backup og meta

ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ

    ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ……. ကိုယ့်ဆံပင်က အနံ့ပြင်းပြင်းရှိနေတယ်ဆိုရင်တော်တော်လေးနေရခက်ကြပါတယ်။ ခေါင်းနားကပ်တိုင်း အနံ့ထွက်နေမှာပေါ့။ ဒါပေမယ့် ဒါကို သတိထားမိတာက ကိုယ်တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဘေးနားက သူငယ်ချင်းတွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေအပြင် လိုင်းကားအတူစီးသူတွေပါ သတိထားမိပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။

    ခေါင်းက နံနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ကျဆင်းပြီး လူတွေနားသွားတိုင်း ငါဆံပင်က နံနေမလားဆိုပြီး မလုံမလဲဖြစ်ရပါတယ်။ ခေါင်းလည်းပုံမှန်လျှော်နေလျက်နဲ့ ဒီလိုဘာကြောင့်နံနေရတာလဲ။ အရေးကြီးတဲ့အချက်ကတော့ ခေါင်းလျှော်ပြီးတာတောင် အနံ့ဆိုးကကျန်နေသေးတယ်ဆိုရင် ဆံပင်က နံတာမဟုတ်ဘဲ ဦးရေပြားက အနံ့ထွက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဆံပင်ကိုရော၊ ဦးရေပြားကျန်းမာရေးကိုပါ ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။

    ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ

    ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ …… ခေါင်းချွေးနံရတဲ့ ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်း(၈)ခုကို ဖော်ပြလိုက်ပါတယ်။

    (၁) ခေါင်းမှန်မှန်မလျှော်ခြင်း

    ခေါင်းမလျှော်ဘဲနေလေ ဦးရေပြားမှာ အဆီတွေ ပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေ သေဆုံးပြီး အနံ့ဆိုးတွေဖြစ်လာစေပါတယ်။

    (၂) ခေါင်းခဏခဏလျှော်ခြင်း

    ခေါင်းလျှော်တယ်ဆိုပေမယ့် ခဏခဏလျှော်လွန်းတာက မကောင်းပါဘူး။ ဆံသားကို ပျက်စီးစေပြီး ဦးရေပြားကို ခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် အနံ့ပျောက်စေတာမှန်ပေမယ့် ခဏခဏလျှော်ရင် ဆန့်ကျင်ဘက်ရလဒ် ဖြစ်လာစေနိုင်ပါတယ်။ တစ်ပတ်အတွင်း သုံးလေးကြိမ် ခေါင်းလျှော်တဲ့အခါ ဆံပင်မှာရှိတဲ့ သဘာဝအဆီဓာတ်တွေ ခမ်းခြောက်စေတာကြောင့် ဦးရေပြားက အဆီပိုပြန်လာပါလိမ့်မယ်။ ဆံပင်မှာ အဆီတွေ ပိုပြန်လာမယ်၊ ချွေးတွေပိုထွက်မယ်၊ အနံပိုထွက်လာပါလိမ့်မယ်။

    (၃) ဆံသားအလှကုန်တွေနဲ့ ဓာတ်ပြုခြင်း

    တချို့အလှကုန်တွေက သင့်ခေါင်းက သဘာဝအဆီတွေနဲ့ မကောင်းတဲ့ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။ ခေါင်းလျှော်ရည် သို့မဟုတ် ပေါင်းဆေး တစ်ခုခုကို သုံးလိုက်တဲ့နောက်ပိုင်း ဆံပင်က အနံ့ဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။

    (၄) ဆံသားအနံ့ပြင်းလက္ခဏာ(SHS)

    ဦးရေပြားမှာ ချွေးနဲ့ အဆီဂလင်းတွေ လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ SHS လက္ခဏာ ဖြစ်လာစေပါတယ်။ ဦးရေပြားက အဆီနဲ့ ချွေးတွေထွက်တာ များလွန်းရင် အနံ့ထွက်လွယ်ပါတယ်။ ဒါ့အပြင်ဟော်မုန်းမညီမျှမှုကြောင့်လည်း ဒီပြဿနာကို ဖြစ်စေပါတယ်။

    (၅) မှိုပိုးဝင်ခြင်း

    တစ်ခါတလေ အဆီဂလင်းတွေမှာ မှိုပိုးဝင်တတ်ပြီး ဦးရေပြားကို အနံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါကို tinea capitis လို့ခေါ်ပြီး ကူးစက်လွယ်တာကြောင့် တစ်အိမ်တည်းအတူနေသူချင်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။

    (၆) ချွေးဂလင်းတွေရဲ့ လုပ်ဆောင်ချက်

    ဦးခေါင်းမှာရှိတဲ့ apocrine ချွေးဂလင်းတွေက အဆီပါတဲ့ချွေးတွေကို ထွက်ရှိစေတတ်ပါတယ်။ အဲဒီချွေးတွေက ဦးရေပြားပေါ်က ဘက်တီးရီးယားတွေကို သေစေတဲ့အခါ အနံ့ဆိုးထွက်စေပါတယ်။ ဘက်တီးရီးယားတွေကို သေစေတာ ကောင်းပါတယ်။ အနံ့ဆိုးမထွက်အောင်တော့ ခေါင်းပုံမှန်လျှော်ပေးရပါမယ်။

    (၇) စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာ အဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။

    (၈) အစားအသောက်ကြောင့်

    ဦးရေပြားအနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့ ပတ်သက်ဆက်နွှယ်နေနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။ ကိုယ်စားသုံးတဲ့ အစာအာဟာရထဲမှာ တဆေးပါဝင်မှုလွန်ကဲနေရင်လည်း ဖြစ်နိုင်ပါတယ်။ တဆေးစားသုံးမိတာများရင် သိသိသာသာချဉ်စုပ်တဲ့ အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့အစားအစာ ဘယ်ပမာဏလောက်စားမိသလဲ သတိထားကြည့်ပြီးလျှော့စားရင် အနံ့အသက်လျော့ပါးစေနိုင်ပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ

    အနံ့အသက်ထွက်နေတဲ့ ဦးရေပြားနဲ့ ဆံသားကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

    • ခေါင်းလျှော်တဲ့ရက်ကို သတ်သတ်မှတ်မှတ်ထားပါ။ လျှော်ဖို့ မပျင်းပါနဲ့။ အလွန်အကျွံမလျှော်ပါနဲ့။
    • မိမိနဲ့ တည့်တဲ့ ခေါင်းလျှော်ရည်ကို ရွေးပါ။ မှိုပိုးဝင်နေရင် မှိုပျောက်ခေါင်းလျှော်ရည်လည်း သုံးနိုင်ပါတယ်။
    • ဆံပင်ပျော့ဆေးကို ဦးရေပြားနဲ့ မထိပါစေနဲ့။ ဆံပင်အဖျားမှာပဲ သုံးပါ။
    • စိတ်ဖိစီးမှု သက်သာအောင် နေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement