backup og meta

သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 14/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ

    နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးကို သုံးစွဲခြင်းကြောင့် ကမ္ဘာနှင့်တစ်ဝှမ်း ခြောက်သန်းမျှသော လူများ သေဆုံးနေရပါတယ်။ ဒီလိုသေဆုံးမှုမျိုးရဲ့ (၆၀၀,၀၀၀) သောသေဆုံးမှုများဟာ ဆေးလိပ်ငွေ့ကို ရှူရိုက်ခြင်း ကြောင့်ဖြစ်ပါတယ်။

    ဆေးရွက်ကြီးကို သုံးစွဲခြင်းဟာ ရောဂါအမျိုးအစားပေါင်း (၂၅)မျိုးလောက်ရဲ့ အဓိကအကြောင်း အရင်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဆေးလိပ်သောက်သူရဲ့ ကလေး (၁)ဦးဖြစ်ခဲ့လျှင် သင့်မိဘကို ၎င်းတို့ရဲ့ ကျန်းမာရေးအတွက်သာမက မိမိကျန်းမာရေးအတွက်ပါ ကောင်းမွန်စေရန် ဆေးလိပ်ဖြတ်ခိုင်းသင့်ပါတယ်။

    တကယ်တော့ ဆေးလိပ်ဖြတ်ဖို့ဆိုတာ ဆေးလိပ်သောက်သုံးသူက လိုလိုလားလားနှင့်ဖြတ်လိုသော ဆန္ဒရှိမှ အဆင်ပြေပါတယ်။ ဒီလိုဆန္ဒမျိုးဖြစ်ပေါ်လာအောင် အောက်ပါအချက်များဖြင့် တိုက်တွန်းမှုပြုကြည့်ပါ။

    သင့်ဖခင်နှင့် တိုင်ပင်ဆွေးနွေးပါ။

    အချိန်ကောင်းကိုရှာပြီး သင့်ဖခင်နှင့် သေသေချာချာထိုင်ပြီး စကားပြောဆွေးနွေးကြည့်ပါ။ သင်က သင့်ဖခင်ကို ဆေးလိပ်ဖြတ်စေလိုပြီး ဘာကြောင့်ဖြတ်သင့်သလဲဆိုတာ ပြောပြပါ။ သင့်ဖခင်က လိုလိုလားလား နှင့်ဆွေးနွေး လိုစိတ်ရှိမရှိမေးမြန်းပါ။

    ဆေးလိပ်ဖြတ်တာနှင့် ပတ်သက်ပြီး မေးခွန်းများနှင့် လိုက်နာနိုင်လောက်တဲ့ သင့်တော်သော နည်းလမ်းများကို ပြောပြပါ။ သင့်ဖခင် ပြောဆိုသမျှကိုလည်း သေချာနားထောင်ဖို့ အရေးကြီးပါတယ်။

    အချိန်ကြာမြင့်စွာ သောက်လာတဲ့သူအများစုမှာ ဆေးလိပ်ဖြတ်ဖို့မဖြစ်နိုင်ဘူးလို့ ယူဆထင်မြင်ကြပါတယ်။ ဒါကြောင့် ဒီအတွက်လည်း အခြားနည်းလမ်းများရှိကြောင်း သေချာစွာ ပြောပြဆွေးနွေးပါ။

    မိသားစုဝင်များနှင့်တိုင်ပင်ပြောပြပါ။

    ဒီလုပ်ဆောင်မှုမှာ မိသားစုဝင်အားလုံး ပါဝင်ဖို့ အရေးကြီးပါတယ်။ သင့်ဖခင်နှင့် မောင်နှမသားချင်းများထံမှ အကူအညီတောင်းယူပါ။ မိသားစုဝင်များက ပြောပြနှစ်သိမ့်၍ အချို့ဆေးလိပ်သောက်သူများက ဆေးလိပ်ဖြတ် လိုကြပါတယ်။ သင့်ဖခင်နှစ်သိမ့်အားပေးရန် မိသားစုအဖွဲ့တစ်ခုထူထောင်ပါ။

    လူများများပါဝင်လေ မေးခွန်းအားလုံးကို သင်တစ်ဦးတည်း ဖြေဆိုစရာ မလိုအပ်တဲ့အတွက် ပိုမိုကောင်းမွန်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နီကိုတင်းအစားထိုးကုထုံးများ၊ ဆေးဝါးများနှင့် ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက် သင့်ဖခင်ကို ဆရာဝန်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးစေပါ။ ဒါ့အပြင် ကူညီထောက်ပံ့မူပေးသော အဖွဲ့အစည်းများ (Support group) (သို့မဟုတ်) နှစ်သိမ့်ဆွေးနွေးသူနှင့် တွေ့ဆုံရန် တိုက်တွန်းပါ။

    သင့်ဖခင်ကို ဆေးလိပ်အန္တရာယ်များပြောပြပါ။

    သင့်ဖခင်ကိုဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း သိအောင်ပြုလုပ်ပါ။ ဆေးလိပ်သောက်သူများဟာ သာမန်သူများထက် (၁၃)နှစ်စော၍ အသက်ဆုံးရှုံးနိုင်ပါတယ်။

    သင့်ဘ၀ တစ်သက်တာ ဖြစ်စဉ်များ ဘွဲ့ယူချိန်၊ လက်ထပ်ထိမ်းမြားချိန်၊ သင့်ကလေးမွေးဖွားချိန်များတွင် သင့်ဖခင်ကို အတူရှိစေလိုကြောင်းပြောပြပါ။ ဘဝသက်တမ်း အမှတ်တရများနှင့် သင့်ဖခင်ရဲ့ ဘဝသက်တမ်း အမှတ်တရများကို အတူတကွ အသက်ရှင်လျက် ဖြတ်သန်းသွားလိုသည့်အတွက် ဆေးလိပ်ဖြတ်စေလိုကြောင်း သင့်ဖခင်ကို တိုက်တွန်းပါ။

    လက်တွေ့ကျသောနည်းလမ်းများဖြင့် ကူညီပါ။

    ဆေးလိပ်သောက်ခြင်းကို မစဉ်းစားမိစေရန် မိသားစုဝင်များက သင့်ဖခင်ကို အလုပ်များများ လုပ်ဆောင်စေပါ။ လမ်းလျှောက်ထွက်ခြင်း၊ အားကစားပြုလုပ်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းများတွင် ပါဝင်စေပါ။ လှုပ်လှုပ်ရှားရှား နေခြင်းဖြင့် စီးကရက်ကို မေ့လျော့နေတတ်ကြပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းကြောင့် သင့်ဖခင်အတွက် မည်မျှ ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးပါ။ ဆေးလိပ်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို နှစ်သိမ့်ဆွေးနွေးသူနှင့် တိုင်ပင်ခြင်းဖြင့် အဆိုပါ ဖြစ်စဉ်များကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြတ်သန်းပါ။ ဒီလို အချိန်မျိုးမှာ သင့်ဖခင်မှာ စိတ်အပြောင်းအလဲဖြစ်ခြင်းနှင့် ကတောက်ကဆဖြစ်လွယ်လို့ သင့်ဖခင်ကို စိတ်မဆိုးမိစေပါနှင့်။

    ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးအမြတ်များကို စာရင်းဇယားချပြပါ။

    · နောက်ဆုံးဆေးလိပ်သောက်ပြီး မိနစ် (၂၀)အကြာတွင် ဆေးလိပ်သောက်သူရဲ့ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းများမှာ ပုံမှန်နေရာကို ပြန်လည်ကျဆင်းလာပါတယ်။

    · ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အတွင်း ဆေးလိပ်သောက်သူရဲ့ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးကို ထိခိုက်နိုင်ချေမှာ (၅၀)ရာခိုင်နှုန်းကျဆင်းပါတယ်။

    · (၁၀)နှစ်မှ (၁၅)နှစ်ကြာ ဆေးလိပ်ဖြတ်ထားသူမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေမှာ လက်ရှိဆေးလိပ်သောက်သူရဲ့ တစ်ဝက်သာရှိပါတယ်။

    · ဆေးလိပ်ဖြတ်သူတွေမှာ ဘဝနေထိုင်မှုပုံစံ ပိုမိုမြင့်မားပြီး အအေးမိ နှာစေးတုပ်ကွေးမိခြင်း ပိုမိုလျော့ကျလာပြီး မိမိကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာနိုင်ကာ လေပြွန်ရောင်ရမ်းခြင်းနှင့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ကိုလည်း လျော့ကျစေပါတယ်။

    · အစားအသောက် စားရသည်မှာ ပိုမိုကောင်းမွန်လာပါတယ်။ (ခံတွင်းပိုလိုက်လာပါတယ်။)

    · အနံခံအာရုံလည်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။

    · နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ – လှေကားတက်ခြင်း (သို့)အိမ်မှုကိစ္စပြုလုပ်ခြင်း မှာလည်း ယခင်ကဲ့သို့ မောနေခြင်း မရှိပါ။

    · တစ်နေ့ဆေးလိပ်တစ်ဘူးသောက်သူများဟာ ဆေးလိပ်ဖြတ်လိုက်လျှင် တစ်နှစ်ကို ဝင်ငွေ (၁၄၀၀) ဒေါ်လာ စုဆောင်းနိုင်ပါတယ်။ တစ်နေ့ဆေးလိပ် (၂)ဘူး သောက်သူများမှာဆိုရင် ဝင်ငွေ (၂၈၀၀)ဒေါ်လာကျော် စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းအတွက် သမိုင်းမှတ်တိုင်ထူပေးပါ။

    အသက်ကြီးသူများမှာလည်း ချီးမွမ်းခြင်းကို သဘောကျကြပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကို သမိုင်းမှတ်တိုင်ထူပြီး အားပေးခြင်းဖြင့် သင့်ဖခင်အတွက် စိတ်ခွန်အား အပြည့်ရရှိစေမှာ ဖြစ်ပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းမှာ အင်မတန်ခက်ခဲလှပါတယ်။ မိဘကို ဆေးလိပ်ဖြတ်စေဖို့ စည်းရုံးသိမ်းသွင်း ရာမှာလည်း ကသိကအောက်ဖြစ်ပြီး ခက်ခဲပါတယ်။ နောက်ဆုံးမှာ အခြားသူများကို မဟုတ်ဘဲ သင့်ကို သာပြောဆိုကြမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအခြေအနေမျိုးမှာ ဆေးလိပ်သောက်နေသူ တစ်ဦးကို ဆေးလိပ်ဖြတ်ရန်လမ်းကြောင်း ပြသအားပေးတိုင်ပင်ခြင်းသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Sandar Lin မှ ရေးသားသည်။ · 14/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement