အဓိပ္ပါယ်ဖွင့်ဆိုချက်
CA 19-9 tumor marker ဆိုတာဘာလဲ
ကင်ဆာရှိမရှိ ညွှန်ပြပေးနိုင်တဲ့ CA 19-9 tumor marker
CA 19-9 tumor marker ဟာ ကင်ဆာရောဂါရှိမရှိ ညွှန်ပြပေးနိုင်သလို ဆေးဝါးကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင်တွေအနေနဲ့ ဆေးအပေါ် တုံ့ပြန်မှုရှိမရှိကိုလည်း သိနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပန်ကရိယကင်ဆာနဲ့ အသည်းကင်ဆာဝေဒနာရှင်တွေရဲ့ အခြေအနေတိုးတက်မှု ရှိမရှိကိုပါ စောင့်ကြည့်ပေးနိုင်ပါသေးတယ်။
CA 19-9 ဟာ ကင်ဆာဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ကာဗိုဟိုက်ဒရိတ် ပဋိပစ္စည်းတမျိုး ဖြစ်ပါတယ်။ သင့်အနေနဲ့ ပန်ကရိယ ဒါမှမဟုတ် သည်းခြေလမ်းကြောင်းပိတ်ဆို့မှုကို ခံစားနေရပြီး CA 19-9 ပမာဏလည်း မြင့်တက်များပြားနေတယ်ဆိုရင် ဒါဟာ ပန်ကရိယကင်ဆာကို ညွှန်ပြနေပါတယ်။ အလားတူပဲ ရေဖျဉ်းစွဲပြီး အသားဝါနေတဲ့ လူနာတွေမှာ CA 19-9 ပမာဏများနေရင် အသည်းကင်ဆာလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ပန်ကရိယကင်ဆာဝေဒနာရှင်တွေရဲ့ ၇၀ရာခိုင်နှုန်းလောက်နဲ့ အသည်းကင်ဆာဝေဒနာရှင်တွေရဲ့ ၆၅ရာခိုင်နှုန်းလောက်မှာ CA 19-9 ပမာဏ မြင့်တက်နေမှာပါ။
ပန်ကရိယကင်ဆာ ဒါမှမဟုတ် အသည်းကင်ဆာဖြစ်နေသူတွေမှာ အခြေအနေတိုးတက်မှုရှိမရှိကို စောင့်ကြည့်အကဲခတ်ဖို့အတွက်လည်း CA 19-9 ပမာဏကို တိုင်းတာနိုင်ပါတယ်။ ပန်ကရိယကင်ဆာ ဒါမှမဟုတ် အသည်းကင်ဆာခံစားနေရသူ အနည်းစုဟာ ခွဲစိတ်ကုသခြင်း၊ကင်ဆာဆေးသွင်းခြင်း ဒါမှမဟုတ် ဓါတ်ကင်ခြင်းတွေကြောင့် ရောဂါအခြေအနေ သက်သာကောင်းမွန်လာနိုင်ပြီး CA 19-9 ပမာဏ လျော့နည်းသွားခြင်းဟာ ရောဂါအခြေအနေတိုးတက်လာတာကို ညွှန်ပြနေပါတယ်။
CA 19-9 ပမာဏ အလျင်အမြန်တက်လာခြင်းဟာ ကင်ဆာကျိတ်အကြီးမြန်ခြင်းကို ဖော်ပြပါတယ်။ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာ ဒါမှမဟုတ် အသည်းကင်ဆာဖြစ်နေသူတွေမှာ CA 19-9 ပမာဏမြင့်မားစွာ ရှိနေနိုင်ပြီး အစာအိမ်၊အူလမ်းကြောင်းနဲ့ မသက်ဆိုင်တဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ၆ – ၇ % လောက်မှာတောင် CA 19-9 မြင့်တက်နေမှာပါ။
ပန်ကရိယရောဂါရှိသူတွေ၊သည်းခြေကျောက်တည်နေသူတွေ၊အသည်းခြောက်နေသူတွေ၊အူရောင်ရောဂါ ဖြစ်ပွားနေသူတွေနဲ့ cystic fibrosis လို့ခေါ်တဲ့ အဆုတ်ရောဂါတမျိုး ဖြစ်ခံစားနေရသူတွေမှာလည်း CA 19-9 ပမာဏ အနည်းငယ် များနေနိုင်ပါတယ်။
အခြေခံအကြောင်းရင်းကို သိရှိခြင်း
ဘယ်လိုအခြေအနေတွေမှာ CA 19-9 tumor marker ပမာဏကို တိုင်းတာမလဲ။
လူတယောက်မှာ ပန်ကရိယကင်ဆာရဲ့ လက္ခဏာတွေ ပြနေပြီဆိုရင် CA 19-9 ပမာဏ တိုင်းတာခြင်းကို အခြားစစ်ဆေးမှုတွေ (ဥပမာ carcinoma antigen germ (CEA) ပမာဏ၊bilirubin ဓါတ်ပမာဏ တိုင်းတာခြင်း နှင့်/သို့မဟုတ် အသည်းစစ်ဆေးခြင်း စသည်)နဲ့ တွဲဖက်ပြုလုပ်နိုင်ပါတယ်။
ပန်ကရိယကင်ဆာရဲ့ လက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ အသားဝါခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အကယ်၍ ပန်ကရိယကင်ဆာ ဖြစ်ခါစကာလမှာ CA 19-9 ပမာဏ မြင့်တက်နေရင် ကုသမှုထိရောက်ခြင်းရှိမရှိ နဲ့ ရောဂါတကျော့ပြန် ဖြစ်ပွားခြင်းရှိမရှိကို စောင့်ကြည့်အကဲခတ်နိုင်ဖို့အတွက် ရောဂါကုသနေစဉ်အတောအတွင်းမှာ CA 19-9 ပမာဏ တိုင်းတာစစ်ဆေးခြင်းကို ရံဖန်ရံခါ (လိုအပ်သလို) ပြုလုပ်ပေးနိုင်ပါတယ်။
ကင်ဆာ၊အသည်း သို့မဟုတ် သည်းခြေလမ်းကြောင်းပိတ်ဆို့ခြင်း ရှိမရှိ သံသယဖြစ်နေရင်လည်း ဆရာဝန်အနေနဲ့ CA 19-9 ပမာဏကို တိုင်းတာစစ်ဆေးနိုင်ပါတယ်။ ကင်ဆာကြောင့်မဟုတ်တဲ့ သည်းခြေပြွန်ပိတ်ဆို့ခြင်းမှာလည်း CA 19-9 ပမာဏ အလွန်မြင့်တက်လာနိုင်ပြီး ပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းပြီးသွားချိန်မှာတော့ CA 19-9 ပမာဏ အလျင်အမြန် ပြန်လည်ကျဆင်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အခြေအနေမျိုးအတွက်ဆိုရင် သည်းခြေပြွန်ကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းကို ဖြေရှင်းအပြီး တပတ်ကနေ နှစ်ပတ်အကြာမှာ CA 19-9 ပမာဏကို တိုင်းတာခြင်းဟာ အလွန်ထိရောက်မှာ ဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ခြင်း
CA 19-9 tumor marker ပမာဏ မတိုင်းတာခင်မှာ ဘာတွေသိထားသင့်သလဲ။
CA 19-9 ဟာ တိကျမှု မရှိတဲ့အတွက် ကင်ဆာဖြစ်နိုင်ချေရှိမရှိကို ဖော်ပြပေးတဲ့ စစ်ဆေးမှု (cancer screening test) အဖြစ် အသုံးပြုနိုင်ခြင်းမရှိဘဲ ကင်ဆာဖြစ်နေသလားဆိုတာကိုသာ အဓိက ပြသပေးနိုင်ပါတယ်။ စိတ်မကောင်းစရာအချက်က ပန်ကရိယကင်ဆာဟာ ကနဦးအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်တာပါပဲ။ ရောဂါလက္ခဏာတွေပြလာပြီး CA 19-9 ပမာဏလည်း များလာတဲ့အချိန်မှာဆိုရင်တော့ ကင်ဆာဟာ အဆင့်အတော်မြင့်နေပါပြီ။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
CA 19-9 tumor marker ပမာဏ မတိုင်းတာခင်မှာ ဘာတွေ ကြိုတင်ပြင်ဆင်ဖို့ လိုမလဲ။
စစ်ဆေးမှုမပြုလုပ်ခင်မှာ သိထားသင့်တာတွေကို ဆရာဝန်က ရှင်းပြမှာဖြစ်ပြီး ဒီစစ်ဆေးမှုအတွက် အစာမစားဘဲ နေဖို့ မလိုအပ်ပါဘူး။
စမ်းသပ် စစ်ဆေးခြင်း
CA 19-9 tumor marker ပမာဏတိုင်းတာခြင်းကို ဘယ်လိုပြုလုပ်သလဲ။
အောက်ပါအချက်တွေအတိုင်း ပြုလုပ်ပါတယ်။
- သွေးထွက်မလွန်အောင် လက်မောင်းကို ပတ်တီးနဲ့ တင်းတင်းစည်းပါတယ်။
- သွေးဖောက်မယ့်နေရာကို အရက်ပျံနေသေချာစွာ ဆေးကြောပြီး ပိုးသတ်ပါတယ်။
- သွေးပြန်ကြောထဲကို အပ်ထိုးသွင်းပါတယ်။ လိုအပ်ရင် တကြိမ်ထပ်ပိုပြီး ထိုးနိုင်ပါတယ်။
- ပိုက်နဲ့ဆက်ပြီး သွေးကို စုဆောင်းပါတယ်။
- လုံလောက်တဲ့ သွေးပမာဏရရှိပြီးနောက်မှာ လက်မောင်းမှာပတ်ထားတဲ့ ပတ်တည်းကို ပြန်ဖြည်ပါတယ်။
- အပ်ထိုးထားတဲ့ (သွေးဖောက်ထားတဲ့) နေရာကို ဂွမ်းစလေးနဲ့ အုပ်ပြီးဖိပေးထားပါတယ်။
- နောက်ဆုံးအနေနဲ့ အဆိုပါနေရာကို ပလတ်စတာလေး ကပ်ပေးလိုက်ပါတယ်။
ပြီးရင်တော့ CA 19-9 tumor marker ပမာဏကို တိုင်းတာဖို့အတွက် ဖောက်ထားတဲ့ သွေးနမူနာကို ဓါတ်ခွဲခန်းပို့ပါတယ်။ နောက်ထပ် တပတ်ဆယ်ရက် လောက်အကြာမှာတော့ စစ်ဆေးမှုရလာဒ်ကို သိရှိရမှာ ဖြစ်ပါတယ်။
CA 19-9 tumor marker ပမာဏတိုင်းတာဖို့ သွေးဖောက်ပြီးနောက် ဘာဆက်လုပ်ရမလဲ။
သွေးဖောက်ထားတဲ့ နေရာကို ငါးမိနစ်လောက် ဂွမ်းစလေးနဲ့ အုပ်ပြီးဖိထားပေးပါ။ တကယ်လို့ CA 19-9 tumor marker နဲ့ပတ်သက်ပြီး မေးချင်တာရှိတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အဖြေကိုသိရှိခြင်း
ရရှိလာတဲ့ အဖြေကို ဘယ်လို သုံးသပ်ရမလဲ။
ပုံမှန်ပမာဏ —> <37 units / ml သို့မဟုတ် <37 kU / L (SI units)
မူမမှန် ပမာဏ —->
CA 19-9 ပမာဏ မြင့်တက်နေရခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
- ပန်ကရိယကင်ဆာ။
- အသည်းကင်ဆာ။
- ပန်ကရိယရောင်ခြင်း။
- သည်းခြေအိတ်ရောင်ခြင်း။
- အသည်းခြောက်ခြင်း။
- အစာအိမ်ကင်ဆာ။
- အူမကြီးကင်ဆာ။
- သည်းခြေကျောက်တည်ခြင်း။
- Cystic fibrosis လို့ခေါ်တဲ့ အဆုတ်ရောဂါတမျိုး။
- အဆုတ်ကင်ဆာ။
- အူရောင်ရောဂါ။
- အဆစ်အမြစ်ရောင်ရောဂါ။
ယခုစစ်ဆေးမှုအပြင် အခြားစစ်ဆေးမှုတွေနဲ့ အပြင်ပန်းစမ်းသပ်မှုတွေကိုပါ ပြုလုပ်ပြီးမှသာ ရောဂါအမည်တပ်ရမှာ ဖြစ်ပါတယ်။ ရောဂါအဖြေကို အတိအကျ သိရှိနိုင်ဖို့အတွက် အထူးကုဆရာဝန် ဒါမှမဟုတ် အထွေထွေရောဂါကု ဆရာဝန်တို့နဲ့ ဆွေးနွေးတိုင်ပင် မေးမြန်းရမှာပါ။ ဓါတ်ခွဲခန်းနဲ့ ဆေးရုံအပေါ်မူတည်ပြီး CA 19-9 tumor marker ရဲ့ ပုံမှန်ပမာဏ သတ်မှတ်မှုမှာ အနည်းငယ်ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် စစ်ဆေးမှုအဖြေနဲ့ ပတ်သက်လို့ သိလိုတာတွေရှိရင် ဆရာဝန်ကို မေးမြန်းရပါမယ်။
[embed-health-tool-bmi]