သွေးလှူပြီး သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ခြင်းဟာ အလွန်တရာမှ မွန်မြတ်တဲ့အလုပ် ပါ။ ‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ သွေးလှူ တော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ပြန်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက သင်သွေးလှူရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်နော်။
သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ
သွေးလှူတော့မယ်ဆိုရင်
- ရေများများသောက် ထားသင့်ပါတယ်။
သင်ကိုယ်တိုင်ရေဓာတ် ပြည့်ဝနေဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ သွေးမလှူခင် သုံးနာရီလောက်မှာ ဖန်ခွက်နဲ့ ရေ(၃) ခွက်လောက် သောက်ထားပေးသင့်ပါတယ်။ သွေးလှူဖို့ စောင့်ဆိုင်းနေချိန်မှာလည်း ရေ(၅၀၀)မီလီလီတာ (500mL) (ရေသန့်ဘူးကြီးတစ်ဝက်) လောက် သောက်ပေးပါ။ ရေများများသောက်ထားလေလေ သွေးလှူအပြီး မူးဝေခြင်းကို ခံစားရဖို့ ရာခိုင်နှုန်းနည်းလေလေပါပဲ။
- ပုံမှန်အတိုင်း အစားစားထားပါ။
ဗိုက်ထဲမှာ အစာမရှိဘဲ သွေးလှူခြင်းဟာမကောင်းပါဘူးနော်။ သွေးမလှူခင်မှာ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာအဖြစ် အရသာရှိတဲ့ အစားအစာတွေကို ပုံမှန်အတိုင်း စားထားပေးပါ။ အဆီအဆိမ့်ပါတာတွေတော့ ရှောင်ကြဉ်သင့်ပါတယ်။
- သက်သောင့်သက်သာရှိမယ့် အဝတ်အစားတွေပဲ ဝတ်ဆင်ထားပါ။
အထူးသဖြင့် သွေးလှူချိန် မှာ တံတောင်ဆစ်နားက သွေးပြန်ကြောကနေ သွေးကိုထုတ်ယူပါတယ်။ ဒါကြောင့် လက်ရှည်ကြပ်ကြပ် ဝတ်ထားတာမျိုးကို ရှောင်ပါ။ အင်္ကျီလက်တိုဖြစ်စေ၊ ခေါက်နိုင်တဲ့ အင်္ကျီလက်ရှည်ဖြစ်စေ ဝတ်ဆင်ပါ။ သွေးလှူချိန်မှာ ခုတင်ပေါ်မှာ သင့်တော်တဲ့ အနေအထားနဲ့ လှဲလှောင်းနေရတာကြောင့် လွယ်လွယ်ကူကူလှုပ်ရှားနိုင်ဖို့ အဝတ်အစား ချောင်ချိနေဖို့လိုအပ်ပါတယ်။
- အဖော်နဲ့လှူပါ။
မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတူတကွသွေးလှူခြင်းဟာ ပျော်စရာ ကောင်းသလို စိတ်ဓာတ်ကိုလည်း ပိုမိုတက်ကြွစေနိုင်ပါတယ်။
သင်ကိုယ်တိုင် နေမကောင်းတာမျိုး ဖျားနာနေတာမျိုး၊ သွေးပေါင်ကျနေတာမျိုးစတဲ့ အချိန် တွေမှာဆိုရင်တော့ သွေးလှူခြင်းကို မလုပ်ပါနဲ့ဦး။
သွေးလှူပြီးချိန်မှာတော့
- ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ သွေးလှူပြီးချိန်မှာ ချက်ချင်းထမထိုင်လိုက်ပါနဲ့။ အနည်းဆုံးတော့ (၃၀)မိနစ်လောက် အနားယူပြီးမှ ထပါ။
- အရက်သောက်တတ်သူဆိုရင်တော့ သွေးလှူပြီး အနည်းဆုံးတစ်ရက်(၂၄)နာရီ စောင့်ဆိုင်း ပေးပါ။ တစ်ရက်အကျော်မှ ပြန်သောက်ပါ။
- သွေးထုတ်ထားတဲ့ နေရာကနေ သွေးပြန်ထွက်လာနိုင်တဲ့အတွက် သွေးဖောက်ထားတဲ့နေရာကို ပိုးသတ်ထားသော ဂွမ်းစနဲ့ အနည်းဆုံး (၁၀)မိနစ် လောက် ညင်သာစွာ ဖိထားပေးပါ။
- သွေးထုတ်ထားတဲ့နေရာမှာ ကပ်ထားတဲ့ ပတ်တီးစကို (၂)နာရီကြာမှ ခွာပါ။ ခွာပြီးရင်တော့ ရေနဲ့ဆပ်ပြာကိုအသုံးပြုကာ ဆေးကြောသန့်စင်ပေးပါ။
- သွေးလှူပြီး တစ်နာရီအကြာထိ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူများနဲ့လည်း ဝေးဝေးနေပါ။
- ရေနဲ့ အစာကို ပုံမှန်အတိုင်း ပြည့်ပြည့်ဝဝပြန်စားပေးပါ။ သွေးလှူပြီး တစ်ရက်ကနေ နှစ်ရက် အတွင်းမှာ အာဟာရရှိတဲ့အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။ သွေးလှူပြီး သုံးနာရီကြာအထိ ရေကို ဖန်ခွက်(၃)ခွက် အပြည့်သောက်ပေးသင့်သေးတယ်။
- အလေးအပင်မတာမျိုး၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာမျိုးရှောင်ပါ။ မူးဝေမေ့လဲ့ တာမျိုးဖြစ်နိုင်လို့ပါ။
- သင်ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကို ဝေမျှနိုင်ပါတယ်။ သင့်သွေးလှူခဲ့ကြောင်းကို Facebook တို့၊ Instagram တို့လို လူမှုကွန်ယက်တွေပေါ်မှာ တင်နိုင်ပါတယ်။ သင့်သူငယ်ချင်း၊ မိတ်ဆွေတွေလည်း သင့်ကိုအားကျပြီး သွေးလှူကာ လူ့အသက်ကယ်ချင်စိတ်တွေပေါ်ကောင်း ပေါ်လာနိုင်ပါတယ်။
သင် သွေးလှူပြီးချိန်မှာ ချာချာလည်အောင် မူးဝေလာမယ်ဆို ဘာလုပ်သင့်သလဲ။
- ကားမောင်းနေမယ်ဆိုရင်တော့ ကားကိုချက်ချင်းရပ်လိုက်ပါ။
- အင်္ကျီကော်လံ၊ နက်တိုင်လိုအရာမျိုးကို ဝတ်ထားရင်တော့ ကော်လံကို ဖြေလျှော့လိုက်ပါ။
- ဖြစ်နိုင်မယ်ဆိုရင် အေးတဲ့နေရာရှာပြီး ရေ၊ သစ်သီးဖျော်ရည် အစရှိတဲ့ အရည်တွေကို အဝ သောက်လိုက်ပါ။
လက္ခဏာတွေဟာ ပိုမိုပြင်းထန်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့သာ သွားရောက်ပြသပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
[embed-health-tool-bmi]