backup og meta

ဆေးလိပ်သောက်ချင်စိတ်ကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်း ၄ သွယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်ချင်စိတ်ကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်း ၄ သွယ်

    ဆေးလိပ်ဖြတ်တာက အချိန်ကြာမြင့်စွာလုပ်ဆောင်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ တစ်နေ့တည်း တစ်ရက်တည်းနဲ့လုပ်လို့ရတဲ့ ကိစ္စရပ်မျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်သုံးတဲ့ပမာဏကို တဖြည်းဖြည်းချင်းလျော့ချသွားတာက အချိန်တိုအတွင်းမှာ နီကိုတင်းစွဲလမ်းမှု ပြဿနာကနေပြန်လည်သက်သာလာစေနိုင်ပါတယ်။ ဆေးလိပ်စွဲလမ်းမှုကနေ ပြန်လည်ကောင်းမွန်လာစေတဲ့ နည်းလမ်းတွေထဲမှာ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်မှုကို ဘယ်လောက်အထိခွဲခြားသိမြင်သလဲဆိုတဲ့အချက်နဲ့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်တဲ့အခါ အစားစားခြင်း၊ အိပ်စက်ခြင်း (သို့) လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းလိုမျိုး ဆေးလိပ်သောက်တာထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဖြေရှင်းမှုတွေပါဝင်နေပါတယ်။

    လှုပ်ရှားဆောင်ရွက်မှုတွေ၊ စိတ်ခံစားမှုတွေနဲ့ ဆေးလိပ်သောက်သုံးမှုတို့ကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ စိတ်လှုပ်ရှားတဲ့အခါမျိုးမှာလည်းဆေးလိပ်သောက်သုံးသလို စိတ်ဆိုးဒေါသဖြစ်တဲ့အခါမျိုးမှာလည်း စိတ်တည်ငြိမ်အောင် ဆေးလိပ်သောက်ကြပါတယ်။ စိတ်ဆိုးတဲ့အခါ ဆေးလိပ်သောက်လိုက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ခံစားမိပါတယ်။ စိတ်လှုပ်ရှားတဲ့အခါမှာလည်း စီးကရက်တစ်လိပ်သောက်သုံးလိုက်ရင် စိတ်တည်ငြိမ် သွားတယ်လို့ယူဆတတ်ပါတယ်။ ဗိုက်ဆာတဲ့အခါမျိုးမှာလည်း စီးကရက်တစ်လိပ်လောက်တော့ သောက်လေ့ရှိကြပါတယ်။ သည်အလေ့အထတွေကိုလုပ်မိပြီးရင်း လုပ်မိနေတတ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နီကိုတင်းစွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှုတို့ကြားမှာ ဆက်စပ်မှုရှိနေပြီး အဆိုပါဆက်စပ်မှုက ကျွန်တော်တို့ကိုဆေးလိပ်စွဲအောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကိုယ်ကိုကိုယ် စိတ်ရှည်ရှည်ထားပေးပါ။ ကျွန်တော်တို့ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့အခါ အချိန်ပေးပြီးတိုးတက်လာမှုကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးစောင့်ကြည့်မှုက ပိုမို ကောင်းမွန်တဲ့ အနေအထားတစ်ရပ်ကိုဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။

    ဆေးလိပ်ဖြတ်တော့မယ်လို့စိတ်ကူးထားရင် H.A.L.T ကိုစဉ်းစားပါ။

    H.A.L.T (ဆာလောင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ အထီးကျန်ခြင်း၊ ပင်ပန်းခြင်း) က ဆေးလိပ်သောက်ချင်စိတ်ကို တားဆီးပေးမယ့် အထောက်အကူပြုနိုင်တဲ့ အရေးပါတဲ့အကြောင်းအရင်းပဲဖြစ်ပါတယ်။

    ဆာလောင်ခြင်း

    ပေါ့ပေါ့ပါးပါး အဆာပြေစားလို့ရတဲ့ အစားအသောက်တစ်ခုခုကို စားသုံးပေးပါ။ ဆာလောင်နေတဲ့အခါမျိုးမှာ ဆာလောင်မှုကိုပြေပျောက်စေနိုင်တာက အစားအစာပဲဖြစ်ပါတယ်။ စီးကရက်တစ်လိပ်မဟုတ်ပါဘူး။ ကိုယ်အလေးချိန်မတက်ချင်ဘူးဆိုရင်တော့ စားသုံးမယ့် အစားအစာပမာဏကိုထိန်းချုပ်နိုင်ဖို့အတွက် အစာမစားခင်မှာ ရေကိုအရင်သောက်သုံးပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တရုတ်နံနံနဲ့လုပ်ထားတဲ့ အဆာပြေစားစရာ၊ မုန်လာဥနီသေးသေးလေးတွေနဲ့ အခဲခံထားတဲ့ စပျစ်သီးတွေက ကယ်လိုရီပမာဏနည်းတဲ့ အဆာပြေစားစရာတွေပဲဖြစ်ပါတယ်။

    ဆေးလိပ်ဖြတ်တာက ကိုယ်အလေးချိန် ၅ပေါင်ကနေ ၈ပေါင်အထိတိုးလာစေမှာဖြစ်ပါတယ်။ ဇီဝတွင်းဖြစ်ပျက် ပြောင်းလဲမှုဖြစ်စဉ်က အရင်ကထက်အနည်းငယ်နှေးကွေးသွားနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အကြံဉာဏ် တစ်ခုပေးချင်တာကတော့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဆောင်ပေးပါ။ အရာရာက ဟန်ချက်မညီဖြစ်သွားနိုင်ပေမယ့် ဆေးလိပ်မဖြတ်ခင်ကအတိုင်းလေး ပုံမှန်စားသုံးပေးခြင်းဖြင့်ဆေးလိပ်ဖြတ်ဖို့ကြိုးစားရင်း တက်လာတဲ့ကိုယ်အလေးချိန်ဟာ လအနည်းငယ်နေရင် ပြန်ကျသွားပါလိမ့်မယ်။

    ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် နေထိုင်ပါ။ အသင့်အတင့်စားသုံးနိုင်ဖို့ကြိုးစားပါ။ ဆေးလိပ်ဖြတ်တာကို အပြည့်အဝမလုပ်ဆောင်နိုင်သေးခင်မှာတော့ ကိုယ်အလေးချိန်အနည်းငယ်လောက် တက်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တာက အဓိကဦးစားပေးလုပ်ငန်းတစ်ရပ်ပါ။ ကိုယ်အလေးချိန်ကနောက်မှာလျှော့လို့ရပါတယ်။

    ဒေါသကြီးခြင်း

    လူတော်တော်များများ ဒေါထွက်စရာနဲ့ကြုံနိုင်ပါတယ်။ စိတ်ခံစားမှုကောင်းမွန်စေနိုင်တဲ့အနေအထားမျိုးကိုရှာဖွေပါ။ သင့်ခံစားချက်တွေနဲ့ပတ်သက်ပြီး မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောပြပါ။ နေ့စဉ်မှတ်တမ်း ရေးသားပါ။ သည်အချက်က ဒေါသလျော့ပါးအောင် ထိန်းသိမ်းရာမှာ အရေးပါပါတယ်။ စီးကရက်တစ်လိပ်သောက်ပြီး ပြဿနာကိုဖြေရှင်းလိုက်တာက မြန်ဆန်တဲ့ဖြေရှင်းနည်းလို့ယူဆနိုင်ပေမယ့် ဒါကမှားယွင်းတဲ့ ဖြေရှင်းနည်းပဲဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့အတွေးတွေကို ငြင်းဆန်ဖို့ တွေးခေါ်ကြိုးစားပါ။ သည်နည်းလမ်းအတိုင်း အခြေအနေကိုပြီးပြည့်စုံအောင်လုပ်ဆောင်ပါ။ ဒီနည်းက သင့်ကို ဆေးလိပ်မသောက်မိစေဘဲ ပြဿနာတွေကို ဖြေရှင်းနိုင်အောင်ကူညီပေးမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတိပေးပါ။ ကိုယ့်ခွင့်ပြုချက်မရဘဲ ကိုယ့်ကို တစ်စုံတစ်ဦးက စိတ်ဒုက္ခပေးတာမျိုးမဖြစ်ပါစေနဲ့။ ကိုယ့်အတွင်းစိတ်ကို ကိုယ့်ဘာသာထိန်းချုပ်ပါ။ ကိုယ့်ခံစားချက်ကို ကိုယ့်ဘာသာတာဝန်ယူပါ။ ခက်ခဲပင်ပန်းတဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါ။

    အထီးကျန်ဆန်ခြင်း

    ဆေးလိပ်သမားအများစုဟာ အထီးကျန်မှုကို ခံစားနေကြရတာဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးတာက ပုံမှန် လုပ်ဆောင်နေကျ အလေ့အထတစ်ခုဖြစ်ပါတယ်။ စိတ်အပန်းဖြေတာက ငြီးငွေ့မှုကိုဖြေဖျောက်နိုင်အောင် အထောက်အကူပြုနိုင်တဲ့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားလောက်ကြည့်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်ပြီးလမ်းလျှောက်တာပဲဖြစ်ဖြစ်၊သီချင်းနားထောင်တာမျိုးပဲဖြစ်ဖြစ်လုပ်ကြည့်ပါ။ ဘဝမှာ ကိုယ်လုပ်ချင်တဲ့ ကိစ္စလေးတွေကိုလုပ်ရင်း ဘဝကိုနေထိုင်ပါ။ ဒီလိုမျိုး စိတ်ဝင်စားတာလေးတွေကို လုပ်ဆောင်တာက ဆေးလိပ်ဖြတ်တာကြောင့် တွေ့ကြုံခံစားရနိုင်တဲ့ အခက်အခဲကိုကျော်လွှားနိုင်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

    ပင်ပန်းခြင်း

    ပင်ပန်းနွမ်းလျမှုဟာ သိပ်မကြာသေးခင်ကမှ ဆေးလိပ်ဖြတ်လိုက်တဲ့သူတွေ့ခံစားရတဲ့ ကြီးမားတဲ့အခက်အခဲတစ်ရပ် ဖြစ်ပါတယ်။ ပင်ပန်းလာတဲ့အခါ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီးရှိုက်ဖွာမယ့်အစား ကိုယ့်စိတ်ကိုယ်ဖြေလျော့ပြီး သက်တောင့်သက်သာနေလိုက်ပါ။ တစ်ရေးတစ်မောလောက် အိပ်စက်လိုက်ပါ။ တကယ်လို့များ လိုအပ်လာရင် အိပ်ရာစောစောဝင်လိုက်ပါ။ ကိုယ့်ကိုယ်ကို အရှုံးပေး လဲကျခွင့်မပြုပါနဲ့။ အားနည်းချက်တွေကို ဖြေရှင်းရလို့ ပင်ပန်းလာတဲ့အခါ ဆေးစွဲအတွေးတွေဝင်လာပြီး ပြန်သောက်ဖို့ ကြိုးစားမိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကို ကာကွယ်ခြင်းအားဖြင့် ဆေးလိပ်ကို အောင်မြင်စွာဖြတ်နိုင်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement