backup og meta

ခြေမအဆစ်မှာ ဖြစ်တတ်တဲ့ ဘူနီယွန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေမအဆစ်မှာ ဖြစ်တတ်တဲ့ ဘူနီယွန်

    ခြေမအရင်းက အဆစ်မှာ ဖုပြီး ကိုက်ခဲနာကျင်ရတယ်၊ ရောင်နေတတ်တယ်ဆိုရင်ပဲ အဆစ်နာဂေါက်ရောဂါဖြစ်နေပြီလို့ ယူဆကြပါတယ်။ ယူရစ်အက်စစ်တွေများပြီး အဆစ်မှာစုပုံလို့ အခုလိုခံစားရတာလို့ ဆေးမစစ်ဘဲ တစ်ထစ်ချ ထင်မြင်လိုက်တာပဲ များပါတယ်။ ဒါပေမယ့် ဒါကတော့ ဂေါက်မဟုတ်တဲ့ ဘူနီယွန် (Bunion) ဖု ဖြစ်ပါတယ်။

    ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP)joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီးတဖြည်းဖြည်းနဲ့ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်နဲ့ဘာကွာလဲဆိုတော့ ဂေါက်ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံးရောင်ရမ်း၊နီရဲ၊ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာကျတော့ ခြေမအရင်းအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။

    ဒီလက္ခဏာတွေ ဖြစ်လာမယ်

    သူ့ရဲ့အထင်ရှားဆုံးလက္ခဏာက ခုနပြောသလို ခြေအဆစ်မှာ မာကျောတဲ့ဖုတစ်ခုဖြစ်လာတာပါ။ အဲဒီဖုက နာကျင်ရမယ်၊ နီပြီးရောင်ရမ်းလာတတ်တယ်။ တစ်ခါတလေ ခြေချောင်းတွေ၊ အထူးသဖြင့် ခြေမကို မလှုပ်ရှားနိုင်ဖြစ်စေနိုင်ပါတယ်။ ပြီးရင် –

    • ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊နီမြန်း၊ နာကျင်ရတယ်
    • ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေဖြစ်လာမယ်
    • အမြဲ သို့မဟုတ် ကြိုကြားကြိုကြား နာကျင်ကိုက်ခဲမယ်
    • အဆစ်နာကျင်မှုကြောင့် ခြေချောင်းကိုထိခိုက်ပျက်စီးစေခဲ့ရင်ခြေမ လှုပ်ရှားလို့မကောင်းဖြစ်စေမယ်။

    အကြောင်းရင်းတွေ

    ဘူနီယွန်ဖြစ်စေတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ယူဆချက်တွေအမျိုးမျိုးရှိကြပေမယ့် တိကျတဲ့အကြောင်းရင်းတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေအများဆုံးအချက်တွေကတော့ –

    • မျိုးရိုးလိုက်တဲ့ ခြေထောက်ပုံစံ
    • ခြေထောက်ထိခိုက်မှုတွေ
    • မွေးရာပါ အရိုးအဆစ်ပုံသဏ္ဍာန်မမှန်ခြင်း တို့ဖြစ်ပါတယ်။

    ဖြစ်နိုင်ခြေများစေတဲ့အချက်တွေက –

    • ဒေါက်ဖိနပ် -ဒေါက်ဖိနပ်တွေစီးရင် ခြေမကို ဖိနပ်အရှေ့ပိုင်းဆီ ဖိချသလိုဖြစ်စေနိုင်တော့။ ခြေမကို ဝန်ပိစေတတ်တယ်။
    • အဆင်မပြေတဲ့ဖိနပ်တွေ – သိပ်ကျပ်လွန်း၊ ကျဉ်းလွန်း၊ ထိပ်စုလွန်းတဲ့ ဖိနပ်တွေစီးတဲ့သူတွေမှာ ဘူနီယွန်ဖု ပိုဖြစ်လွယ်တတ်ပါတယ်။
    • လေးဖက်နာအဆစ်ရောင် – ဒီရောဂါရှိသူတွေမှာ ဘူနီယွန် ပိုဖြစ်လွယ်နိုင်ပါတယ်။
    • မျိုးရိုးဗီဇ – မျိုးဗီဇကြောင့်လည်း ဘူနီယွန်ဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။

    နောက်ဆက်တွဲပြဿနာများ

    အမြဲတမ်းနာကျင်နေရတာမဟုတ်ပေမယ့် သူ့ကို ခွဲစိတ်မပြုပြင်မချင်းတော့ ဘူနီယွန်ဖုတွေကရှိနေဦးမှာပဲ။ သူ့ကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေက –

  • Bursitis – အရိုး၊အရွတ်နဲ့ ကြွက်သားတွေကို အခုအခံ ထောက်ကန်ပေးတဲ့ အဆစ်တဝိုက်က အဆီအိတ်လေးတွေ ရောင်ရမ်းလာတဲ့အခါ နာကျင်ရတဲ့ဝေဒနာဖြစ်ပါတယ်။
  • Hammertoe -ခြေချောင်းအလယ်အဆစ်မှာ မူမမှန်ဘဲ ကွေးကောက်လာတဲ့ ပုံသဏ္ဍာန်ပျက်ယွင်းမှုပါ။ များသောအားဖြင့် ခြေညှိုးတွေမှာဖြစ်လေ့ရှိပြီး နာကျင်ကိုက်ခဲမှုကိုခံစားရပါတယ်။
  • Metatarsalgia – ခြေဖဝါးအရှေ့ပိုင်းမှာ နာကျင်၊ရောင်ရမ်းတဲ့ ဝေဒနာပါ။
  • ဘယ်လိုသက်သာအောင် လုပ်မလဲ

    ဖိနပ်ပြောင်းစီးပါ – သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုစီးခြင်းအားဖြင့် ခြေချောင်းတွေအတွက် ဝန်ပိသက်သာစေမယ်။ ဖိနပ်အမြင့်တွေစီးရင် ခြေထောက်အရှေ့ပိုင်းကို ဝိတ်ပိစေပြီး ဘူနီယွန်အပြင် တခြားပြဿနာတွေပါဖြစ်လာနိုင်ပါတယ်။ ကျပ်တဲ့ဖိနပ်တွေ၊ ခြေချောင်းထိပ်တွေကို စုပြီးစည်းထားတဲ့ဖိနပ်မျိုးတွေကို ရှောင်ပါ။

    ရေခဲကပ်ပါ – နာကျင်ကိုက်ခဲမှုကို သက်သာအောင်လို့ ရေခဲတုံးကို အဝတ်စလေးပတ်ပြီး အဖုမှာ ကပ်ပေးပါ။ တစ်ကြိမ်မှာ မိနစ် ၂၀ ထက်ပိုမကြာဖို့တော့ သတိပြုပါ။ ခြေထောက်မှာက တခြားကိုယ်အစိတ်အပိုင်းတွေမှာထက် တစ်ရှူးနဲ့ကြွက်သားနည်းတာကြောင့် ရေခဲလောင်မှာစိုးရိမ်ရလို့ပါ။

    ပတ်စည်းပါ – သူ့အတွက်သီးသန့်ထုတ်တဲ့ Special pads လေးတွေဖြစ်ဖြစ်၊ မရှိရင် အဝတ်တစ်ခုနဲ့ဖြစ်ဖြစ် ဘူနီယွန်ဖုရှိတဲ့နေရာကို ပတ်စည်းပါ။

    ဆေးသောက်ပါ – acetaminophen၊ ibuprofen၊ naproxen တို့လို အကိုက်အခဲပျောက်ဆေးတွေ လွယ်လွယ်ဝယ်သောက်လို့ရပါတယ်။ တကယ်လို့ လေးဖက်နာလို အဆစ်ရောင်ရောဂါကြောင့်ဆိုရင်တော့ ဆရာဝန်က သက်ဆိုင်ရာအကိုက်အခဲပျောက်ဆေးတွေ ပေးပါလိမ့်မယ်။

    ခွဲစိတ်ကုသမှုခံယူပါ – တခြားကုသနည်းတွေနဲ့ မသက်သာရင်တော့ ဆရာဝန်က ခွဲစိတ်ကုသပြီး ခြေမကို ပြန်ဖြောင့်တန်းအောင် လုပ်ပေးပါလိမ့်မယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ

    များသောအားဖြင့် ဆေးသွားကုရတဲ့အထိ မလိုအပ်တတ်ပေမယ့် ဒီအခြေအနေတွေဖြစ်လာရင်တော့ ဆရာဝန်ပြသင့်ပါတယ် –

    • ခြေမ သို့မဟုတ် ခြေထောက်နာကျင်ကိုက်ခဲမှုက လုံးဝမပျောက်ရင်(ဆက်တိုက်နာကျင်နေရင်)
    • ခြေမအဆစ်မှာ အရမ်းသိသာအောင်ဖုထွက်နေရင်
    • ခြေမ သို့မဟုတ် ခြေထောက်လှုပ်ရှားမှု မကောင်းတော့ရင်
    • အဖုကြောင့် ဖိနပ်တွေစီးရအဆင်မပြေတော့ရင် ဆေးကုသမှုခံယူသင့်ပါတယ်။

    ဘူနီယွန်မဖြစ်အောင် ကြိုတင်ကာကွယ်မယ်ဆိုရင်တော့ –

    • ဖိနပ်ရွေးတဲ့အခါ ဂရုတစိုက်ရွေးပါ။ ခြေမ၊ ခြေချောင်းတွေအတွက် လုံလောက်တဲ့နေရာ အံဝင်ခွင်ကျဖြစ်ရပါမယ်။ အတင်းစုစည်းထားတဲ့ ထိပ်စုပုံစံမဖြစ်တာကောင်းပါတယ်။ အရှည်ဆုံးခြေချောင်းထိပ်နဲ့ ဖိနပ်ထိပ်ဆုံးကြားမှာ နေရာလွတ်ကျန်ရပါမယ်။
    • ဖိနပ်က ကိုယ့်ခြေထောက်ပုံစံနဲ့ အံဝင်ခွင်ကျဖြစ်ရပါမယ်။ စီးလိုက်တဲ့အခါ ခြေထောက်ရဲ့အစိတ်အပိုင်း တစ်ခုခုကို ညှစ်ထား၊ ဖိထားသလို မဖြစ်စေဖို့ သတိထားပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement