backup og meta

သင့်ကို ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်စေတဲ့ အရာတွေကို သိအောင်ကြိုးစားပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်စေတဲ့ အရာတွေကို သိအောင်ကြိုးစားပါ

    ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်တာက ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သလို စိန်ခေါ်မှုတွေလည်းကြီးမားပါတယ်။ သင့်အနီးဝန်းကျင်မှာ ဆေးလိပ်သောက်သုံးသူတွေရှိနေတာက ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာ ဆေးလိပ်သောက်သုံးမှုကိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေအမျိုးမျိုးရှိနေနိုင်ပါတယ်။ အသိမိတ်ဆွေတွေနဲ့တွေ့ဆုံတာလိုမျိုး နေ့စဉ်လုပ်ဆောင်နေကျအလေ့အထတွေနဲ့ စိတ်ဖိစီးမှုတွေကိုဖြေလျော့တဲ့အနေနဲ့ ဆေးလိပ်သောက်တာမျိုးတွေရှိတတ်ပါတယ်။ သင့်ကိုစီးကရက်သောက်စေရတဲ့အကြောင်းအရင်းတွေကို သိရှိအောင်လုပ်ဆောင်တာက သင့်ရဲ့စီးကရက်ဖြတ်မယ့် အစီအစဉ်ကိုပိုပြီးချောချောမောမောဖြစ်အောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။

    ဆေးလိပ်သောက်ရတဲ့အကြောင်းအရင်းခံဆိုတာကဘာလဲ။

    ပုံမှန်အားဖြင့်တော့ လူတစ်ဦးဟာဆေးလိပ်စသောက်တဲ့အချိန်မှာ သူတို့ဆေးလိပ်သောက်သုံးရတဲ့အကြောင်းရင်က အခြားအကြောင်းအရာအဖြစ်အပျက်တွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဆေးလိပ်သောက်သုံးသူတွေ့ရဲ့ အတွေ့အကြုံကို လေ့လာရသလောက်တော့ ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်သောက်စေရတဲ့အကြောင်းအရင်း အဓိကအားဖြင့် ၄ မျိုးရှိပါတယ်။

    စိတ်ခံစားမှုကြောင့် ဆေးလိပ်သောက်ချင်တဲ့ဆန္ဒဖြစ်ပေါ်ရခြင်း

    စိတ်ဖိစီးမှုတွေနဲ့ စိတ်ထိခိုက်စရာအကြောင်းအရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ လူတော်တော်များများဟာ စီးကရက်တစ်လိပ်လောက်သောက်ချင်လာတဲ့ စိတ်ဆန္ဒကိုဖျောက်ဖျက်ပစ်လို့မရနိုင်ဘူး ဖြစ်တတ်ပါတယ်။ စီးကရက်သောက်ချင်တဲ့ဆန္ဒက စိတ်ခံစားမှုကောင်းမွန်အောင် ဆေးလိပ်သောက်လိုက်တဲ့အခါ ဒါမှမဟုတ် မကောင်းတဲ့စိတ်ခံစားချက်ကို ဖျောက်ဖျက်ဖို့ ဆေးလိပ်တစ်လိပ်သောက်လိုက်တဲ့အခါ ဆေးလိပ်သောက်ချင်တဲ့ စိတ်ဆန္ဒကလျော့ပါးသွားပါ တယ်။ ကောင်းမွန်တဲ့စိတ်ခံစားချက်ရော မကောင်းမွန်တဲ့စိတ်ခံစားချက်ကပါ ဆေးလိပ်သောက်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။

    စိတ်ခံစားမှုဆိုင်ရာဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ခန္ဓါကိုယ်မှာဖြစ်ပေါ်နေတဲ့ ဆေးလိပ်သောက်သုံးချင်စိတ်ကို လျော့ပါးသွားစေဖို့နဲ့ ဆေးလိပ်သောက်ချင်နေတဲ့ အာသီသကို လျော့ကျစေဖို့ အတွက် အသက်ကိုအဆက်မပြတ် ရှိုက်ပြီးရှုပေးပါ။ ဆေးလိပ်သောက်ချင်စိတ်လျော့ပါးသွားစေဖို့နဲ့ ခန္ဓါကိုယ်ကို လန်းဆန်းပေါ့ပါးသွားစေဖို့အတွက် အကြိုက်ဆုံးသီချင်းကို ဖွင့်ပြီးနားထောင်လိုက်ပါ။ ခဏတစ်ဖြုတ်လမ်းလျှောက်တာမျိုးပဲဖြစ်ဖြစ်၊ လှေကားတွေကိုတက်လိုက်ဆင်းလိုက်လုပ်တာမျိုးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးတာက ခန္ဓါကိုယ်ကို စွမ်းအင်တိုးတက်အောင်လုပ်ဆောင်ပေးနိုင်သလို ဆေးလိပ်သောက်ချင်တဲ့အာသီသ ကိုလည်းလျော့ပါးစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ခန္ဓါကိုယ်ရဲ့စွမ်းဆောင်နိုင်ရည်ကို မြင့်တက်စေနိုင်တဲ့ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ရပ်ဖြစ်သလို စိတ်ခံစားမှုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အန်တိုဖင်ဓါတ်ကိုလည်းထုတ်လွှတ်ပေးပါတယ်။

    နေ့စဉ်အလေ့အထကြောင့် ဆေးလိပ်သောက်ချင်တဲ့ဆန္ဒဖြစ်ပေါ်ရခြင်း

    နေ့စဉ်လုပ်ဆောင်မှုတွေကြောင့် ဆေးလိပ်သောက်သုံးချင်မှုကိုဖြစ်စေတဲ့အခြေအနေကို နေ့စဉ်လုပ်ဆောင်လည်ပတ်မှုပုံစံကြောင့် ဆေးလိပ်သောက်သုံးလိုစိတ်ဖြစ်ပေါ်မှုလို့ခေါ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် နေ့စဉ်လုပ်ဆောင်နေကျ အလေ့အကျင့်တွေဖြစ်တဲ့ အစားစားပြီးတဲ့အခါမျိုး၊ ကားမောင်းနေတဲ့အခါမျိုးနဲ့ တီဗွီကြည့်နေချိန် မှာပဲဖြစ်ဖြစ် ကော်ဖီသောက်နေချိန်မှာပဲဖြစ်ဖြစ် ဆေးလိပ်သောက်ချင်တာမျိုးဖြစ်လေ့ရှိပါတယ်။

    အလေ့အထတွေကြောင့်ဆေးလိပ်သောက်ချင်တဲ့ ဆန္ဒကို တစ်ခုခုနဲ့အစားထိုးဖို့ရှာဖွေတာမျိုးလုပ်ဆောင်သင့် ပါတယ်။ ဥပမာပြောပြရရင် ဆေးလိပ်သောက်မယ့်အစား ထမင်းစားပြီးရင်ပဲဖြစ်ဖြစ် ကားမောင်းနေရင်းတီဗွီကြည့်ရင်း ဒါမှမဟုတ် ကော်ဖီသောက်ရင်း အစာပြေမုန့်တစ်ခုခုစားတာမျိုး ပီကေဝါးတာမျိုး သကြားလုံးစားတာမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။ အစားစားပြီးတိုင်းပဲဖြစ်ဖြစ် တီဗွီကြည့်ရင်းကော်ဖီသောက်ပြီးတိုင်းပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုအလုပ်များနေစေဖို့ ပန်းကန်ခွက်ယောက်တွေကို ကိုယ်တိုင်ဆေးကြောပေးပါ။ သည်လိုမျိုး အလေ့အထကြောင့် ဆေးလိပ်သောက်ချင်တဲ့ဆန္ဒကို ဖယ်ဖျောက်ဖို့ဆိုတာ ပုံမှန်လုပ်ဆောင်နေကျ အလေ့အထတွေကိုပြောင်းလဲပစ်ဖို့က အရေးကြီးလှပါတယ်။

    လူမှုပတ်ဝန်းကျင်ကြောင့်ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်ခြင်း

    အချို့အခြေအနေတွေမှာ အခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအခြေအနေကို မြှင့်တင်နိုင်ဖို့အတွက် ဆေးလိပ်သောက်ဖို့လိုအပ်တာမျိုးတွေရှိတတ်ပါတယ်။ တစ်ယောက်ယောက်နဲ့တွေ့ဆုံတဲ့အခါမျိုးမှာလည်း တွေ့ဆုံရတဲ့သူက ဆေးလိပ်သောက်တ်တဲ့သူဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်ကဆေးလိပ်သောက်နေမယ်ဆိုရင်လည်း သင့်ကိုဆေးလိပ် သောက်မိအောင်လှုံ့ဆော်ပေးသလိုဖြစ်ပါလိမ့်မယ်။ လူမှုပတ်ဝန်းကျင်ကြောင့် ဆေးလိပ်သောက်မိတဲ့အနေအထားကိုရှောင်ရှားနိုင်ဖို့အတွက် ဆေးလိပ်သောက်တတ်တဲ့သူတွေပါဝင်နေတဲ့ ဆွေးနွေးတွေ့ဆုံပွဲတွေကို ရှောင်ရှားသင့်သလို တက်ရောက်မိခဲ့ရင်လည်း သူတို့ကဆေးလိပ်သောက်ဖို့ဆွယ်တာကို ရှောင်ရှားငြင်းပယ်ရပါမယ်။ ရုပ်ရှင်ရုံနဲ့ စတိုးဆိုင်လိုမျိုး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတော်တော်များများမှာ ဆးလိပ်သောက်ခွင့်မပြုထားပါဘူး။ အပြင်သွားရတဲ့အခါမျိုးမှာလည်း သင့်ကိုဆေးလိပ်သောက်မိအောင် လှုံ့ဆော်နိုင်တဲ့နေရာမျိုးကိုရှောင်ရှားသင့်ပါ တယ်။

    ဆေးလိပ်ဖြတ်ဖို့ကြိုးစားမှုကြောင့် ဆေးလိပ်သောက်ချင်တဲ့ဆန္ဒဖြစ်ပေါ်ရခြင်း

    သည်ဆန္ဒက အပြင်းထန်ဆုံးသောစိတ်ဆန္ဒဖြစ်ပြီး ကာလရှည်ကြာဆေးလိပ်သောက်လာတဲ့သူတွေကို ဆက်လက်ပြီးဆေးလိပ်သောက်သုံးမိစေနိုင်ပါတယ်။ ဆေးလိပ်မှာ အဓိကပါဝင်နေတဲ့အရာဖြစ်တဲ့ နီကိုတင်း နေ့စဉ်ရရှိမှုအနေအထားနဲ့ အသားကျနေတဲ့အချိန်မှာ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ဆေးလိပ်ဖြတ်တဲ့အခါခံစားရတဲ့ ဝေဒနာတွေကိုခံစားရနိုင်သလို ဆေးလိပ်သောက်သုံးသူကို ဆေးလိပ် အငမ်းမရသောက်ချင်စိတ်ကိုလည်းဖြစ်ပေါ်လာစေပါတယ်။ အချို့ ဆေးလိပ်ဖြတ်တဲ့အခါ ခံစားရလေ့ရှိတဲ့ လက္ခဏာတွေထဲမှာ စီးကရက်သောက်ချင်စိတ်ပြင်းပြတာ၊တစ်ခုခုကိုပါးစပ်ထဲထည့်ထားဖို့လိုအပ်တာမျိုးနဲ့ အမြဲဆေးရွက်ကြီးနံ့ကိုရချင်နေတာမျိုးတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ တကယ်လို့ နီကိုတင်းကို ဆက်လက်စွဲလမ်းနေတယ်ဆိုရင်တော့ နီကိတင်းအစားထိုးကုထုံးကို အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ သည်ပြောင်းလဲတဲ့နည်းလမ်းက သင့်ကိုဆေးလိပ်ပြတ်အောင်လုပ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။

    ဆေးလိပ်သောက်ချင်ရတဲ့အကြောင်းအရာတွေကို ဖြေရှင်းရတာက ဆေးလိပ်သောက်သုံးသူအားလုံးအတွက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ရတဲ့အကြောင်းအရင်းကို ကိုယ်တိုင်သိရှိအောင်လုပ်ဆောင်တာက ဆေးလိပ်ဖြတ်လို့ရစေမယ့်နည်းလမ်းကို တစ်ဝက်လောက် အောင်မြင်စေပြီဖြစ်ပြီး အထက်မှာဖေြာ်ပထားတဲ့ဆေးလိပ် မသောက်မိအောင်ရှောင်ရှားတဲ့နည်းတွေထဲက ကိုယ်နဲ့သင့်တော်မယ့်နည်းလမ်းတစ်ခုခုကို အသုံးပြုမယ်ဆိုရင် ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ခက်ခဲတဲ့လမ်းခရီးကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်အောင် အထောက်အကူပြုပေးမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement