backup og meta

Coenzyme Q10 အကြောင်း သိသင့်သမျှ


Dr. Thant Zin မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Coenzyme Q10 အကြောင်း သိသင့်သမျှ

    Coenzyme Q10 ကို CoQ10 လို့လည်း အတိုကောက်ခေါ်ဝေါ်ပါတယ်။ သင့်ကိုယ်ခန္ဓာဟာလည်း CoQ10 ကို သဘာဝအလျောက် ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြီးလာတာနဲ့အမျှ CoQ10 ထုတ်လုပ်မှု လျော့နည်းသွားနိုင်ပါတယ်။ နှလုံးရောဂါ၊ ဆီးချို၊ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ကင်ဆာ စတဲ့ ကျန်းမာရေးပြဿနာတွေဟာ CoQ10 နည်းပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။

    CoQ10 ဆိုတာဘာလဲ

    CoQ10 ဟာ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေထဲမှာ စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။ ဆဲလ်တွေရဲ့ စွမ်းအင်ရုံလို့ တင်စားရမယ့် မိုက်တိုကွန်ဒရိယများ (Mitochondria) ထဲမှာ သိုလှောင်ထားပါတယ်။ CoQ10 ကို ကိုယ်ခန္ဓာထဲမှာ ဓာတ်တိုးဖိစီးခြင်းကို လျော့ပါးစေပါတယ်။ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များကြောင့် ဆဲလ်များထိခိုက်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    CoQ10 ဟာ သင့်ကိုယ်ခန္ဓာထဲက ဆဲလ်တိုင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် စွမ်းအင်လိုအပ်ချက်များတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း စတာတွေမှာ ပါဝင်မှု ပိုမိုများပြားပါတယ်။

    အောက်ပါအချက်တွေကတော့ COQ10 ရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

    နှလုံးပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း

    နှလုံးသွေးကြောရောဂါများနဲ့ သွေးတိုးခြင်းကြောင့် နှလုံးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ သုတေသနအချို့အရ CoQ10 ကို နှစ်နဲ့ချီပြီး စွဲမြဲစွာသောက်သုံးသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးစေတယ်လို့ သိရပါတယ်။ နှလုံးရောဂါရှိသူတွေမှာလည်း CoQ10 သုံးစွဲပြီးနောက်ပိုင်း နှလုံးဖောက်ခြင်းကြောင့် ဆေးရုံတက်ရနိုင်ခြေ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

    CoQ10 ဟာ စွမ်းအင်မြှင့်တင်ပေးခြင်း၊ ဓာတ်တိုးပျက်စီးခြင်းကို လျှော့ချပေးခြင်း၊ နှလုံးလုပ်ငန်းတာဝန်များကို တိုးတက်ကောင်းမွန်စေခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။

    ကလေးရနိုင်စေခြင်း

    အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ သားဥထွက်ပေါ်မှုနှုန်း ကျသွားပြီး ကလေးရနိုင်မှုလည်း လျော့နည်းလာနိုင်ပါတယ်။ CoQ10 သုံးစွဲရင် ဒီပြဿနာကို အတိုင်းအတာတခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း အသက်ကြီးလာတဲ့အခါ သုက်ရည်သုက်ပိုးနဲ့ ပတ်သက်တဲ့ အရည်အသွေးတွေ ကျဆင်းလာနိုင်ပါတယ်။ CoQ10 ဟာ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာမို့ အမျိုးသားများ သုက်ပိုးအရည်အသွေးကောင်းစေပြီး ကလေးရနိုင်ခြေများစေဖို့ အထောက်အကူပြုပါတယ်။

    အသားအရေကို နုပျိုစေခြင်း

    အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အရာတွေဟာ ပြင်ပမှာ (ဥပမာ ခရမ်းလွန်ရောင်ခြည်) ရှိသလို ကိုယ်ခန္ဓာအတွင်းပိုင်းမှာလည်း (ဥပမာ ဆဲလ်များ ပျက်စီးခြင်း၊ ဟော်မုန်းမမျှတခြင်း) ရှိတတ်ပါတယ်။ CoQ10 ပါတဲ့အဆီကို အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းပေးရင် အရေပြားဆဲလ်တွေကို စွမ်းအင်ပေးပြီး ဓာတ်တိုးထိခိုက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ အရေပြားကို ပြင်ပကရော အတွင်းပိုင်းကပါ ဒုက္ခပေးနိုင်တဲ့ အရာတွေကို ကာကွယ်နိုင်ပါတယ်။

    ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

    CoQ10 ဟာ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဦးနှောက်အာရုံကြောဆဲလ်တွေ စွမ်းအင်လျော့နည်းတဲ့အခါ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ CoQ10 ဟာ ဦးနှောက်ဆဲလ်တွေကနေ ဖရီးရယ်ဒီကယ်ထွက်ခြင်းကို လျှော့ချပေးပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ တိုးမြှင့်ပြီး ဒီပြဿနာကို ကာကွယ်ပေးပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်းများအတွက် အထောက်အကူပြုခြင်း

    ကိုယ်ခန္ဓာဆဲလ်တွေမှာ မိုက်တိုကွန်ဒရိယဆိုတဲ့ စွမ်းအင်အဆောက်အဦတွေ ပါဝင်ပါတယ်။ အဆိုပါ မိုက်တိုကွန်ဒရိယများ ပုံမှန်အလုပ်မလုပ်တဲ့အခါ ကြွက်သားများ စွမ်းအင်လျော့နည်းပြီး အင်ပြည့်အားပြည့် မလှုပ်ရှားနိုင် ဖြစ်တတ်ပါတယ်။ CoQ10 ဟာ ဓာတ်တိုးဖိစီးခြင်းကို လျော့နည်းစေတာမို့ ကြွက်သားများရဲ့ စွမ်းဆောင်ရည်ကိုတက်စေပါတယ်။ အားကစားလုပ်ဆောင်ချိန်မှာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပါတယ်။

    ဆီးချိုသမားများအတွက် အထောက်အကူပြုခြင်း

    CoQ10 ဟာ အင်ဆူလင်အာရုံခံနိုင်စွမ်းကို တိုးတက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ သုတေသနတခုမှာ ဆီးချိုရောဂါသည်တွေကို COQ10 ပေးရာမှာ သွေးတွင်းသကြားဓာတ်နဲ့ A1C ဟီမိုဂလိုဘင်လျော့နည်းကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အဆီများကို ချေဖျက်ပေးခြင်းကြောင့် အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။

    CoQ10 ကို ဘယ်လိုရနိုင်သလဲ

    CoQ10 ကို အားဖြည့်ဆေးများအနေနဲ့ ရနိုင်သလို အစားအသောက်များကနေလည်း ရရှိနိုင်ပါတယ်။ CoQ10 ရရှိနိုင်တဲ့ အစားအစာများကတော့

    – ကလီစာများ။ နှလုံး၊ အသည်း၊ ကျောက်ကပ်

    – အသားများ။ ဝက်၊ ကြက်၊ အမဲသား

    – အဆီများသောငါးများ။ ငါးကွမ်းရှပ်၊ ဆာဒင်း၊ ဆယ်လ်မွန်၊ တူနာ

    – ဟင်းသီးဟင်းရွက်များ။ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်း

    – အသီးများ။ လိမ္မော်သီး၊ စတော်ဘယ်ရီသီး

    – အဆီ။ ပဲပိစပ်ဆီ၊ ကနိုလာဆီ

    – ပဲအမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement