backup og meta

အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

    အသက်အရွယ်ကြီးရင့်လာချိန်မှာ ခန္ဓာကိုယ်ဟာ လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းလာပြီး ကျန်းမာသန်စွမ်းမှုလည်း နည်းပါးလာတတ်ပါတယ်။ အိုမင်းရင့်ရော်ခြင်း ဟာ ရှောင်လွဲလို့မရနိုင်တဲ့ အရာဖြစ်ပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကတော့ ဒီလိုမဟုတ်ပါဘူး။

    လူတစ်ယောက် မကျန်းမမာဖြစ်ရတဲ့ အဓိကအချက်က နေထိုင်စားသောက်ပုံ စနစ်မကျလို့သာဖြစ်ပါတယ်။ လူတွေထင်ထားသလို အသက်ကြီးလာတာနဲ့ တချို့ရောဂါတွေက မဖြစ်မနေဖြစ်မယ်လို့ မှတ်ယူထားလို့မရပါဘူး။ ဒီအချက်က မှားယွင်းပါတယ်။

    အိုမင်းရင့်ရော်ခြင်း ဆိုတာက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ် တဖြည်းဖြည်း နှေးကွေးလာတဲ့ အခြေအနေတစ်ရပ်ပါ။ အအိပ်နည်းလာလိမ့်မယ်။ စာဖတ်ရင် မျက်မှန်လိုလာမယ်။ အချို့လူတွေမှာ အကြားအာရုံဆုံးရှုံးလာမယ်။ အရိုးတွေလည်း အိုမင်းလာပြီး လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မတူတော့တဲ့ အနေအထားမျိုးကို ဆိုလိုတာပါ။

    လူတွေကြုံဆုံလာရသမျှ ရောဂါတွေအားလုံးက အိုမင်းရင့်ရော်မှုထက် ကိုယ်တိုင်ရဲ့နေထိုင်စားသောက်ပုံ မမှန်ကန်ခဲ့လို့ဖြစ်ရတဲ့ ဝေဒနာတွေက အများစုပါ။ ဒါကြောင့်လည်း အသက်ကြီးလာချိန်မှာ မဖြစ်မနေကြုံဆုံရမယ်လို့ လူတွေထင်နေကြတဲ့ ကျန်းမာရေးပြဿနာတွေဟာ ယုံတမ်းစကားတွေဖြစ်နေလေ့ရှိပါတယ်။

    အိုမင်းရင့်ရော်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ပတ်သက်ပြီး လူတွေသိနားလည်ထားတဲ့ ဘယ်လိုယုံတမ်းစကားတွေက မှားယွင်းနေလဲဆိုတာကို အောက်မှာ ရှင်းပြပေးပါမယ်။

    အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

    အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ ကတော့

    ၁။ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ မလွဲမရှောင်သာဖြစ်လာမယ်

    ဒီအချက်က အလုံးစုံမမှန်သလို၊ အပြည့်အဝမှားယွင်းနေတယ်လို့လည်း မဆိုသာပါဘူး။ သင့်ခန္ဓာကိုယ်ကြီး က အိုမင်းလာမှာမှန်ပေမယ့် ယိုယွင်းမှုရှိမရှိဆိုတာ တစ်သက်တာလုံး သင်ဘယ်လိုနေထိုင်စားသောက်ခဲ့သလဲဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကိုချည်းစားသောက်ခဲ့ပြီး လေ့ကျင့်ခန်းလည်းမလုပ်၊ နေချင်သလိုနေလာခဲ့တယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က အရွယ်မတိုင်ခင်မှာတင် ယိုယွင်းလာမှာ အသေအချာပါပဲ။ WHO ရဲ့ အဆိုအရ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်နေထိုင်မယ်ဆိုရင် အိုမင့်ရင့်ရော်ခြင်းကို တားဆီးနိုင်မယ်လို့ ဆိုထားပါတယ်။

    လေ့လာချက်တွေအရဆိုရင်လည်း ငယ်ရွယ်နုနယ်စဉ်မှာ တက်ကြွဖျတ်လက်ပြီး ကျန်းမာရေးနဲ့ အညီနေထိုင်ခဲ့သူတွေဟာ အသက်ကြီးလာချိန်မှာ လွယ်လွယ်နဲ့ မအိုမင်းသွားတတ်ဘူးလို့ ဆိုထားကြပါရဲ့။

    ၂။ အသက်ကြီးလာရင် လေ့ကျင့်ခန်း မလုပ်သင့်တော့ဘူး

    ဒီအချက်က လုံးဝကို ယုံတမ်းစကားတစ်ခုသက်သက်သာဖြစ်ပါတယ်။ Neuropsychobiology Peer-reviewed Journal ရဲ့ ဖော်ပြချက်အရဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ လူကြီးတွေဟာ အဆီကိုလျှော့ချနိုင်တာ၊ ကြွက်သားတွေသန်မာစေတာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာစေတာဆိုတဲ့ အကျိုးကျေးဇူးကြီးတွေကို ရရှနိုင်ပါတယ်တဲ့။

    ဘယ်အသက်အရွယ်မို့လို့ လေ့ကျင့်ခန်းလုပ်လို့မရနိုင်ဘူးဆိုတဲ့ သက်သေပြချက်မရှိပါဘူး။ လေ့လာချက်တစ်ခုမှာပြောထားတာက အသက် ၆၀-၈၀ ကြားလူကြီးတစ်ချို့ကို ၄၂ ပတ်ကြာ သင့်လျော်ကိုက်ညီမှုရှိတဲ့ အလေးမလေ့ကျင့်ခန်းပြုလုပ်စေတဲ့အခါ ကြွက်သားသန်မာမှုနဲ့ ကြွက်သားလုပ်ဆောင်ချက်တိုးတက်မှုတွေရှိလာတာကို မြင်တွေ့ခဲ့ကြရပါတယ်။

    ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် လူကြီးတွေမှာ Dementia နဲ့ Alzheimer’s disease ဖြစ်နိုင်ခြေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ ကိုက်ညီမှုရှိတဲ့ လေ့ကျင့်ခန်းကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ပြုလုပ်သင့်တယ်ဆိုတဲ့သဘောပေါ့။

    ၃။ အသက်ကြီးတဲ့လူတွေဟာ လူငယ်တွေထက် အိပ်ချိန် ပိုနည်းတယ် (သို့) ပိုများတယ်

    တချို့လူတွေက သက်ကြီးရွယ်အိုတွေဟာ လူငယ်တွေထက်ပိုပြီး အိပ်စက်အနားယူသင့်တယ်လို့ ယူဆကြတယ်။ အကြောင်းကတော့ လူကြီးတွေဟာ တရေးတမောအိပ်စက်ရတာကို နှစ်ခြိုက်ကြတာကြောင့်ပါတဲ့။ တစ်ချို့တွေကတော့ လူကြီးတွေဟာ လူငယ်တွေထက် အိပ်ချိန်ပိုနည်းတာကောင်းတယ်လို့ ရှုမြင်ပြန်ပါတယ်။ လူကြီးဆိုတာ မနက်စောစောထတတ်တဲ့အကျင့်ရှိတာကြောင့်ပါတဲ့။

    ဒီအချက် ၂ ချက်မှာ ဘယ်အချက်မှန်တယ်ဆိုတာကို တိတိကျကျပြောဆို ခွဲခြားဖို့ ခက်ပါတယ်။ လူကြီးတွေဟာ အသက်အရွယ်ကြီးရင့်လာလေလေ အိပ်စက်ဖို့ ပိုမိုခက်ခဲလာလေလေ ဖြစ်လာတာကြောင့်ပါ။ ဒါကြောင့် သူတို့ဟာ တရေးတမော အိပ်စက်တာနဲ့ မကြာခဏအိပ်စက်တာမျိုးတွေ ပိုလုပ်ဖြစ်လာတာဖြစ်ပါတယ်။ လူငယ်တွေလို ညအချိန်မှာ အချိန်အကြာကြီး တစ်ခါတည်းအိပ်စက်တာမျိုးလုပ်ဖို့ သူတို့အတွက် ခက်ခဲလာတာကြောင့်ပါပဲ။

    အမေရိကန် CDC ရဲ့ လမ်းညွှန်ချက်အရဆိုရင်တော့ သက်ကြီးရွယ်အိုတွေဟာလည်း သာမန်လူတွေလိုပဲ တစ်နေ့မှာ ၇-၈ နာရီလောက်အိပ်စက်ပေးဖို့ပဲ လိုအပ်ပါတယ်တဲ့။ ဒီအိပ်ချိန်ပြည့်မီအောင် အိပ်ဖို့တောင် အအိပ်အနေနည်းတဲ့ လူကြီးတွေက အတော်ရုန်းကန်ရဦးမှာပါ။

    ၄။ သက်ကြီးရွယ်အို အမျိုးသမီးတွေပဲ အရိုးပွရောဂါရတယ်

    Osteoporosis လို့ခေါ်တဲ့ အရိုးပွရောဂါဟာ အရိုး အားနည်းယိုယွင်းလာမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။ လူအများစုက ဒီရောဂါဟာ အမျိုးသမီးတွေမှာပဲဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ ဒီအချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီရောဂါဟာ ဘယ်လို လိင်အမျိုးအစားမဆို၊ ဘယ်လိုအသက်အရွယ်မှာမဆို ဖြစ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပမာဏအားဖြင့်ဆိုရင်တော့ အမျိုးသမီးတွေဟာ ၃ ဦးမှာ ၁ ဦးနှုန်းဖြစ်တတ်ပြီး အမျိုးသားတွေကတော့ ၅ ဦးမှာ တစ်ဦးနှုန်းဖြစ်ပွားတတ်တာပါပဲ။ အသက်အရွယ်ကြီးရင့်လာချိန်မှာတော့ ပိုသတိထားသင့်တာအမှန်ပါ။

    ၅။ အသက်ကြီးလာရင် ဦးနှောက်နှေးကွေးလာမယ်

    အသက်ကြီးရင့်လာချိန်မှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းရဲ့စွမ်းဆောင်ရည်က ကျဆင်းလာတာမှန်ပါတယ်။ ဒါပေမယ့် မဖြစ်မနေဖြစ်မယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ယုံတမ်းစကား ၃ ခုရှိတာမို့ အောက်မှာ တစ်ခုချင်း ရှင်းလင်းပြထားပါတယ်။

    • အိုမင်းလာရင် Dementia က မဖြစ်မနေရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာ – WHO ရဲ့ အဆိုအရ အသက်ကြီးလာရင် Dementia ဖြစ်နိုင်ခြေမြင့်မားတာမှန်ပေမယ့် လူကြီးတိုင်းကိုတော့ မသက်ရောက်နိုင်ဘူးလို့ ဆိုပါတယ်။ အသက် ၆၀ အထက်လူကြီး ၅%-၈% အထိသာ ဒီဝေဒနာခံစားရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အသက် ၇၁ နှစ်နဲ့အထက်လူကြီးတွေမှာဆိုရင်လဲ ဖြစ်နိုင်ခြေ ၁၃.၉% သာရှိတာမို့ အသက်ကြီးတဲ့လူတိုင်း စိုးရိမ်စရာမလိုတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
    • မှတ်ဉာဏ်ကျဆင်းလာတာဟာ Dementia ဖြစ်စေတယ် – လူသိများတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Dementia ဖြစ်ဖို့ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတဲ့ လက္ခဏာအမြဲတမ်း ပြသနေဖို့ မလိုအပ်ပါဘူး။ လူတစ်ချို့ဟာ မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်းမရှိခင်မှာတင် Dementia ဝေဒနာခံစားနေရတာမျိုးဖြစ်နေတတ်တာကြောင့်ပါ။ အမေရိကမှာ အသက် ၇၁ နှစ်အထက် သက်ကြီးရွယ်အို ၂၂.၂% ဟာ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတာမျိုး ကြုံရတတ်ပေမယ့် ၁၁.၇%သာ Dementia ဝေဒနာခံစားရပါတယ်။
    • အသက်ကြီးလာရင် ဦးနှောက်က မှတ်သားနိုင်စွမ်းကျဆင်းလာမယ် – မှတ်သားနိုင်စွမ်းကျဆင်းသွားတာမျိုးက အသက်ကြီးလာတဲ့လူတိုင်းမကြုံရနိုင်ပါဘူး။ Alzheimer’s Association ရဲ့ အဆိုအရ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး နှလုံးကျန်းမာအောင်နေထိုင်သူတွေဟာ သိမှတ်နိုင်စွမ်းကျဆင်းသွားမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ သွေးတိုးဆီးချိုကင်းစင်ကာ ဆေးလိပ်၊ အရက်သောက်သုံးမှုလည်းမရှိဘူးဆိုရင်ပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement