backup og meta

အသက်ကယ်ဖို့ သွေးလှူ ကြပါစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကယ်ဖို့ သွေးလှူ ကြပါစို့ 

    ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် စိတ်ချရတဲ့သွေးရရှိဖို့ ဘယ်လောက်အရေးပါသလဲဆိုတာနဲ့ သွေးလှူ ဖို့ ဘာလို့အရေးကြီးလဲဆိုတာတွေကို ပြောပြချင်ပါတယ်။

    ကမ္ဘာ့ သွေးလှုရှင်များနေ့

    နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ ဖြစ်ပါတယ်။ လူတိုင်းအသက်ရှင်နေနိုင်ဖို့ သွေးကို မရှိမဖြစ်လိုအပ်ပါတယ်။ အခုချိန်ထိလည်း ကမ္ဘာ့အနှံ့အပြားမှာ သွေးအရေးပေါ်လိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်ကုသမှု ခံယူရမယ်ဆိုရင် သွေးလိုပါတယ်။ ကလေးမွေးမယ့် မိခင်တွေဆိုလည်း အရေးပေါ်သွေးဆောင်ထားဖို့လိုသလို သွေးပုံမှန်သွင်းဖို့ လိုအပ်နေတဲ့ နာတာရှည်ဝေဒနာရှင်တွေလည်း သန်းပေါင်းများစွာရှိပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးက သွေးလိုအပ်နေတဲ့သူတွေအတွက် လုံခြုံစိတ်ချရတဲ့ သွေးရရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီသတင်းစကားကို ဖြန့်ဝေချင်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၀၅ ခုနှစ်ကစပြီး နှစ်တိုင်းဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

    အသက်ကယ်ဖို့ သွေးလှူ ကြပါစို့

    သန့်စင်တဲ့ သွေးလိုအပ်နေသူတွေ အများကြီးရှိပေမယ့် တကယ်ရရှိသူပမာဏကတော့   အခုချိန်ထိနည်းနေပါသေးတယ်။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံလို ကဏ္ဍအစုံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျန်းမာရေးစနစ်လည်း အားနည်းသေးတဲ့အတွက် ပိုခက်ခဲပါတယ်။

    ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ သွေးလှူ ဖို့လိုအပ်တဲ့ အခြေခံကျန်းမာရေး ပစ္စည်းတွေနဲ့ လူအင်အားမလုံလောက်ခြင်းကလည်း သွေးလှူဒါန်းချင်သူတွေအတွက် အတားအဆီးတစ်ခု ဖြစ်လို့နေပါတယ်။

    သွေးလှူချင်တဲ့သူက လှူဖို့လာရင်တောင် စနစ်တကျလုပ်ဆောင်ပေးမယ့် ဝန်ထမ်းမရှိတာ၊ ဆေးထိုးအပ်၊ သွေးအိတ်၊ သွေးအိတ်သိမ်းဆည်းဖို့အအေးခန်း စတဲ့ အခြေခံကျန်းမာရေးပစ္စည်းတွေ မရှိပြန်ရင်လည်း သွေးလှူဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးက သွေးလှူဒါန်းမှုတွေရဲ့ ၄၂% က ချမ်းသာပြီးတိုးတက်တဲ့ နိုင်ငံတွေကဖြစ်နေတာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

    တကယ်တော့ သွေးက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတစ်ခုလုံးမှာ အရေးကြီးဆုံးနေရာက ပါဝင်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံး အဆင်ပြေပြေလည်ပတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။

    စဉ်းစားကြည့်ပါ။ လူတစ်ယောက် ဆိုင်ကယ်မှောက်လို့ ခြေထောက်ကျိုးပြီး အရေးပေါ်ဌာန ရောက်လာမယ်ဆိုရင် အရေးပေါ်ခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်ပါပြီ၊။ ခွဲစိတ်ကုသမှု လုပ်ပြီဆိုရင် လိုအပ်ရင်သုံးဖို့ အရံသွေးထားရှိဖို့ လိုကိုလိုအပ်ပါတယ်။ ဒါအရေးပေါ်အခြေအနေကိုပြောပြတာပါ။

    ကြိုတင်ရက်သတ်မှတ်ပြီးခွဲစိတ်ရတဲ့ ခွဲစိတ်ရမှုတွေလည်း  ဆေးရုံတွေမှာ နေ့တိုင်းရှိနေပြီး ဒါတွေအတွက်လည်း အရံသွေးဆောင်ထားရပါသေးတယ်။ နောက်ပြီး ကလေးမွေးဖွားတဲ့ကိစ္စတွေမှာလည်း မိခင်အတွက် အရံသွေး ရှိကိုရှိရပါတယ်။ ဒီလိုခွဲစိတ်ကုသမှုတွေ၊ အရေးပေါ်ကုသမှုတွေအားလုံးအတွက် သွေးလှူရှင်ရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ သွေးလှူဒါန်းမှုတွေသာမရှိတော့ရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်လုံး ပုံမှန်လည်ပတ်ဖို့ အကြီးအကျယ်အခက်တွေ့သွားမှာပါ။

    သွေးလှူ ရှင်များ လိုအပ်လျက်ရှိ

    ဒါ့ကြောင့် ကျန်းမာရေးကောင်းမွန်ပြီး သွေးလှူ ဖို့ သင့်တော်သူတွေအနေနဲ့ မှန်မှန်လေးသွေးလှူကြဖို့ တိုက်တွန်းလိုပါတယ်။ သန့်စင်ပြီး ရောဂါပိုးကင်းရှင်းတဲ့သွေးဟာ လူပေါင်းများစွာရဲ့အသက်ကိုကယ်တင်ပေးနိုင် စွမ်းရှိပါတယ်။

    သွေးလှူဖို့ ဆိုတာလည်း တကယ်တော့အရမ်းမခက်ခဲပါဘူး။ သွေးလှူဖို့ အခြေခံလိုအပ်ချက်တွေ ပြည့်မီတဲ့ ဘယ်သူမဆိုလှူနိုင်ပါတယ်။ သွေးမလှူခင် ဖြည့်ရတဲ့အချက်အလက်တွေကိုတော့ ရိုးရိုးသားသားဖြည့် ရပါမယ်။ ဒီအချက်အလက်တွေအတိုင်း ကိုက်ညီမှ ရရှိတဲ့သွေးကလည်း သန့်စင်ပြီး စိတ်ချရတဲ့ သွေးဖြစ်မှာပါ။ အကယ်၍ ကိုယ်ကသွေးလှူချင်စောနဲ့ ရောဂါတစ်ခုခုရှိတာကို ဖုံးကွယ်ထားလိုက်မယ်ဆိုရင် ကိုယ့်သွေးကို လက်ခံရယူမယ့်သူအတွက် ဘေးဖြစ်သွားနိုင်ပါတယ် ဥပမာ-ကူးစက်ရောဂါတစ်ခုခုရှိနေတဲ့အခါမျိုးပါ။

    ဒီလောက်ဆို သွေးလှူခြင်းက ဘယ်လောက်မွန်မြတ်တဲ့လုပ်ရပ်တစ်ခုလဲဆိုတာ လက်ခံကြမယ်လို့ထင်ပါတယ်။ အသက်ဆက်ရှင်သန်ဖို့အတွက် သန့်စင်တဲ့သွေးလိုအပ်နေသူတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ သွေးလှူဒါန်းဖို့ စံနှုန်းတွေ ပြည့်မီတယ်ဆိုရင် သွေးလှူဖို့ တိုက်တွန်းလိုပါတယ်။

    ကိုယ်တိုင်သွေးလှူပြီးရင်လည်း ကိုယ့်အနီးအနားက မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေကိုပြောပြပါ။ သွေးလှူရုံနဲ့တင် လူ့အသက်ကို ကယ်တင်နိုင်ကြောင်း၊ သန့်စင်တဲ့သွေးရရှိဖို့ လိုအပ်နေသူတွေအများကြီးရှိကြောင်း ပြောပြပြီး သူတို့ကိုယ်တိုင်လည်း သွေးလှူချင်စိတ်ဖြစ်လာအောင် စည်းရုံးကြည့်ပါ။ဒီနည်းနဲ့ တစ်ယောက်စ နှစ် ၏ယောက်စကနေ အခြားသူတွေအထိ ပျံ့နှံ့သွားပါစေ။

    လူတွေအားလုံး သွေးလှူခြင်းရဲ့ကောင်းကျိုးတွေကိုသိရှိပြီး တကယ်သွေးလိုအပ်နေသူဆီ သွေးလှူဒါန်းခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ပါဝင်အားဖြည့်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement