backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dizzy (မူးဝေခြင်း)


Dr. Khin Yin Kyay မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dizzy (မူးဝေခြင်း) ကဘာလဲ။

မူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ သို့သော် အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မူးဝေခြင်း၊ ဦးခေါင်းလေးလံခြင်း၊ ခေါင်းမူးခြင်း စသဖြင့်ခံစားရလေ့ရှိပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး မူးဝေခြင်းကို ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ သို့သော် ၎င်းဟာ ခဏခဏလည်းဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မူးဝေခြင်းဟာ ဆိုးရွားတဲ့ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သူ့အလိုအလျောက် ပျောက်သွားလေ့ရှိပါတယ်။ သို့မဟုတ်လျှင်လည်း ဖြစ်နေရတဲ့ အကြောင်းအရင်းကို ကုသခြင်းအားဖြင့် ပျောက်ကင်းသွားနိုင်ပါတယ်။

သို့သော် ဒီလိုမူးဝေခြင်းက သင့်ရဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်လာပြီဆိုလျှင် ဆေးသောက်ပြီးတော့ ထိန်းချုပ်နိုင်ပါတယ်။

Dizzy (မူးဝေခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မူးဝေခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dizzy (မူးဝေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မူးဝေခြင်းဟာ ခံစားရတဲ့လက္ခဏာတစ်ခုမျှသာ ဖြစ်ပါတယ်။ မူးဝေခြင်း ရဲ့ အဖြစ်အများဆုံး ရောဂါ လက္ခဏာတွေကတော့

• ချာချာလည်အောင်မူးခြင်း၊

• မိုက်ခနဲဖြစ်ခြင်း၊

• စိတ်နှလုံး မငြိမ်မသက် ခံစားရခြင်း၊

• ဦးခေါင်းလေးလံ၍ မူးနောက်ခြင်း၊

• ပျို့ခြင်း စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• ရုတ်တရက် (သို့) အလွန်အမင်းခေါင်းကိုက်ခြင်း

• ပျို့အန်ခြင်း

• မိုက်ခဲနဲ ဖြစ်ခြင်း

• ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နှလုံးခုန်နှုန်း ပုံမှန် မဖြစ်ခြင်း၊ ထုံကျဉ် အားနည်းခြင်း

• မောခြင်း

• အဖျားကြီးခြင်း

• လည်ပင်းနှင့် ဇက်အလွန်အမင်းတောင့်တင်းခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားခြင်း၊

• တက်ခြင်း

• ချာချာလည်အောင်မူးခြင်း

• မိုက်ခနဲဖြစ်ခြင်း စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dizzy (မူးဝေခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မူးဝေခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။၎င်းတို့ကတော့

• နားအတွင်းပိုင်းအခန်း ထိခိုက်ဒဏ်ရာ ရထားခြင်း

• ကားမူးခြင်းကဲ့သို့ ယာဉ်စီးသောအခါ ဖြစ်ပေါ်လာသော မူးဝေခြင်း

• အချို့သောဆေးများ သောက်သုံးခြင်း (ဥပမာ အတက်ရောဂါသက်သာစေရန်တွက် သောက်သောဆေးများ၊ အိပ်ဆေးများနှင့် စိတ်ငြိမ်ဆေးစသည်)၊

• သွေးပေါင်ကျခြင်း

• နှလုံးကြွက်သား ရောဂါဖြစ်ခြင်း

• နှလုံးဖောက်ခြင်း

• ပိုးဝင်ခြင်း

• ထိခိုက်ဒဏ်ရာ ရခြင်း

• ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့်

• Meniere’s disease ဟုခေါ်သော နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနှင့် မူးဝေခြင်း

• စိတ်ဖိစီးမှုခံစားရခြင်း

• သွေးတွင်းသကြားဓါတ် နည်းနေခြင်း

• သွေးအားနည်းရောဂါရှိခြင်းတို့အပြင် အလွန်အမင်း ပူအိုက်ပြီး ရေဓါတ်ဆုံးရှုံးနေတဲ့ အချိန်တွေမှာလည်း မူးဝေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Dizzy (မူးဝေခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မူးဝေခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်အရွယ်- မူးဝေခြင်းဟာ ကလေးတွေထက် လူကြီးတွေမှာပိုအဖြစ်များပါတယ်။ အရင်က မူးဝေခြင်း ခဏခဏဖြစ်ဖူးတဲ့သူ၊ အရင်ကခေါင်းမူးတာ ခဏခဏ ဖြစ်ဖူးတဲ့သူတွေမှာလည်း ဆက်ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dizzy (မူးဝေခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မူးဝေခြင်းရဲ့ အကြောင်းကို အဖြေရှာဖို့ရာ ၎င်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို ရှာဖွေရပါမယ်။ ဘာကြောင့်လည်းဆိုတော့ မူးဝေခြင်းကိုဖြစ်စေနိုင်တဲ့ အခြေအနေတွေအများကြီး ရှိနိုင်လို့ပါ။ မူးဝေခြင်း ဟုတ်မဟုတ် အတည်ပြုအဖြေရှာဖို့ရာ စစ်ဆေးမှုတွေ အများကြီးလုပ်ဖို့ ရှိပါတယ်။

ဆရာဝန်ကသင့်ခန္ဓါကိုယ်ကို စမ်းသပ် စစ်ဆေးပေးခြင်း၊ လေဖြတ်ထားဖူးသူဆိုလျှင် သံလိုက်ဓါတ်မှန် သို့မဟုတ် ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်း အပြင် လမ်းလျှောက်တဲ့ပုံစံနဲ့ ကိုယ်နေဟန်ထားကို ဘယ်လိုထိန်းတယ်ဆိုတာကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။

ပင်မအာရုံကြော အဖွဲ့အစည်း ဘယ်လိုအလုပ် လုပ်နေတယ်ဆိုတာကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် အကြားအာရုံ စစ်ဆေးခြင်း နှင့် ဟန်ချက်ထိန်းခြင်းဆိုင်ရာ စစ်ဆေးခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

၎င်းတို့ကတော့ မျက်လုံးလှုပ်ရှားမှု စစ်ဆေး ခြင်း၊ ဦးခေါင်းလှုပ်ရှားမှု စစ်ဆေးခြင်း၊ကိုယ်နေဟန်ထားနှင့် အာရုံကြောပိုင်းဆိုင်ရာစနစ် စစ်ဆေးခြင်း၊ နားအတွင်း ပိုင်းဆိုင်ရာနှင့် အာရုံကြောစနစ်ဆိုင်ရာများကို စစ်ဆေးခြင်း စတာတွေပြုလုပ်မှာ ဖြစ်ပါတယ်။

Dizzy (မူးဝေခြင်း) ကို ဘယ်လိုကုသပါသလဲ

မူးဝေခြင်းဟာ သူ့အလိုအလျောက် ပြန်ကောင်းသွားတတ် ပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုလျှင် ဖြစ်ရတဲ့အကြောင်းအရင်း တွေကို ကုသဖို့အတွက် ဆေးသောက်ခြင်းနှင့် ဟန်ချက်ထိန်းခြင်း ဆိုင်ရာလေ့ကျင့်ခန်းတွေကို လုပ်နိုင်ပါတယ်။

antihistamines, anticholinergics ပါသောဆေးများနဲ့ scopolamine (transderm scop) ဟုခေါ်သော အရေပြားကပ်ခွာအချို့ကလည်း မူးဝေခြင်းကို သက်သာစေပါတယ်။

ပျို့တာသက်သာစေဖို့ ဆေးသောက်နိုင်ပါတယ်။

စိတ်ဖိစီးမှု သက်သာစေဖို့အတွက် ဒိုင်ယာဇီပန် (Valium), အယ်လ်ပရာဇိုလန် (Xanax)ကဲ့သို့ စိတ်ငြိမ်ဆေး တွေကိုလည်း သောက်နိုင်ပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို ကာကွယ်ဖို့အတွက် ကိုယ်နေဟန်ထား အပြောင်းအလဲဖြစ်စေတဲ့ အခါမှာ မူးဝေခြင်းတွေမဖြစ်ရအောင် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတစ်ချို နဲ့ကုသခြင်း နှင့် ခွဲစိတ်ကုသခြင်း (သို့) အခြားသော လုပ်ဆောင်မှုများကိုလည်း ပြုလုပ်ပြီး ကုသနိုင်ပါတယ်။

ဂျန်တာမိုင်ဇင် (Gentamycin ) ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးကို နား အတွင်းခန်းသို့ ထိုးပြီး ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာတွေကို ပျောက်အောင်လုပ်လို့ရပါတယ်။

နားအတွင်းခန်းမှာ ရှိတဲ့အာရုံခံအင်္ဂါကို ဖယ်ရှားပစ်ခြင်းအားဖြင့်လည်း ကုသနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Khin Yin Kyay မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement