brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ!

Creatinine ဆိုတာက ကြွက်သားတွေ လှုပ်ရှားမှုကနေ ထွက်လာတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့ creatine ရဲ့ ဘေးထွက်ပစ္စည်း တစ်ခုပါ။ သူ့ကို သွေးစစ်ပြီး ပမာဏစစ်ဆေးလို့ ရပါတယ်။ သွေးထဲမှာ creatinine ပမာဏ ကျဆင်းလွန်းနေတာကလည်း မကောင်းသလို များလွန်းနေတာကလည်း မကောင်းပြန်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်တော့ သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ!

Creatinine ဆိုတာ ဘာများလဲ!

သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ! ဆိုတာကို မပြောခင် creatinine ဘယ်ကနေ အစပြုဖြစ်ပေါ်တာလဲဆိုတာကို သိထားတာက ပိုကောင်းပါမယ်။ ခန္ဓာကိုယ်က ကြွက်သားထဲမှာ ရှိတဲ့ ပရိုတင်းဖြစ်တဲ့ creatine ကို စွမ်းအင်အဖြစ် ရစေဖို့ ဖြိုခွဲလိုက်ချိန် သွေးကြောထဲမှာ ထွက်ရှိတာတဲ့ အရာတစ်မျိုးပါ။

Creatine ပရိုတင်းကို Creatinine အဖြစ်ဖြိုခွဲလိုက်ချိန်မှာ ကျောက်ကပ်က သွေးထဲက Creatinineတွေကို စစ်ထုတ်ပြီး ဆီးကနေတဆင့် ခန္ဓာကိုယ်ပြင်ပဆီကို စွန့်ထုတ်လိုက်ပါတယ်။ များသောအားဖြင့်ကတော့ သွေးထဲမှာ Creatinine မြင့်တက်နေတာက ကျောက်ကပ် ထိခိုက်နေတာကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကဲ အခုဆက်ပြီး ဘာကြောင့် သွေးထဲမှာ Creatinine မြင့်တက်ရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ!

သွေးထဲမှာ Creatinine မြင့်တက်နေတာက အခုလို အကြောင်းရင်းခံတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

  • ကျောက်ကပ် ထိခိုက်နေတာ

ကျောက်ကပ်ထိခိုက်နေပြီ၊ ကျောက်ကပ် ပျက်စီးနေပြီဆိုရင်တော့ သွေးထဲမှာ Creatinine ပမာဏ မြင့်တက်နိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်ပြီး ခန္ဓာကိုယ်က Creatinineက မစွန့်ထုတ်နိုင်ရင် သွေးထဲမှာ ပမာဏများလာမှာပါ။ 

ကျောက်ကပ် ထိခိုက်နေပြီဆိုရင် သိသာတဲ့ လက္ခဏာတွေ အနေနဲ့ – 

-ဖောရောင်တာ

-ခြေကုန်လက်ပမ်းကျဆာ

-ဆီးသွားတဲ့ အလေ့အထ ပြောင်းလဲလာတာ

-အစားစားချင်စိတ် မရှိတာ

-မအီမသာဖြစ်တာ

-အရေပြား ယားယံတာမျိုးတွေ ခံစားရနိုင်ပါတယ်။

  • ဆီးလမ်းကြောင်း ပိတ်ဆို့တာ

သွေးထဲက Creatinine ပမာဏကို မြင့်တက်စေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ဆီးလမ်းကြောင်း ပိတ်ဆို့တာကြောင့်ပါ။ ဒါကလည်း အ‌ပေါ်ကဆီးက ဆီးပို့ပြွန်ထဲကနေ ဆီးအိမ်ဆီကို ရောက်သွားပြီး ဆီးစွန့်ပြွန်ကနေ တဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပါတယ်။

ဆီးလမ်းကြောင်းရဲ့ ဘယ်နားမှာပဲ ပိတ်ဆို့မှု ဖြစ်ဖြစ် ဆီးလမ်းကြောင်း ပိတ်ဆို့မှုတိုင်းက သွေးထဲက Creatinine ပမာဏကို မြင့်တက်စေနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်တဲ့အခါ သွေးထဲ Creatinine ပမာဏ မြင့်တက်တာအပြင် အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါသေးတယ်။

  • ဗိုက်ထဲက အောင့်မယ်
  • ခါးအောက်ပိုင်းနားက နာမယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • ဆီးသွားရခက်မယ်
  • ဆီးကျန်သလို ခံစားရမယ်
  • ဆီးခဏခဏ သွားချင်နေမယ်
  • ဆီးလမ်းကြောင်း ပိုးဝင်တာကို ခဏခဏ ခံစားရမယ်
  • ဆီးအရောင် နောက်ကျိနေမယ်
  • ခြေထောက်တွေ ရောင်မယ် စတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိတ်ဆို့တဲ့ လက္ခဏာတွေကို ခံစားရမယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန် ပြသဖို့ လိုပါမယ်။

  • Creatine ဖြည့်စွက်အာဟာရတွေ

Creatine ဖြည့်စွက်အာဟာရတွေကလည်း ကိုယ်တွင်းမှာ Creatinine ပမာဏမြင့်တက်တာကို ဖြစ်စေပါတယ်။ ကြွက်သားတက်စေဖို့ သောက်ကြတဲ့ ပရိုတင်းမှုန့်တွေက သွေးထဲမှာ Creatinine ပမာဏ မြင့်တက်တာကို ဖြစ်စေနိုင်ပါတယ်။

  • ဆေးဝါးတွေ 

သွေးထဲက Creatinine ပမာဏကို မြင့်တက်စေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဆေးဝါးတွေပါ။ ကျန်းမာရေး အခြေအနေတွေကို သက်သာစေဖို့ သောက်ရတဲ့ အချို့သော ဆေးဝါးတွေက ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေပြီး သွေးထဲမှာ Creatinine ပမာဏ မြင့်တက်တာကို ဖြစ်စေနိုင်ပါတယ်။

ဥပမာ ပိုးသတ်ဆေးတွေ၊ ကီမိုကုထုံး ခံယူနေရချိန်မှာ သောက်ရတဲ့ ဆေးတွေပါ။ 

  • ကျန်းမာရေး အခြေအနေတွေ

ဆီးချိုအပါအဝင် အချို့သော ကျန်းမာရေး ပြဿနာတွေက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး Creatinine ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကြွက်သားဆဲလ်တွေကို သေစေနိုင်တဲ့ ဖြစ်တောင့်ဖြစ်ခဲ ကျန်းမာရေး ပြဿနာတစ်ခုကြောင့်လည်း သွေးထဲက Creatinine ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ 

  • အစားအသောက် နဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ

အစားအသောက်တွေကြောင့်လည်း သွေးထဲက Creatinine ပမာဏ မြင့်တက်စေနိုင်ပါတယ်။ ဥပမာ အသားတွေ အများကြီး စားတာမျိုး။ နောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာကလည်း သွေးထဲက Creatinine ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ 

အခုလို အခြေအနေတွေကြောင့် သွေးထဲမှာ Creatinine မြင့်တက်တာကို ခံစားရနိုင်ပါတယ်။ Creatinineကို သွေးစစ်ပြီး သိနိုင်တယ်ဆိုပေမယ့် ဒီအဖြေတစ်ခုတည်းကို ကြည့်ပြီး ဘာမှပြောလို့ မရပါ။ ကိုယ့်မှာ ခံစားနေရတဲ့ လက္ခဏာတွေ၊ ရောဂါတွေ၊ တခြားသော ဆေးစစ်ချက်တွေကို ကြည့်ပြီးမှ ဘာဖြစ်လဲဆိုတာ သိနိုင်တဲ့အတွက် ကိုယ့်ဘာသာကိုယ် ဆေးစစ်ပြီး ရောဂါသတ်မှတ်တာမျိုး မလုပ်ဖို့ လိုပါတယ်။ 

# ဆီးချိုဖြစ်နိုင်ခြေကို ကိုယ်တိုင်ဆန်းစစ်လိုက်ပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။