brand logo
Discover
Health Tools
Communities

Share

Human Chorionic Gonadotropin (hCG ဟော်မုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Human Chorionic Gonadotropin (hCG ဟော်မုန်း) ကဘာလဲ။

Human Chorionic Gonadotropin စစ်ဆေးနည်း ကို သွေး (သို့) ဆီးအတွင်းမှာရှိတဲ့ ဟော်မုန်း hCG ကို စစ်ဆေးဖို့ အသုံးပြုကြပါတယ်။ hCG ကို ကိုယ်ဝန်ဆောင်နေစဉ် အချင်းကနေ ထုတ်လုပ်ပေးပါတယ်။ hCG စစ်ဆေးခြင်းတွေကို အမျိုးသမီး ကိုယ်ဝန်ရှိမရှိ သိရှိဖို့နဲ့ မွေးရာပါ ချို့ယွင်းချက်တွေ စစ်ဆေးခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

hCG ကို အချို့ အကျိတ်တွေကလည်း ပြုလုပ်ပါတယ်။ အထူးသဖြင့် သားဥ (သို့) သုက်ပိုး တွေကနေ ဖြစ်လာတဲ့ အကျိတ်တွေကနေ ထုတ်လုပ်ပါတယ်။ hCG ပမာဏတွေကို သားအိမ်အတွင်း ပုံမှန်မဟုတ်တဲ့ တစ်ရှူးကြီးထွားခြင်းတွေ၊ စပျစ်သီးသန္ဓေ နဲ့ သားအိမ်အတွင်း ကင်ဆာဖြစ်ခြင်း (choriocarcinoma) တွေမှာ စစ်ဆေးလေ့ရှိပါတယ်။ hCG စစ်ဆေးခြင်း အတော်များများကို ကလေးပျက်ကျအပြီးမှာ စပျစ်သီးသန္ဓေမဟုတ်ဘူးဆိုတာ သေချာဖို့ စစ်ဆေးရန် အသုံးပြုလေ့ရှိပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့ကင်ဆာ ဟုတ်မဟုတ် သိရှိဖို့လည်း hCG စစ်ဆေးလေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ hCG

သားဥဟာ သားဥပြွန်အတွင်းမှာ သုက်ပိုးနဲ့ ပေါင်းစပ်လေ့ရှိပါတယ်။ ပေါင်းစပ်ပြီး ၉ ရက်ကြာရင် မျိုးအောင်ထားတဲ့ သားဥဟာ သားဥပြွန် တစ်လျှောက် သားအိမ်အတွင်းကို ဆင်းလာတတ်ပြီး သားအိမ်နံရံမှာ တွယ်ကပ်ပါတယ်။ ဒီလိုတွယ်ကပ်ပြီးရင် ဖြစ်လာတဲ့အချင်းက hCG တွေကို သွေးအတွင်းကို ထုတ်ပေးပါတယ်။ အချို့ hCG တွေက ဆီးအတွင်းပါနိုင်ပါတယ်။ hCG ကို ပထမဆုံး ရာသီပျောက်တဲ့ ရက်မတိုင်ခင် သွေးအတွင်းမှာ တွေ့နိုင်ပြီးတော့ သားအိမ်နံရံကို သားဥကပ်အပြီး ခြောက်ရက်လောက်မှာ တွေ့နိုင်ပါတယ်။

hCG ဟော်မုန်း ဟာ ကိုယ်ဝန်ကို ထိန်းသိမ်းပေးပြီး ကလေးကြီးထွားမှုအပေါ် သက်ရောက်မှု ရှိပါတယ်။ hCG ပမာဏဟာ နောက်ဆုံးရာသီလာအပြီး ကိုယ်ဝန် ပထမဆုံး ၁၄-၁၆ ပတ်အတွင်း တဖြည်းဖြည်းတက်လာတတ်ပြီး နောက်ဆုံးရာသီလာအပြီး ၁၄ ပတ်မှာ အမြင့်ဆုံးရောက်ကာ ပြီးရင်တော့ ပြန်ကျသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် hCG ပမာဏ မြင့်တက်လာခြင်းဟာ ကိုယ်ဝန်နဲ့ ကလေးကျန်းမာရေးအကြောင်း အချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ကလေးမွေးပြီးရင်တော့ hCG ကို သွေးအတွင်းမှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။

ကလေး တစ်ဦးထက်ပိုပြီး ကိုယ်ဝန်ဆောင်ခြင်းတွေမှာ hCG ပမာဏ ပိုများတာတွေ့ရတတ်ပါတယ်။ တကယ်လို့ မျိုးအောင်ထားတဲ့ မျိုးဥဟာ သားအိမ်အတွင်းမှာ မဟုတ်ပဲ အခြားနေရာတွေ (ဥပမာ သားဥပြွန်) မှာ တွယ်ကပ်ခဲ့ရင် hCG ပမာဏ နည်းနိုင်ပါတယ်။ ဒါကို သားအိမ်ပြင်ပမှာ ကိုယ်ဝန်ဆောင်ခြင်းလို့ ခေါ်ပါတယ်။

Human Chorionic Gonadotropin တွေကို ဘာကြောင့် လုပ်ကြတာလဲ။

hCG စစ်ဆေးခြင်းကို အောက်ပါ အချက်တွေအတွက် ပြုလုပ်ကြပါတယ်။

• သင့်မှာ ကိုယ်ဝန်ရှိမရှိ သိရှိရန်

• သားအိမ် ပြင်ပ ကိုယ်ဝန်ဆောင်ခြင်းကို ရှာဖွေရန်

• စပျစ်သီးသန္ဓေတည်ခြင်း ကို ရှာဖွေ ကုသရန်

• ဒေါင်းဆင်ဒရုန်း အစရှိတဲ့ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်ပေါ်နှုန်းများခြင်းကို သိရှိရန် (ဒီစစ်ဆေးမှုကို အခြားစစ်ဆေးမှုတွေနဲ့ ပေါင်းစပ်ပြုလုပ်လေ့ရှိပါတယ်။)

• သားဥ (သို့) သုက်ပိုးတွေက ဖြစ်ပေါ်လာတဲ့ ကင်ဆာ (germ cell cancer) တွေကို ရှာဖွေကုသရန် (ဥပမာ သားဥအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ)။ ဒီလိုအခြေအနေတွေမှာ alpha-fetoprotein စစ်ဆေးမှုကို hCG test နဲ့ အတူ ပြုလုပ်လေ့ရှိပါတယ်။

ပြင်ဆင်မှု

Human Chorionic Gonadotropin ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သွေးတွင်း hCG ဟော်မုန်း စစ်ဆေးမှုဟာ ပုံမှန်အားဖြင့် ဆီးစစ်ဆေးမှုထက် ပိုမိုတိကျပါတယ်။ တကယ်လို့ ဆီးစစ်ဆေးမှု ပြုအပြီးမှာ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိတယ်ဆိုရင် သွေးစစ်ဆေးမှု (သို့) တစ်ပတ်အတွင်း နောက်တစ်ကြိမ် ဆီးစစ်ခြင်း ပြုလုပ်နိုင်ပါတယ်။ hCG ပမာဏတွေဟာ ကလေးပျက်ကျပြီး (သို့) ကျန်းမာရေးအရ ကလေးဖျက်ချအပြီး လေးပတ်အထိ များပြားနိုင်ပါတယ်။ ပုံမှန် hCG ပမာဏတွေရှိခြင်းဟာ သားအိမ်၊ သားဥအိမ်၊ ဝှေးစေ့ အကျိတ် မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ hCG ဟာ အကျိတ်ကို ဖိထားနိုင်ခြင်း ရှိမရှိ စစ်ဆေးရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ သွေးအတွင်း hCG ပမာဏ ကို တစ်ဦးထက် ပိုတဲ့ ကလေး အမြွှာ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေမှာ စစ်ဆေးလေ့ရှိပါတယ်။

Human Chorionic Gonadotropin တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သွေးစစ်ဆေးမယ်ဆိုရင်တော့ မစစ်ဆေးခင် အထူးတလည် ကြိုတင်ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ တကယ်လို့ ဆီးစစ်ဆေးမယ်ဆိုရင်တော့ တစ်နေ့တာရဲ့ အစောဆုံး ဆီးဟာ hCG အများဆုံးပါဝင်တာမို့ အကောင်းဆုံးဖြစ်ပါတယ်။ hCG ပမာဏ အများဆုံး ပါစေဖို့ ဆီးကို နောက်ဆုံးဆီးသွားအပြီး အနည်းဆုံးလေးနာရီကြာမှ စစ်ဆေးသင့်ပါတယ်။

စစ်ဆေးမှု

Human Chorionic Gonadotropin နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

hCG ပမာဏကို သွေး (သို့) ဆီးအတွင်းမှာ စစ်ဆေးလေ့ရှိပါတယ်။

သွေးစစ်ဆေးခြင်း

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြောကိုဖောင်းတင်းစေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာဖြစ်ပါတယ်။

သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

ဆီးစစ်ဆေးခြင်း

ဖြစ်နိုင်ရင် hCG အများဆုံး ပါဝင်တဲ့ တစ်နေ့တာရဲ့ အစောဆုံးဆီးကို ယူသင့်ပါတယ်။ hCG အများဆုံး ပါဝင်တဲ့ ဆီးကို ရဖို့ နောက်ဆုံးဆီးသွားပြီး အနည်းဆုံး လေးနာရီကြာမှ ထပ်သွားပြီး စစ်ဆေးသင့်ပါတယ်။

ဆီးခွက်ကို ဆီးကြောင်းမှာခံပြီး 60ml လောက်ထည့်ပါ။ ခွက်ရဲ့ ဘေးတွေကို လိင်အင်္ဂါတွေနဲပမထိစေပဲ အိမ်သာသုံးစက္ကူ၊ အမွေးအမျှင်၊ မစင်၊ သွေး၊ အခြားပြင်ပအရာဝတ္ထုတွေကို ဆီးစစ်ဆေးမှုအတွင်းမပါစေဖို့ ဂရုစိုက်သင့်ပါတယ်။

ပြီးရင်တော့ အဖုံးကို သေချာစွာ ဖုံးပြီး ဓါတ်ခွဲခန်းကို ပို့သင့်ပါတယ်။ အိမ်မှာ ဆီးကို ခံမယ်ဆိုရင် ဓါတ်ခွဲခန်းကို တစ်နာရီအတွင်းမရောက်နိုင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားသင့်ပါတယ်။

စစ်ဆေးပြီးနောက်

Human Chorionic Gonadotropin လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

အဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Human Chorionic Gonadotropin (hCG ဟော်မုန်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

ပမာဏများခြင်း

တကယ်လို့ ကိုယ်ဝန်ရှိနေရင် hCG ပမာဏများခြင်းဟာ ကလေးတစ်ဦးထက်ပိုပြီး ကိုယ်ဝန်ဆောင်ခြင်း (အမွှာ၊ သုံးမွှာ)၊ စပျစ်သီးသန္ဓေ၊ ဒေါင်းဆင်ဒရုန်း ကို ဖေါ်ပြခြင်း (သို့) ရက်တွက်မှားခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသားမှာ (သို့) ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေမှာတော့ hCG ပမာဏများခြင်းဟာ သုက်ပိုး (သို့) သားဥတွေက ဖြစ်လာတဲ့အကျိတ် (ဥပမာ ဝှေးစေ့အကျိတ်၊ သားဥအိမ်အကျိတ်) (ကင်ဆာ သို့ ကင်ဆာမဟုတ်သော အကျိတ်) ရှိခြင်းကို ဖေါ်ပြနိုင်ပါတယ်။ ဒါဟာ အခြားကင်ဆာတွေဖြစ်တဲ့ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ် ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာနဲ့ အဆုတ်ကင်ဆာတွေကို ဆိုလိုပါတယ်။

ပမာဏ နည်းခြင်း

တကယ်လို့ ကိုယ်ဝန်ရှိနေတယ်ဆိုရင် hCG ပမာဏ နည်းခြင်းဟာ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးသေဆုံးခြင်း၊ ရက်တွက်မှားခြင်း တွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတယ်ဆိုရင် ပုံမှန်မဟုတ်ပဲ hCG ကျဆင်းခြင်းဟာ ကိုယ်ဝန်ပျက်ကျခြင်းကို ညွှန်ပြခြင်း ဖြစ်နိုင်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Human Chorionic Gonadotropin ဟော်မုန်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Human Chorionic Gonadotropin ဟော်မုန်း စစ်ဆေးခြင်း နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Dr . Phyu Mon Latt · Updated 19/09/2019

Was this article helpful?