backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 09/07/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ကဘာလဲ။

Cushing syndrome ဆိုသည်မှာသင်၏ခန္ဓါကိုယ်တွင် ကော်တီစောဟော်မုန်းပမာဏအချိန်ကြာမြင့်စွာမြင့်တက်လျက်ရှိသောအခြေအနေကိုခေါ်ပါသည်။ ခန္ဓါကိုယ်ကကော်တီစောများကိုများစွာထုတ်လုပ်နေသောအချိန်တွင် ဖြစ်ပွားနိုင်သလိုကော်တီကိုစတီးရွိုက် သောက်ဆေးများအလွန်အကျွံသောက်မိလျှင်လည်း Cushing syndrome ဖြစ်နိုင်ပါသည်။

ကော်တီစောများများခြင်းသည် ပုခုံးတွင်အဆီပိုများတက်လာခြင်း၊ မျက်နှာပြည့်ဝန်းခြင်း၊ အရေပြားပေါ်တွင် ပန်းရောင် သို့မဟုတ် ခရမ်းရောင် အစင်းကြောင်းများ ဖြစ်ခြင်းစသောရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါသည်။ Cushing syndrome သည် သွေးတိုးခြင်း၊ အရိုးသိပ်သည်းမှုနည်းခြင်းနဲ့ တစ်ခါတစ်ရံဆီးချိုအမျိုးအစား ၂ ကိုလဲ ဖြစ်စေနိုင်ပါသည်။

Cushing syndrome ၏ကုသမှုများသည် သင့်ခန္ဓါကိုယ်၏ ကော်တီစောထုတ်လုပ်မှု ကိုပုံမှန်သို့ ပြန်ရောက်အောင် ပြုလုပ်ပေးနိုင်ပြီးရောဂါလက္ခဏာများကိုသိသာစွာတိုးတက် ကောင်းမွန် လာစေပါသည်။ ကုသမှု စောစီးလေ ပြန်လည် သက်သာရန် အခွင့်အရေးပိုများလေ ဖြစ်ပါသည်။

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ်များပါသည်။ အသက် ၂၀-၄၀ ရှိသောလူများတွင် ပို၍ ဖြစ်ပွားပါသည်။

ရောဂါဖြစ်ပွားနိုင်ခြေမြင့်စေသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကော်တီစောပမာဏပေါ်မူတည်၍ ဖြစ်ပေါ်နိုင်သောရောဂါလက္ခဏာအများအပြားရှိပါသည်။

အောက်ပါ လက္ခဏာများပါဝင်ပါသည်။

  • ကိုယ်အလေးချိန်တက်ခြင်း၊ အထူးသဖြင့် ခန္ဓါကိုယ် အလယ်ပိုင်း နှင့် ကျောအပေါ်ပိုင်း၊ မျက်နှာ (လမျက်နှာ)၊ ပခုံးများကြား ( ကျွဲဘို့ကဲ့သို့) တို့တွင် အဆီတစ်ရှူးများစုပုံခြင်း
  • ဝမ်းဗိုက်၊ ပေါင်၊ ရင်သား နှင့် လက်မောင်းရှိ အရေပြားပေါ်တွင် ပန်းရောင် သို့မဟုတ် ခရမ်းရောင် အစင်းကြောင်းများပေါ်ခြင်း
  • ပိန်ပါးကာအညိုမည်းစွဲလွယ်သောအရေပြား
  • ပြတ်ရှဒဏ်ရာများ၊အင်းဆက်ကိုက်ရာများနှင့်ရောဂါပိုးကူးစက်မှုများမှ ပြန်လည်ကောင်းမွန် ရန် အချိန်ကြာခြင်း
  • ဝက်ခြံများထွက်ခြင်း

Cushing syndrome ရောဂါရှိသောအမျိုးသမီးများတွင် အောက်ပါ လက္ခဏာများရှိတက်ပါသည်။

  • ခန္ဓါကိုယ်နှင့်မျက်နှာတွင် ထူထဲ၍ ထင်ရှားသောအမွေးအမျှင်များပေါက်လာခြင်း
  • ရာသီလာချိန် ပုံမမှန်ခြင်း (သို့)ရာသီမလာခြင်း

Cushing Syndrome ရောဂါရှိသောအမျိုးသားများတွင် အောက်ပါတို့ ကြုံတွေ့နိုင်ပါသည်။

  • ကာမစိတ်လျော့နည်းခြင်း
  • မျိုးပွားနိုင်မှု ကျဆင်းခြင်း
  • လိင်အင်္ဂါ မတောင့်တင်းနိုင်ခြင်း

အခြားရောဂါလက္ခဏာများမှာ

  • ပြင်းထန်စွာပင်ပန်းနွမ်းနယ်ခြင်း
  • ကြွက်သားများအားနည်းခြင်း
  • စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဒေါသထွက်လွယ်ခြင်း
  • စိတ်ခံစားမှုကိုမထိန်းချုပ်နိုင်ခြင်း
  • တွေးခေါ်နိုင်မှု ပြုလုပ်ရန်မလွယ်ကူခြင်း
  • သွေးတိုးစဖြစ်လာခြင်း (သို့) သွေးတိုးပိုဆိုးလာခြင်း
  • ခေါင်းကိုက်ခြင်း
  • အရိုးအားနည်းခြင်း ၊ အချိန်ကြာလာတာနဲ့အမျှ အရိုးကျိုးနိုင်ခြင်း
  • ကလေးငယ်များတွင် ဖွံ့ဖြိုးမှုအားနည်းခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွားခြင်းကိုရပ်တန့် ပေးပြီးအရေးပေါ်အခြေအနေမဖြစ်အောင်ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့်မြန်မြန် ပြသပါ။

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

Cushing syndrome ၏ အဖြစ်အများဆုံးအကြောင်းရင်းမှာ prednisone ကဲ့သို့သောကော်တီကိုစတီးရွိုတ် ဆေးများကိုအချိန်ကြာမြင့်စွာအလွန်အကျွံသုံးစွဲခြင်းဖြစ်ပါသည်။ အစားထိုးထားသောကိုယ်အင်္ဂါ အား ခန္ဓါကိုယ်မှ ငြင်းပယ်ခြင်းကိုကာကွယ်ရန် ထိုဆေးများကိုဆရာဝန်ကပေးနိုင်ပါသည်။ ထိုဆေးများကိုlupus (အရေပြားရောဂါတစ်မျိုး) နှင့် အဆစ်ရောင်ခြင်းစသောရောဂါများတွင် လည်းအသုံးပြုနိုင်ပါသည်။ ခါးနာခြင်းကိုကုသရန်အတွက် စတီးရွိုက် ထိုးဆေးများများသုံးခြင်းသည် လည်းဤရောဂါကို ဖြစ်နိုင်ပါသည်။

အခြားဖြစ်ပွားနိုင်သောအကြောင်းရင်းများမှာ

  • Pituitary gland အကျိတ်ရောဂါ။ ။ ဒီရောဂါတွင် pituitary gland သည် adrenocorticotropic ဟော်မုန်းကိုအများအပြားထွက်စေပါသည်။ ဒီရောဂါကို Cushing’s disease ဟုလည်းခေါ်ပါသည်။
  • Ectopic ACTH syndrome ။ ။ အဆုတ၊် ပန်ကရိယ၊သိုင်းရွိုက် နှင့် thymus glandတို့တွင် အကျိတ်ဖြစ်စေသောရောဂါ
  • Adrenal gland မူမမှန်ခြင်း၊အကျိတ်ဖြစ်ခြင်း

Risk factors

ငါ့ဆီမှာ Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်များရှိပါကCushing syndrome ဖြစ်ပွားနိုင်မှုကို မြှင့်တက် စေပါသည်။

  • စိတ်ဖိစီးမှုများခြင်း။ ။ ရက်တိုဖျားခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ ဒဏ်ရာရခြင်း၊ ကိုယ်ဝန်ရခြင်း (အထူးသဖြင့် ကိုယ်ဝန်နောက်ဆုံးသုံးလ)တို့နှင့် သက်ဆိုင်သောစိတ်ဖိစီးမှုများပါဝင်သည်။
  • အားကစားလေ့ကျင့်မှုများ
  • အရက်သောက်ခြင်း
  • စိတ်ဓါတ်ကျခြင်း၊ ထိတ်လန့်၍ ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ခံစားမှု ဖိအားများခြင်း

ဤအခြေအနေများသည် သင်၏ခန္ဓါကိုယ်အတွင်းတွင်ကော်တီစောပမာဏကိုတက်စေ ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

Cushing syndrome ရောဂါသည် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါသည်။ ရောဂါ အဖြေရှာမှုသည် ခန္ဓါကိုယ်တွင်းမှ ကော်တီစောပမာဏမှုမမှန်မှုအပေါ် အခြေခံထားပါသည်။

ပထမဦးစွာသင်၏ ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်း၊ဆေးမှတ်တမ်းယူခြင်းနဲ့ရောဂါလက္ခဏာများ ကြည့်ခြင်းတို့ကိုလုပ်ဆောင်ပါလိမ့်မည်။ အောက်ပါ ဓါတ်ခွဲခန်းစမ်းသပ်မှု များကိုလည်းလုပ်ဆောင်နိုင်ပါသည်။

  • ၂၄နာရီ ဆီးတွင်းကော်တီစော (free cortisol)ပမာဏတိုင်းတာခြင်း
  • ညသန်းခေါင် သွေးရည်ကြည်အတွင်းကော်တီစော နှင့် ညနှောင်းပိုင်းတံတွေးတွင်းကော်တီစောပမာဏတိုင်းတာခြင်း
  • Dexamethasone suppression test

ကောတီစောပမာဏရလဒ်များရပြီးသည့်နောက် ဆရာဝန်သည် ကော်တီစောထုတ်လုပ်မှု ပိုလျှံခြင်း ၏ အကြောင်းရင်းကိုခွဲခြားသတ်မှတ်နိုင်ပါသည်။ အကြောင်းရင်းကိုသတ်မှတ်ရာတွင် အထောက်အကူ ပြုသောစစ်ဆေးမှုများတွင် corticotrophin releasing hormone stimulation test (ဟော်မုန်းလှုံ့ဆော်မှု စစ်ဆေးခြင်း) နှင့် dexamethasone suppression testတို့ ပါဝင်ပါသည်။ ကွန်ပျူတာဓါတ်မှန် နဲ့သံလိုက်ဓါတ်မှန် ကဲ့သို့သောစစ်ဆေးမှုများလည်းလုပ်ဆောင်နိုင်ပါသည်။

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ကို ဘယ်လိုကုသပါသလဲ

ကုသမှု ရွေးချယ်ခြင်းသည် ရောဂါဖြစ်စေသောအကြောင်းရင်းပေါ် တွင် မူတည်ပါသည်။ adrenal gland မှကော်တီစောထုတ်လုပ်မှုကိုလျော့ချပေးသောဆေးများသို့မဟုတ် pituitary gland မှ ACTH ဟော်မုန်းထုတ်လုပ်မှု ကိုလျော့ ချပေးသောဆေးများကိုဆရာဝန်ကညွှန်ကြားပါလိမ့်မည်။ အခြားဆေးများသည် ကော်တီစောများ၏ တစ်ရှူး ပေါ်တွင် သက်ရောက်မှု ကိုတားဆီးပါသည်။

သင်သည် ကော်တီကိုစတီးရွိုက် ဆေးများကိုအသုံးပြုနေရပါကဆေးပြောင်းသောက်ခြင်း၊ ဆေးပမာဏအတိုးအလျော့လုပ်ရခြင်းတို့လိုအပ်နိုင်ပါသည်။ ဆေးသောက်မှုကိုသင့်သဘောဖြင့် သင် မပြောင်းလဲပါနှင့်။ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

အကျိတ်ကြောင့် Cushing syndrome ရောဂါ ဖြစ်ပါကအကျိတ်ကိုခွဲစိတ်ဖယ်ရှားရပါသည် ။ အကျိတ် သည် ကင်ဆာအကျိတ်ဖြစ်နိုင်သလိုရိုးရိုးအကျိတ် လည်းဖြစ်နိုင်ပါသည်။ ဆရာဝန်က ဓါတ်ရောင်ခြည်ကုထုံး(သို့)ဓါတုဆေးကုထုံးတို့ကို ပြုလုပ်ဖို့ညွှန်ကြားနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကCushing syndromeကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ အသုံးဝင်သောအချက်များသည် Cushing syndromeကိုရှောင်ရှားရန် ကူညီနိုင်ပါသည်။

  • ကောင်းကောင်းစားပါ။ ကျန်းမာသောအစားအစာများသည် အချို့ရောဂါလက္ခဏာများကိုကာကွယ်ကာအချို့ကိုသက်သာစေပါသည်။
  • ကယ်စီယမ် နှင့် ဗီတာမင် ဒီပါသောအစားအစာများစားခြင်းသည် အရိုးများကိုကာကွယ်ပေးပါသည်။
  • ဆိုဒီယမ် နှင့် အဆီပါသောအစားအစာများစားခြင်းကိုလျှော့ပါ။
  • အာဟာရပညာရှင်သည် မှန်ကန်သောအာဟာရများလုံလောက်စွာရရှိရန် သင့်ကိုကူညီပေးနိုင်ပါသည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 09/07/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement