ရေချိုးတာ ကြာတဲ့အခါ၊ ပန်းကန်ဆေးတာ ကြာတဲ့အခါ လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာကို ကြုံဖူးကြမှာပါ။ ခဏနေတော့လည်း သူ့အလိုလို ပြန်ပျောက်သွားတာပါပဲ။ ပဲကြီးရေခွံတွန့်တာက သာမန်အားဖြင့်တော့ ပြဿနာ မရှိပါဘူး။ တချို့သူတွေမှာ ရေနဲ့လည်း မထိပါဘဲနဲ့ လက်ရေနူး ကြတာလည်း ရှိပါတယ်။
ရေနဲ့ထိတဲ့အခါ ဘာကြောင့် လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာလဲ။
ဟိုးအရင်တုန်းကတော့ ရေတွေ လက်ချောင်းထိပ်ကို ဝင်သွားလို့ တွန့်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းသိပ္ပံပညာထွန်းကားလာတော့ ဒါက အာရုံကြောစနစ်ရဲ့ အချက်ပြမှုကြောင့် လက်ချောင်းထိပ်က သွေးကြောလေးတွေ ကျုံ့သွားတာ။ ဒါကြောင့် လက်ချောင်းထိပ်က အရေပြားတွေ တွန့်သွားတာလို့ သိလာကြပါပြီ။
ဘာကြောင့် ဒီလိုမျိုး တွန့်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာ မသိကြသေးပါဘူး။ တချို့လေ့လာချက်တွေမှာ ဒါက ရေထဲက ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ မြဲမြဲမြံမြံ ကိုင်တွယ်နိုင်အောင်လို့ ပြောကြပေမဲ့ တချို့ကလည်း ဒါနဲ့ မဆိုင်ဘူးလို့ ဆိုကြပါတယ်။
ဘာပဲဖြစ်ဖြစ် ရေနဲ့ ထိလို့ လက်ချောင်းတွေ ပဲကြီးရေခွံတွန့်တာက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။
ရေနဲ့ မထိဘဲ လက်ချောင်းတွေ ပဲကြီးရေခွံတွန့်တာကရော ဘာကြောင့်များလဲ
တချို့လူတွေက ရေနဲ့လည်း မထိဘဲ လက်ချောင်းတွေ ပဲကြီးရေခွံတွန့်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင်တော့ ဖြစ်နိုင်တာတွေက
- ရေဓာတ်ခမ်းခြောက်တာ
ရိုးရိုးရေဓာတ် ခမ်းခြောက်တာ မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးလွန်းလို့ ရှော့ရခါနီးအခြေအနေတွေမှာ တွေ့ရပါတယ်။ သူတို့မှာဆိုရင် ခြေဖျားလက်ဖျားတွေ အေးစက်နေပြီး လက်ချောင်းထိပ်တွေပါ တွန့်နေတတ်ပါတယ်။
ရေဓာတ်ဆုံးရှုံးတာကြောင့်ဆိုရင်တော့ ဒီလက္ခဏာအပြင် ဆီးနည်းသွားတာ၊ အာခြောက်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာတွေပါ ခံစားရမှာပါ။
- Raynaudရောဂါ
ဒါက အအေးဓာတ်ကို တုံ့ပြန်မှု များတဲ့ ရောဂါတစ်မျိုးပါ။ ခြေချောင်းလက်ချောင်းထိပ်က သွေးကြောတွေကို ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။
ဒီရောဂါမှာဆိုရင် အေးတာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ လက်ချောင်းခြေချောင်းတွေက ဖြူလာမယ်၊ ပြာလာမယ်၊ နီလာမယ်၊ နာလာမယ်၊ ထုံလာမယ် စတာတွေပါ ခံစားရမှာ ဖြစ်ပါတယ်။