကြသည်။ အဆီများသော အစားအစာ၊ အချိုများသောအစားအစာများသည် လူအများကြိုက်သော အစားအစာများဖြစ်သည်။ အချိုရည်ကိုအလွန်အကျွံသောက်ကြသည်။ အဆီအစိမ့်များစားရင်းမှ ဝမှန်းမသိဖြည်းဖြည်းချင်း ဝလာကြသည်။ ဝလာပြီးမှဝိတ်လည်း ပြန်လျှော့ရခက်လာကြသည်။ ထိုအခါ ဝခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့်သွေးကြောအဆီပိတ်ခြင်း၊ ဆီးချို သွေးတိုးဖြစ်လာခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ဆီးချိုသွေးတိုးရောဂါများကို သေချာမထိန်းသိမ်းနိုင်သည့်အခါ နောက်ဆက်တွဲ ကျောက်ကပ်စသည့်ရောဂါများဖြစ်လာခြင်း၊ အသည်းအဆီဖုံးခြင်းမှအသည်းခြောက်ခြင်း စသည်များဖြစ်လာကြတော့သည်။
အဝလွန်လာခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုတွင် အစာပုံမှန်စားချိန်တွင်မစားဘဲ အာလူးကြော်snack စသည့် သွားရည်စာများအစားများခြင်းလည်း ပါဝင်ပါသည်။
ထို့ကြောင့်လည်း အစားအသောက်ကို ဆင်ခြင်စားသုံးရန် လိုအပ်ပါသည်။ အန္တရာယ်ရှိသော အဆီများဖြစ်သည့် တိရစ္ဆာန်မှရသော အဆီ၊ စားအုန်းဆီ၊ နို့ဆီဒိန်ခဲစသည့်အဆီများသော အစားအသောက်များကို ဆင်ခြင်စားသောက်ရပါမည်။ ထမင်းကိုလည်း အလွန်အမင်းစားသုံးခြင်းမပြုဘဲ ပုံမှန်ပမာဏလောက်သာ စားသုံးသင့်ပါသည်။ မိမိကိုယ်လက်လှုပ်ရှားမှုအနေအထားပေါ်မူတည်၍ ချင့်ချိန်စားသုံးရပါမည်။ သာမန်အားဖြင့်လူတစ်ဦးသည်တစ်နေ့လုံးတွင်ဟင်းချိုသောက်ပန်ကန်လုံးသုံးလုံးစာ ထမင်းကိုစားသုံးနိုင်သည်ဟုဆိုပါသည်။
ထမင်းစားချိန်ကိုလည်း ပုံမှန်စားသောက်ပြီး ကြားပေါက်သွားရည်စာများ အလွန်အမင်း စားသုံးခြင်း၊ အချိုရည်များအလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
အချိုရည်များများသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်ပွားစေခြင်း၊ ဝစေခြင်းများကိုဖြစ်ပေါ်စေပါသည်။ ထို့ကြောင့်အချိုရည်များကို မကြာခဏသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
ပြောနေကျ စကားတစ်ခွန်းရှိပါသည်။ ရေဆာချိန်တွင်ရေကိုသာ သောက်သုံးသင့်ပါသည်။
၂။ သွက်လက်တက်ကြွစွာနေပါ။ ကိုယ်လက် လှုပ်ရှားမှု လုပ်ပါ။
သွက်လက်တက်ကြွစွာ နေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်းသည်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ ယခုနောက်ပိုင်းတွင် စက်ပစ္စည်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူအပင်ပန်းခံရသည်က နည်းလာသည်။ လမ်းလျှောက်သွားနေကျခရီးကို ကားဖြင့်သွား၍ ရလာသည်။ ထိုအခါ လူအများ၏ ကိုယ်လက်လှုပ်ရှားမှုသည်လည်း အလိုလိုနေရင်း နည်းသွားတော့သည်။ ကျန်းမာရေးနှင့် လျော်ညီစေရန် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လှုပ်ဆောင်ရန်လိုအပ်ပါသည်။ ဖြစ်နိုင်ပါက သီးသန့်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို တစ်ပတ်လျှင်မိနစ်၁၅၀ ခန့် လုပ်ဆောင်သင့်ပါသည်။ မနက်စောစောထ လမ်းလျှောက်ခြင်း၊ ယောဂကိုယ်လက်လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းများလုပ်ခြင်းသည် အထူးပင်ကောင်းမွန်ပါသည်။ သီးသန့်လေ့ကျင့်ခန်းမလုပ်နိုင်လျှင်တောင် သွားစရာရှိလျှင်လမ်းများများလျှောက်ခြင်း၊ ထိုင်၍လုပ်နေရသော အလုပ်ဆိုလျှင် မကြာခဏလမ်းလျှောက်ခြင်းများကို ပြုလုပ်သင့်ပါသည်။
၃။ ဝိတ်လျှော့ပါ။
အဝလွန်သူများအနေဖြင့် ဝိတ်လျှော့ရန်မှာ အရေးကြီးပါသည်။ ဝိတ်လျှော့ရန်အထက်ပါ အချက်၂ချက်ကို အထူးသတိထားလိုက်နာကြရန်လိုပါသည်။ အစားအသောက်လည်း လျှော့၊ကိုယ်လက်လှုပ်ရှားမှုလည်း သေချာလုပ်ဆောင်ပါမှ အဝလွန်ခြင်းမှ ဝိတ်ကို လျှော့ချ နိုင်မည်ဖြစ်ပါသည်။
၄။ ဆေးလိပ် ကွမ်းကို ရှောင်ပါ။
အရက်ကို အလွန်အကျွံမသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာရောဂါစသည့် အဆုတ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အစာလမ်းကြောင်းတွင် အနာဖြစ်ခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးစသည့် ရောဂါအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေပါသည်။ ကွမ်းစားခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ တချို့က ဆေးလိပ်ဖြတ်ရန် အကြောင်းပြပြီး ကွမ်းစားတတ်ကြသည်။ ကွမ်းသည်လည်း ပါးစောင်ကင်ဆာအပါအဝင် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ အရက်ကို တစ်နေ့လျှင်အမျိုးသားများတွင် သုံးယူနစ်၊ အမျိုးသမီးများတွင် နှစ်ယူနစ်အထိသာ သောက်သုံးသင့်သည်ဟု ဆိုကြသည်။ ထိုပမာဏသည် အမျိုးသာများတွင် ဘီယာ ဆိုလျှင်တစ်ခွက်ခွဲ၊ အရက်ဆိုလျှင် သုံးပက်လောက်၊ အမျိုးသမီးများတွင် ဘီယာတစ်ခွက်၊ အရက်နှစ်ပက်လောက်ထိသာ ရှိပါသည်။ ထိုပမာဏထက်ပိုမိုသောက်သုံးပါက အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း၊ အစာလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ နှလုံးအားနည်းခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း စသည်များစွာဖြစ်တတ်ပါသည်။
၅။ ဆေးများကို အလွယ်တကူမသောက်ပါနှင့်။
မိမိတို့လူမျိုးများသည် သူများညွှန်းသော ဆေးကိုအလွယ်တကူသောက်လေ့ရှိသည်။ မြန်မာဆေး၊ အင်္ဂလိပ်ဆေးအစုံကို သူများကောင်းသည်ပြောရုံနှင့်သောက်ကြသည်။ ထိုအခါ ဆေး၏ ရေတိုရေရှည်ဘေးထွက်ဆိုးကျိုးများကို ခံစားကြရတော့သည်။ ဆေးကြောင့် အသည်းထိခြင်း၊ ကျောက်ကပ်ထိခြင်းများအဖြစ်များသည်ကို တွေ့ရပါသည်။ ထို့ကြောင့်လည်း ဆေးဝါးများကိုသက်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၏ညွှန်ကြားချက်နှင့်သာ သောက်သုံးသင့်ပါသည်။
၆။ မိမိတွင် ရှိသော ရောဂါကို စောစောကုပါ။
ရောဂါများသည် စောစီးစွာ သိသော အဆင့်တွင် သေချာ ထိန်းသိမ်းကုသပါက ကုန်ကျစရိတ်သက်သာသလို နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ကာကွယ်ပြီးဖြစ်မည်ဖြစ်သည်။ ဒါကို သေချာ ကုသခြင်းမပြုပါက နောက်ဆက်တွဲ ဆိုးကျိုးဝင်လာချိန်တွင် ကုသရခက်ခဲသွားခြင်း၊ ကုသစရိတ်ကြီးခြင်းများဖြစ်ပေါ်လာပါလိမ့်မည်။ ဥပမာ ဆီးချို သွေးတိုး ရောဂါများကို စောစော ကတည်းကသေချာ ထိန်းသိမ်းခြင်းမပြုပါက နောက်ဆက်တွဲ ကျောက်ကပ်၊ နှလုံး၊ လေဖြတ်စသည်တို့ ဖြစ်ပွားလာနိုင်သဖြင့်
ရောဂါရှိမှန်းသိချိန်မှစ၍ မပေါ့ဆဘဲ သေချာထိန်းသိမ်းကုသရန်လိုအပ်ပါသည်။
၇။ ကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့် အညီ ထိုးရန်။
ကာကွယ်ဆေးနှင့်ပတ်သက်သော ဘေးပတ်ဝန်းကျင်မှလျှောက်ပြောတတ်သည့်စကားများကို နားမယောင်ရန်လိုပါသည်။ ကာကွယ်ဆေးများသည်များစွာ ဆေးသုတေသန ပြုလုပ်ပြီးမှလူအများတွင်အသုံးပြုရန်ခွင့်ပြုထားခြင်းဖြစ်ရာ ကာကွယ်ဆေးသည်အန္တရာယ်ရှိသည်ဟုဆိုသော စကားများကိုနားမယောင်မိစေရန်လိုအပ်ပါသည်။ အချုပ်အားဖြင့်ဆိုရသော်ရောဂါများကိုကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုကောင်းမွန်လွယ်ကူပါသည်။ ရောဂါများကိုကာကွယ်နိုင်ရန်ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုများကိုပုံမှန်လုပ်ဆောင်သွားရန်လိုအပ်လှကြောင်း တင်ပြလိုက်ရပါသည်။
[embed-health-tool-heart-rate]