brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာ ဘာများလဲ!

Creatinine ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က စစ်ထုတ်ပြီး ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ 

Creatinine က ကြွက်သားတွေ လုပ်ဆောင်မှုကနေ ထွက်လာတဲ့ ဘေးထွက်ပစ္စည်း တစ်ခုဖြစ်တာကြောင့် ကြွက်သားလှုပ်ရှားမှု များသူတွေရဲ့ သွေးထဲမှာ Creatinine ပမာဏက ပိုများပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာတဲ့သူတစ်ယောက်ဖြစ်မယ်။ ကျောက်ကပ်ရောဂါ တစ်ခုခုလည်း ရှိမနေဘူး။ ကိုယ်ဝန်ဆောင်လည်း မဟုတ်ဘူးဆိုရင် ပုံမှန်အားဖြင့် ကိုယ်တွင်းမှာ Creatinine ပမာဏက အမျိုးသား 0.7 mg/dL ကနေ 1.3 mg/dL ကြား ရှိပြီး အမျိုးသမီးဆိုရင်တော့ 0.6 mg/dL ကနေ 1.1 mg/dL ကြား ရှိရမှာ ဖြစ်ပါတယ်။ 

တကယ်လို့ ဒီပမာဏထက် နည်းနေပြီဆိုရင် Creatinine ပမာဏ ကျဆင်းနေပြီလို့ ပြောချင်ပါတယ်။ ဘာကြောင့် ကျဆင်းရသလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ 

  • ကြွက်သားထုထည် နည်းနေတာ

ကြွက်သားထုထည် များလေလေ သွေးထဲမှာ Creatinine ပမာဏ များလာလေလေပါ။ ဒါကြောင့် ကြွက်သားထုထည် နည်းနေပြီဆိုရင်တော့ Creatinine ပမာဏ ကျဆင်းနေပြီပေါ့။ အသက်အရွယ် ရလာချိန်မှာ ကြွက်သားထုထည် ကျဆင်းလာတာက ပုံမှန်ပဲ ဆိုပေမယ့် အသက်ငယ်ငယ်မှာ ကြွက်သားထုထည် နည်းနေတာ ကတော့ ရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်တာမို့ သေချာလေး ဂရုစိုက်စစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။

  • ပရိုတင်း အစားနည်းနေတာ

နေ့စဉ် စားသုံးမှုကလည်း Creatinine ပမာဏအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ နေ့စဉ် စားသုံးမှုကနေ ပရိုတင်းပမာဏ လုံလောက်အောင် မရရှိတာ၊ သက်သတ်လွတ် စားတာ၊ အသီးအရွက် အစားများတာကလည်း ပရိုတင်း လိုအပ်ချက် များစေပြီး ကိုယ်တွင်းက Creatinine ပမာဏ ကျဆင်းစေတာပါ။

  • ကိုယ်ဝန်ဆောင်နေရတာ

ကိုယ်ဝန်ဆောင်နေရချိန်မှာလည်း Creatinine ပမာဏက ကျဆင်းနေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်တွေက Creatinine အပါအဝင် ကိုယ်တွင်းက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာလည်း Creatinine ပမာဏ ကျဆင်းနေနိုင်ပါတယ်။

  • အသည်းရောဂါ ရှိနေတာ

ပြင်းထန်တဲ့ အသည်းရောဂါ ခံစားနေရတာကလည်း Creatinine ပမာဏ ကျဆင်းမှုကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အသည်းက creatine ထုတ်လုပ်မှုကို ထောက်ကူပေးတာကြောင့်ပါ။ ဒါကြောင့် အသည်းက ကောင်းကောင်း အလုပ်မလုပ်တော့ချိန်မှာ creatine ကို ကောင်းကောင်း မထုတ်နိုင်တော့ဘဲ သွေးထဲက Creatinine ပမာဏလည်း ကျဆင်းလာပါတော့တယ်။

အခုပြောပြခဲ့တဲ့ အချက်တွေထဲက တစ်ခုခုကို ခံစားနေရမယ်ဆိုရင် Creatinine ပမာဏ ကျဆင်းမှုကို ဖြစ်စေနိုင်ပါတယ်။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။