backup og meta

ဝက်ခြံနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက် ၁၀ ချက်


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက် ၁၀ ချက်

    ဝက်ခြံဆိုတာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ စိတ်ညစ်စရာ၊ ကသိကအောက်ဖြစ်စရာ၊ ပိုဆိုးမယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုပါ ပေျာက်ဆုံးစေနိုင်တဲ့ ဝေဒနာတစ်ခုပါ။ ဝက်ခြံဖြစ်ရတဲ့အကြောင်းရင်းတွေက အတော်များပါတယ်။ ဝက်ခြံက ခန္ဓါကိုယ်ရဲ့ အဆီဂလင်းတွေအများအပြားရှိနေတဲ့ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျော နဲ့ ပခုံးတွေမှာ အများဆုံးပေါက်တတ်ပေမယ့် တခြားနေရာတွေမှာလည်း ပေါက်တတ်ပါသေးတယ်။ လူတိုင်းလိုလို အနည်းဆုံး တစ်ကြိမ်လောက်တော့ဝက်ခြံထွက်ဖူးကြမှာပါ။ အချို့က ကလေးအရွယ်၊အချို့က ဆယ်ကျော်သက်လောက်မှာဖြစ်နိုင်ပြီး အချို့ကတော့ အသက်ကြီးမှဝက်ခြံထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှာပဲဝက်ခြံပေါက်ပေါက် နီရဲပြီး ရုပ်ဆိုးတဲ့ ဒီအဖုအပိန့်တွေက ခံစားရအင်မတန်ခက်ပါတယ်။ တကယ်လို့သာ အသေအချာ ဂရုမစိုက်ဘူးဆိုရင်တော့ ဒီဝက်ခြံတွေက အမာရွတ်တွေအဖြစ်လည်းပြောင်းလဲသွားနိုင်ပါသေးတယ်။

    ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ၅ ခုရှိပါတယ်။ ဒါတွေကတော့

    • အဆီပြန်ခြင်း
    • အရေပြားဆဲလ်သေတွေ
    • ချွေးပေါက်ပိတ်ဆို့တာ
    • ဘက်တီးရီးယားတွေနဲ့
    • ဟော်မုန်းမညီမျှတာ (လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာနဲ့ ကိုယ်ဝန်ဆောင်ခြင်း) တို့ပဲဖြစ်ပါတယ်။

    ဝက်ခြံတွေအကြောင်းနဲ့ပတ်သက်လို့ သင်သိသင့်တဲ့အချက်အလက် (၁၀)ချက်ရှိပါတယ်။ အဲဒီအချက်အလက်တွေက ဝက်ခြံကြောင့်ဖြစ်နေတဲ့သင့်ရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးနိုင်မှာပါ။

    ၁။ ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။

    ဝက်ခြံပေါက်လာရင် ဆိတ်ဆွချင်တဲ့စိတ်ကအလိုလိုကိုဖြစ်လာတတ်တာပါ။ ဒါပေမယ့် မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဝက်ခြံကို ပိုမိုရောင်ရမ်းစေပြီး အမာရွတ်တွေ ထင်ကျန်ရစ်စေနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းက ဝက်ခြံကို မဆိတ်ဆွဘဲ သည်အတိုင်းထားလိုက်ပါ။ ဝက်ခြံပျောက်စေနိုင်တဲ့ ဂျယ်လ်တစ်မျိုးမျိုးလိမ်းပေးတာမျိုးကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

    ၂။ အရေပြားကို အလွန်အကျွံသန့်ရှင်းတာမျိုး၊ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးတွေကိုရှောင်ကြဉ်ပါ။

    အရေပြားကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာကကောင်းတာထက် ဆိုးတာကပိုများပါတယ်။ အရေပြားကို အလွန်အကျွံသန့်ရှင်းတာကအရေပြားကို ကျိန်းစပ်စေပြီးရောင်ရမ်းမှုတွေကို ပိုဆိုးစေမယ့်အပြင် အမာရွတ်ထင်ကျန်ရစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါသေးတယ်။ အရေပြားကိုတစ်နေ့ ၂ ကြိမ်ကနေ ၃ကြိမ်လောက်သန့်ရှင်းပေးတာက လုံလောက်နေပါပြီ။

    ၃။ Anti-Acne creamတွေလိမ်းပေးနိုင်ပါတယ်။

    ဝက်ခြံတွေကို သက်သာစေဖို့ Anti-acne cream လိမ်းစရာမလိုဘူးလို့ထင်နေရင်တော့ ဒီအယူအဆက မှားနေပြီလို့ပြောချင်ပါတယ်။ ဝက်ခြံသက်သာစေနိုင်တဲ့ ခရင်မ်တွေကို လုံလောက်တဲ့ ပမာဏအတိုင်း မကြာခဏလိမ်းပေးတာက ဝက်ခြံတွေကို အချိန်တိုအတွင်းပျောက်ကင်းစေနိုင်ပါတယ်။

    ၄။ ဆဲလ်သေတွေကိုဖယ်ရှားပါ။

    မနက်အိပ်ယာ ထထချင်း salicylic acid ပါတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်ပေးတာက မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာမှာအထောက်အကူဖြစ်စေမှာပါ။salicylic acid က ဝက်ခြံဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေမညီညာတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    ၅။ချွေးပေါက်တွေ ပိတ်ဆို့မနေအောင်လုပ်ဆောင်ပါ။

    အရေပြားက မွှေးညှင်းပေါက်လေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ချွေးပေါက်ထဲကို ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါ နီမြန်းရောင်ရမ်းနေတဲ့ ဝက်ခြံတွေထွက်လာပါတော့တယ်။ အထူးသဖြင့် လေထုရေထုညစ်ညမ်းမှုတွေများလာတဲ့ မြို့ပြအနေအထားမှာဆိုရင် ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် ဝက်ခြံပေါက်တာက ပိုဆိုးနေတတ်ပါတယ်။ ချွေးပေါက်တွေပိတ်ဆို့မှုကို သက်သာစေဖို့ဆိုရင် မျက်နှာအရေပြားပေါ်ကမွှေးညှင်းပေါက်တစ်ခုချင်းစီကို သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။

    ၆။ စိတ်ဖိစီးမှုတွေကိုနေရာမပေးပါနဲ့။

    စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေက ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ကော်တီစောနဲ့ အက်ဒရီနယ်လင်ဟော်မုန်းတွေကို တိုးစေတာနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ အဆိုပါဟော်မုန်းတွေက အဆီဂလင်းတွေကို အဆီထုတ်လုပ်မှုတိုးစေပြီးချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။

    ၇။ အစားအသောက် ဆင်ခြင်ပါ။

    အချိုဓါတ်များတဲ့ အစားအသောက်တွေကသွေးတွင်း သကြားဓါတ်ကိုတိုးစေနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို လည်းတိုးလာစေပါတယ်။သွေးတွင်း အင်ဆူလင်ပမာဏ တိုးလာတဲ့အခါမွှေးညှင်းပေါက်လေးတွေကို ပိတ်ဆို့စေပြီး အဆီတွေပိုမိုထွက်လာစေပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အသီးအရွက်တွေ၊ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ ထည့်သွင်းစားသုံးပေးပါ။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ကန့်သတ်လိုက်ပါ။

    ၈။ အသားအရေနဲ့လိုက်ဖက်မယ့် ဝက်ခြံပျောက်ဆေးကိုရွေးချယ်ဝယ်ယူပါ။

    လူတစ်ယောက်နဲ့တစ်ယောက် အရေပြားအမျိုးအစားချင်းမတူကြပါဘူး။ ဝက်ခြံသက်သာစေဖို့ အရေပြားသုံးပစ္စည်းတွေသုံးတဲ့အခါမျိုးမှာလည်း မိမိအသားအရေ အမျိုးအစားနဲ့လိုက်ဖက်တာကိုရွေးချယ် အသုံးပြုဖို့လိုအပ်ပါတယ်။ မိမိပြသနေတဲ့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးရွေးချယ်တာကလည်းအကောင်းဆုံးသော နည်းလမ်းတစ်ရပ်ပါ။

    ၉။ အညွှန်းမှာnon-comedogenicလို့ပါတဲ့မိတ်ကပ် နဲ့ ခရင်မ်တွေကိုရွေးချယ်ဝယ်ယူပါ။

    အဆီဓါတ်မပါဝင်တဲ့ အစိုဓါတ်ထိန်းခရင်မ် နဲ့ ဂျယ်လ်အမျိုးအစား အစိုဓါတ်ထိန်းခရင်မ်တွေကိုရွေးချယ်ဝယ်ယူပါ။နေလောင်ကာခရင်မ်ဝယ်ယူတဲ့အခါမှာလည်း ဂျယ်လ်ကို အခြေခံပြီးထုတ်ထားတာမျိုးကို အဓိကထားဝယ်ယူပေးပါ။

    ၁၀။ အချိန်မဆိုင်းပါနဲ့။

    ဝက်ခြံကုသဖို့ဆုံးဖြတ်ထားတယ်ဆိုရင်မြန်နိုင်သမျှမြန်မြန်အကောင်အထည်ဖော်လိုက်တာအကောင်းဆုံးပါ။ အချိန်ဆိုင်းနေတာမျိုးမလုပ်ပါနဲ့။ ဝက်ခြံဆိုတာမျိုးကစောစောကုသနိုင်လေ ပိုကောင်းလေလေပါ။ ဝက်ခြံကုသမှုက အရေပြားအတွက် အကျိုးရှိရုံသာမက ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုပါတိုးစေနိုင်ပါတယ်။ ဝက်ခြံသက်သာစေဖို့ အရေပြားထိန်းသိမ်းတဲ့ ပစ္စည်းတွေ အသုံးပြုရာမှာလည်းtretinoin၊ benzoyl peroxide၊ salicylic acid၊ clindamycin နဲ့ adapalene တို့ပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့လိုအပ်ပါတယ်။ မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်အသုံးပြုမှသာ ဝက်ခြံတွေကို သက်သာလျော့ပါးစေမှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement