ခံစားဖူးကြမှာပါ။ ခြေထောက်တွေ လေးနေပြီး လှုပ်ရှားမှု တစ်ခုလုပ်ဖို့တောင် ပင်ပန်းနေတာမျိုး။ ခြေလှမ်းတိုင်းက မသွက်လက်ရင်တောင် လေးတော့မနေသင့်ဘူးလေ။ ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ ။ ဒီလိုမျိုး ခြေထောက်တွေ လေးနေရခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းအရာတွေ အများကြီးရှိပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ ။ ။
ဒီတိုင်း ယေဘုယျပြောရမယ်ဆိုရင်
- အဝလွန်တဲ့သူတွေ၊
- အသက်ကြီးလာလို့ ကြွက်သားအားနည်းလာတဲ့သူတွေနဲ့
- မတ်တပ်အကြာကြီးရပ်၊
- အကြာကြီးထိုင်တဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။
ခြေထောက်တွေ လေးလံပြီး ပင်ပန်းနေတယ်ဆိုတာ သူတစ်ခုတည်းရှိတတ်သလို အခြား လက္ခဏာတွေ ဖြစ်တဲ့ ကြွက်တက်တာ၊ ရောင်ရမ်းတာ၊ နာကျင်တာတွေနဲ့လည်း တွဲတတ်ပါတယ်။ သူတစ်ခုတည်းရှိရင် သိပ်စိုးရိမ်စရာ မရှိပေမယ့် အခြား လက္ခဏာတွေနဲ့ တွဲလာရင်တော့ ပေါ့ဆနေလို့ မရပါဘူး။ ။
ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ
၁ – လှုပ်ရှားမှု အရမ်းများသွားတာ။
ဒီ အချက်ကတော့သိသာပါတယ်။ ပုံမှန်ထက် ခြေထောက်ကို အရမ်းသုံးပြီး လှုပ်ရှားမှုလုပ်ထားတဲ့အခါ သင့်ခြေထောက်တွေ ပင်ပန်းပြီး လေးလံနေမယ်ဆိုတာပါ။ ဒီလို အရမ်းလှုပ်ရှားထားလို့ ဖြစ်လာတဲ့ ခြေထောက်တွေ လေးလံနေတဲ့ပြဿနာဟာ အနားကောင်းကောင်းယူလိုက်ရင် သက်သာသွားတာများပါတယ်။ ဒါကို အနားမယူဘဲ ခြေထောက်ကို ဆက်ပြီး ခိုင်းနေဦးမယ်ဆိုရင် ဒဏ်ဖြစ်သွားပါလိမ့်မယ်။
၂ – အထိုင်များတာ ။
ဒါကတော့ အပေါ်ကနဲ့ ဆန့်ကျင်ဘက်ပါ။ ခြေထောက်ကို အသုံးများမှ ခြေထောက်တွေ ပင်ပန်းတာမဟုတ်ပါဘူး။ အထိုင်များတဲ့အခါမှာလည်း လှုပ်ရှားမှု မရှိလို့ ခြေထောက်တွေ လေးလံနေပြီး တစ်ခါတစ်ရံမှာ အားမရှိသလိုလည်း ဖြစ်နေတတ်ပါတယ်။ ဒါကို သက်သာချင်ရင်တော့ တစ်နာရီထိုင်ပြီးတိုင်း ၅ မိနစ်လောက် လှုပ်ရှားမှုလုပ်ပေးဖို့ ဖြစ်ပါတယ်။ အိပ်ရာထဲ အကြာကြီးလှဲနေရတဲ့သူတွေ ဆိုရင် ခြေထောက်အောက်မှာ ခေါင်းအုံးလေးခံထားပြီး အနည်းငယ်မြင့်တဲ့ အနေအထားနဲ့ အိပ်ဖို့ပဲဖြစ်ပါတယ်။
၃ – ကြွက်တက်ခြင်း ။
ကြွက်တက်တဲ့ ခြေထောက်ကြောင့် သင်နေထိုင်ရတာ သက်သောင့်သက်တာ မရှိဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်ရတဲ့ အကြောင်းအရင်းပေါင်းများစွာရှိတဲ့အထဲကမှ အဖြစ်အများဆုံးကတော့ ခြေထောက်ကို အသုံးများတာကြောင့် ခြေထောက်တောင့်ပြီး ကြွက်တက်တာပဲ ဖြစ်ပါတယ်။ အနားယူလိုက်လို့မှ မသက်သာဘဲ ပိုဆိုးလာတဲ့အခါ ဆရာဝန်ဆီသွားပြဖို့လိုအပ်ပါတယ်။
၄ – သွေးတွင်း ပိုတက်ဆီယမ်ဓာတ်နည်းခြင်း ။ ။
သွေးတွင်း ပိုတက်ဆီယမ်ဓာတ်နည်းခြင်းရဲ့ လက္ခဏာတွေကတော့
- မောပန်းပြီး အားမရှိသလိုဖြစ်နေတာ
- ခြေထောက်ကြွက်တက်တာနဲ့
- ဝမ်းချုပ်တာတို့ပဲ ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဓာတ်နည်းခြင်းကိုဖြစ်စေတဲ့ ရောဂါတွေ၊ ဆေးတွေ အများကြီးရှိတဲ့ အတွက် ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာကို သိရဖို့ ဆရာဝန်ဆီမှာ သွားစစ်ကြည့်တာသာ အကောင်းဆုံးပါ။
၅ – ခြေထောက်သွေးကြောထုံးခြင်း ။ ။
မောပန်းတယ်၊ လေးလံတယ်၊ ကိုက်ခဲတဲ့ခြေထောက်တွေဖြစ်နေပြီဆိုရင်တော့ သင့်ခြေထောက်သွေးကြောတွေ ထုံးနေတာဖြစ်နိုင်ပါတယ်။ သွေးကြောထုံးတယ်ဆိုတာ ခရမ်းရောင်တွန့်လိမ်နေတဲ့ သွေးကြောတွေ ခြေထောက်ပေါ်မှာ အပြိုင်းပြိုင်းထနေတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သွေးကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ မလုံလို့ တစ်ခါညှစ်လိုက်တိုင်း သွေးတွေ နောက်ပြန်စီးပြန်အိုင်ကာ သွေးကြောတွေ ထုံးလာရခြင်းပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ လုပ်ပေးမယ်၊ သွေးကြောထုံးတာကို သက်သာစေတဲ့ အသားကပ်ဘောင်းဘီတွေ ဝတ်ပေးမယ်၊ ခြေထောက်ကို မြင့်မြင့်ထားမယ်ဆိုရင် သွေးကြောထုံးတာတွေ သက်သာစေမှာပါ။
၆ – သွေးလည်ပတ်မှု မကောင်းခြင်း ။
သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်ကနေ နှလုံးဆီကို သွေးတွေ ပေးပို့ဖို့ခက်ခဲသွားပြီး ခြေထောက်မှာ သွေးတွေ ပြန်အိုင်ပြီး ခြေထောက်လေးလံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာချင်ရင်တော့ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ၊ ကြပ်ထုပ်တဲ့ အဝတ်အစားတွေ ကို ရှောင်ပါ။ ဒါတွေ လုပ်နေတာတောင် ခြေထောက်က မသက်သာဘူးဆိုရင် ဆရာဝန် ဆီသွားပြဖို့ လိုနေပါပြီ။ ။
၇ – ကိုယ်ဝန် ။ ။
ကိုယ်ဝန်ကြောင့် ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ဟော်မုန်းနဲ့ ခြေလက်ဖောရောင်လာခြင်းတွေကြောင့် ကိုယ်ဝန်သည်တွေရဲ့ ခြေလှမ်းတိုင်းက လေးလံနေတတ်ပါတယ်။ ဒါကိုသက်သာစေဖို့အတွက် ကိုယ်ဝန်သည်တွေ ဘယ်ဘက်ကို စောင်းအိပ်ပေးပါ။ ဒါမှ နှလုံးဆီကို သွေးပို့ပေးနေတဲ့ ခြေထောက်က သွေးကြောတွေ အပေါ် ဖိအားလွတ်သွားမှာ ဖြစ်ပါတယ်။ ဒါတောင် မသက်သာဘဲ ပိုဖောလာနေတယ်ဆိုရင်တော့ ကိုယ်ဝန်ဆိပ်တက်တာဖြစ်နိုင်လို့ ဆရာဝန် ဆီ သွားပြစေချင်ပါတယ်။
၈ – Multiple sclerosis
ကြွက်သားတွေ အားနည်းတာ၊ ခြေထောက်တွေ လေးလံတာတွေက Multiple sclerosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပူတဲ့ရာသီဥတု စိုထိုင်းဆ များတဲ့ ရာသီဥတုမှာဆို ဒီ လက္ခဏာတွေ ပိုဆိုးတတ်ပါတယ်။ Multiple sclerosis ဆိုတာ ဦးနှောက်နဲ့ ကြွက်သားအကြားမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် Multiple sclerosis လို့ သင်သံသယ ရှိနေရင် ဆရာဝန်ဆီမှာ သွားစစ်ဆေးကြည်တာ အကောင်းဆုံးပါ။
ဒါတွေကတော့ ခြေလှမ်းတိုင်း လေးလံ နှေးကွေးခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ တစ်ချိန်လုံးထိုင်နေရင် မကောင်းသလို လှုပ်ရှားမှု လုပ်လွန်းရင်လည်း ခြေထောက်ကို ဒဏ်ဖြစ်စေတာကြောင့် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့ လိုအပ်ပါတယ် ။ ။
ရေးသားသူ- Dr Thin Yadanar @ Frances
[embed-health-tool-bmi]