ဒီဘက်နှစ်ပိုင်းတွေမှာ လူ့အဖွဲ့အစည်းဟာ ပိုပြီးပွင့်လင်းလာ၊နားလည်မှုရှိလာ၊သဘောထားအမြင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ကိုယ်သူတို့ ‘transgender people’ တွေပါလို့ ကြွေးကြော်လာသူတွေ အရေအတွက်ဟာ ပိုလို့ပိုလို့ များများလာနေပါတယ်။ အခု ဆောင်းပါးမှာ ‘transgender people’ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်သဘောပေါက်လာအောင် အကြမ်းဖျဉ်း ပြောပြမှာ ဖြစ်ပါတယ်။
လူအများစုအတွက် သူတို့ရဲ့ လက်ရှိဖြစ်တည်နေတဲ့ ကျား၊မ အခြေအနေဟာ ဘာမှအငြင်းပွားစရာမလို အထွေအထူး တွေးနေစရာမလိုတဲ့ ကိစ္စပါ။ တနည်းပြောရရင် သူတို့အနေနဲ့ “ငါဟာ ယောက်ျားဖြစ်တယ်” “ငါဟာ မိန်းမဖြစ်တယ်” ဆိုတဲ့ လက်ရှိ ကျားမလိင်အနေအထားကို လက်ခံသဘောကျပါတယ်၊ လက်ရှိလိင်သဘာဝနဲ့ လိုက်လျောညီထွေပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရှေ့မှာ ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ ဒါဟာ လူအများစုအတွက် ဖြစ်ပါတယ်။ လူအားလုံးအတွက် မဟုတ်ပါဖူး။ တချို့တွေအတွက် လက်ရှိလိင်သဘာဝ ဖြစ်တည်မှုဟာ သူတို့အတွက် စိတ်ညစ်စရာ၊စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ သူတို့ဟာ ဆန့်ကျင်ဖက်လိင်ဖြစ်ချင်ကြသူတွေပါ။”တခြားလူတယောက်ရဲ့ ခန္ဓါကိုယ်ထဲမှာ ပိတ်မိနေတယ်” လို့ သူတို့က ပြောလေ့ရှိကြပါတယ်။ဥပမာ ပြောရရင် ကိုထက်ဟာ ယောက်ျားလေးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝတကွေ့ကွေ့အရောက်မှာ သူဟာ ယောက်ျားလေးမဖြစ်သင့်ဘဲ မိန်းကလေးဖြစ်သင့်တယ်လို့ ယူဆလာပါတယ်။ အဲ့ဒီ အချိန်က စလို့ သူဟာ သူဖြစ်သင့်တယ်လို့ထင်တဲ့ မိန်းကလေးပုံစံဖြစ်အောင် အသံတွေ၊အဝတ်အစားတွေ နဲ့ (ဖြစ်နိုင်ရင်) ရုပ်ရည်သွင်ပြင် နဲ့ခန္ဒ္ဓါကိုယ်အချိုးအစားကိုပါ ပြောင်းလဲဖို့ စတင်ကြိုးစားပါတော့တယ်။
Transgender တစ်ယောက်
လူတစ်ယောက်ဟာ သူ့ကိုယ်သူ ကျား သို့မဟုတ် မ ဖြစ်တယ်လို့ သတ်မှတ်တာကို လိင်ခွဲခြား သတ်မှတ်တယ်လို့ ခေါ်ပါတယ်။ လူတိုင်းလူတိုင်းဟာ မွေးရာပါအသိအရ သူတို့ကိုယ်ကို ယောက်ျားဖြစ်တယ်၊မိန်းမဖြစ်တယ်လို့ အလိုလိုသိပြီး သတ်မှတ်ပြီးသား၊လိင်ခွဲခြားသတ်မှတ်ပြီးသား ဖြစ်ပါတယ်။
လူအများစုအတွက် သူတို့ရဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံနဲ့ ကျားမသဘာဝ၊စိတ်နေစိတ်ထား၊ကိုယ်ရည်ကိုယ်သွေးတို့ဟာ ကိုက်ညီတဲ့အတွက် သူတို့ဟာ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိပါတယ်၊ပျော်ရွှင်မှုရှိကြပါတယ်။ တဖက်မှာကျပြန်တော့ စိတ်နဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံ မကိုက်ညီဘဲ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ Transgender တွေလည်း ရှိနေပြန်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ စိတ်ခံစားမှုဟာ ပြောင်းပြန်ဖြစ်နေတာပါ။
Transgender တစ်ယောက်အနေနဲ့ သူ့ရဲ့ အနေအထားကို အသက်အရွယ် အရမ်းငယ်သေးတဲ့ အချိန်မှာ သိရှိနိုင်သလို လူပျိုဖော်၊အပျိုဖော် ဝင်ချိန်မှာ ဒါမှမဟုတ် ဒီထက်နောက်ကျတဲ့ အချိန်ကျမှလည်း သိရှိနိုင်ကြပြန်ပါတယ်။ သူတို့ကိုယ်သူတို့ Transgenderမှန်း စပြီးသိလိုက်ရတဲ့အချိန်မှာ စိတ်ရှုပ်ထွေးသွားတာ၊အားငယ်ယူကျုံးမရဖြစ်တာ၊စိတ်ထဲမှာ ပဋိပက္ခဖြစ်တာ၊စိတ်ဓါတ်ကျတာမျိုးတွေ ဖြစ်လေ့ရှိကြပါတယ်။
အချိန်နည်းနည်းကြာလာတဲ့အခါ သူတို့ခံစားရတဲ့အတိုင်း၊အရှိကို အရှိအတိုင်း လက်ခံလိုက်ပြီ စတင်ပြောင်းလဲပါတော့တယ်။ ပလတ်စတစ်ဆာဂျရီလုပ်တာ၊ခွဲစိတ်မှုတွေလုပ်တာ၊filler တွေထိုးတာ၊botox ထိုးတာ၊ဟော်မုန်းတွေ သုံးစွဲတာ စတဲ့ နည်းလမ်းတွေကို သုံးစွဲပြီး သူတို့ရဲ့ ရုပ်ပိုင်းသွင်ပြင်ကိုပါ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လိင်ပြောင်းလဲရတဲ့ အလုပ်ဟာ လွယ်တာတော့မဟုတ်ပါဖူး။ ခွဲစိတ်မှုတွေ အများကြီးလုပ်ရတာဖြစ်လို့ နာကျင်မယ်၊အချိန်တွေကုန်မယ်၊ရှုပ်ထွေးပွေလီမယ်၊ ပြီးတော့ ငွေကုန်ကြေးကျလည်း အရမ်းများပါတယ်။ ဒါ့ကြောင့် ဒီလမ်းကို လိုက်ဖို့စဉ်းစားဆုံးဖြတ်လိုက်ပြီဆိုရင် သင့်အနေနဲ့ စိတ်ပြတ်ရပါမယ်။ ကိုယ်ဘာလုပ်နေတယ်ဆိုတာ သေသေချာချာ သိထားရပါမယ်။
ဒီလိုလိင်ပြောင်းဖို့ ဆုံးဖြတ်လိုက်သူတွေ ရှိကြသလို လက်ရှိသွင်ပြင်ခန္ဓါကိုယ်အနေအထားကို လက်ခံပြီး ကိုယ်ဖြစ်ချင်တဲ့ လိင်သဘာဝနဲ့ကိုက်ညီမယ့် အဝတ်အစား၊မိတ်ကပ်စတာတွေကိုပဲ ပြောင်းလဲဖို့ ဆုံးဖြတ်သူတွေလည်း ဒုနဲ့ဒေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]