backup og meta

တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ

    ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်မှာ တရုတ်နိုင်ငံ ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာကို စတင်တွေ့ရှိခဲ့ပါတယ်၊၊ ကြက်ငှက်တုပ်ကွေးက များသောအားဖြင့် လူကို ကူးစက်လေ့ မရှိတာကြောင့် ဒါက ရှားပါးဖြစ်စဉ်လို့ ပြောလို့ရပါတယ်၊၊

    တရုတ်နိုင်ငံက H3N8 ကြက်ငှက်တုပ်ကွေး လူနာရဲ့ ဖြစ်စဉ်အကျဉ်း

    ဧပြီ ၂၆ရက်နေ့က တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေးအမျိုးအစား ကူးစက်ခံရတဲ့ လူနာကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်၊၊

    လူနာကတော့ ၄နှစ်အရွယ် ကောင်လေးဖြစ်ပါတယ်၊၊ ဒီကလေးလေးရဲ့ အိမ်က ကြက်နဲ့ ကြက်မည်းတွေကို မွေးမြူပြီး အိမ်ဝန်းကျင်မှာလည်း ဘဲရိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်၊၊ ဧပြီ ၅ရက်နေ့မှာ ကလေးလေးက ဖျားပြီး လက္ခဏာတွေ ခံစားရပါတယ်၊၊ အခြေအနေပိုဆိုးလာတာကြောင့် ၁၀ရက်နေ့မှာ ဆေးရုံတင်လိုက်ရပါတယ်၊၊ ဧပြီ ၂၄ရက်နေ့မှာ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ကလေးဆီက နမူနာယူပြီး စစ်ဆေးကြည့်တဲ့အခါ H3N8 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရပါတယ်၊၊

    ကလေးနဲ့ အနီးကပ်နေသူတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ကံကောင်းစွာနဲ့ ရောဂါပိုးကို မတွေ့ရပါဘူး၊၊

    ကြက်ငှက်တုပ်ကွေးနဲ့ လူသားများ

    ကြက်ငှက်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး တိရစ္ဆာန်အချင်းချင်း ကူးစက်တာ များပါတယ်၊၊ ဥပမာ ကြက်တွေ၊ ငှက်တွေ၊ မြင်းတွေ၊ ဝက်တွေ စတဲ့ တိရစ္ဆာန်တွေကို ကူးတတ်ပါတယ်၊၊ တိရစ္ဆာန်ကနေ လူကို ကူးတာ၊ လူအချင်းချင်း ကူးတာက ရှားပါတယ်၊၊ ဖြစ်တော့ ဖြစ်တတ်ပါတယ်၊၊ အထူးသဖြင့် ဒါတွေက လူတွေနဲ့ အနီးအနားမှာ မွေးတဲ့အတွက် ရံဖန်ရံခါ လူကို ကူးတတ်တာမျိုး ဖြစ်တတ်ပါတယ်၊၊

    တိရစ္ဆာန်အချင်းချင်း ကူးပြီး မျိုးဗီဇပြောင်းတာကတော့ ဖြစ်တတ်ပါတယ်၊၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လူကို ကူးစက်ခဲ့တဲ့ H5N1 တို့  H7N9 တို့ဆိုရင် နာမည်ကြီး ကြက်ငှက်တုပ်ကွေးတွေပဲ ဖြစ်ပါတယ်၊၊

    တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ

    လက်ရှိ ကြက်ငှက်တုပ်ကွေး H3N8 က စိုးရိမ်စရာလား၊၊

    ဒါနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ကြားထဲမှာတောင် ဝိဝါဒကွဲပြားနေတုန်းပဲ ဖြစ်ပါတယ်၊၊

    အောက်ဖို့ဒ်တက္ကသိုလ်၊ ကူးစက်ရောဂါနဲ့ ကမ္ဘာ့ကျန်းမာရေးဌာနက ပါမောက္ခ Peter Horby ကတော့ ” ကြက်ငှက်တုပ်ကွေးက လူဆီကို ကူးတာက ရံဖန်ရံခါ ဖြစ်တတ်ပါတယ်၊၊ သူကနေ တခြားသူကို ထပ်မကူးဘူးဆိုရင် တစ်ယောက်တလေ တွေ့တာက ပြဿနာ မဟုတ်ဘူး”လို့ ဆိုပါတယ်၊၊ ဒါ့ပြင် ခုဖြစ်နေတဲ့ လူနာကလေးနဲ့ အနီးကပ်ထိတွေ့သူတွေမှာ နောက်ထပ် ရောဂါကူးတာမျိုး မတွေ့ရတဲ့အတွက် ” လူတွေကို ထပ်မကူးနိုင်ဘူးလို့ ယူဆတယ်လို့ Edinburgh တက္ကသိုလ်၊ Roslin Instituteက ပါမောက္ခ Paul Digardက ပြောပါတယ်၊၊

    ဒါပေမယ့် Horbyနဲ့ တခြားပညာရှင်တွေက ‘သတိထားရမယ့်အချက်က ဒီနှစ်ပိုင်းတွေမှာ UK, USနဲ့ Europe မှာ ငှက်တုပ်ကွေးတွေ မကြာခဏဖြစ်လာတာကို တွေ့ရပါတယ်၊၊ ဒီလိုမျိုး မကြာခဏ ဖြစ်နေတာက တုပ်ကွေးဗိုင်းရပ်စ်တွေကြားမှာ မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာပြီး လူကို ကူးနိုင်တဲ့ အနေအထား ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြတာ ရှိပါတယ်’ ဆိုပြီး ပြောသွားပါတယ်၊၊

    ဂျော့တောင်း တက္ကသိုလ်က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသိပ္ပံနဲ့ လုံခြုံရေး တွဲဖက်ပါမောက္ခ Alexandra Phelanက ‘ပြောရမယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးကူးစက်မှုတွေကို သတိထား စောင့်ကြည့်ဖို့ လိုပါတယ်၊၊ ခုဖြစ်နေတဲ့ H3N8အပြင်  ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ရုရှားမှာ H5N8 ဗိုင်းရပ်စ် တွေ့နေရသလို တရုတ်မှာပဲ H7N9နဲ့ H10N3 တွေ့ခဲ့ရပါတယ်၊၊ ဒါတွေက ကြက်ငှက်တွေဆီကနေ လူကို ကူးခဲ့တာပဲ ဖြစ်ပါတယ်၊၊’

    ဒါ့ပြင် ဘယ်ဂျီယံက Libre de Bruxelles တက္ကသိုလ်က epidemiologist Marius Gilbert က ‘ဒီလိုမျိုး မကြာခဏ ဖြစ်လာပြီဆိုရင်တော့ သတိထားရပါမယ်၊၊ မတော်တဆ မျိုးဗီဇပြောင်းခဲ့ရင် လူသားတွေကြားမှာ ကူးစက်မှုနဲ့ ရောဂါပြင်းထန်မှုတွေအပေါ် သက်ရောက်နိုင်ခြေ ရှိနိုင်တယ်” လို့ ဆိုပါတယ်၊၊

    ဒါကြောင့် H3N8 သက်သက်ကတော့ စောင့်ကြည့်ဖို့ လိုပါသေးတယ်၊၊ ဒီတိုင်းပဲ ပြီးသွားမလား၊၊ တခြားလူတွေကို ကူးစက်မှုတွေ ဆက်ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရုံပဲ ရှိပါတယ်၊၊

    ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေ သတိထားရမလဲ၊၊

    လက်ရှိမှာ ကြောက်လန့်စရာ မလိုသေးပေမယ့် အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတဲ့အတွက် သတိထားရမယ့် အချက်တွေတော့ ရှိပါတယ်၊၊

    • ကြက်နာကျနေရင် မကိုင်ပါနဲ့၊၊
    • မွေးထားတဲ့ ကြက်တွေ နာနေတာ၊ ရုတ်တရက် သေဆုံးတာတွေကို သတိထားစောင့်ကြည့်ပါ၊၊
    • ကြက်တွေ၊ ငှက်တွေနဲ့ မလိုအပ်ဘဲ နီးနီးကပ်ကပ် မနေပါနဲ့၊၊
    • အသားတွေ စားတဲ့အခါ သေချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားပါ၊၊
    • ချက်ပြီးသား ဟင်းတွေနဲ့ အသားစိမ်းတွေကို သီးသန့်ခွဲထားပါ၊၊
    • ဖျားနာတာ၊ တုပ်ကွေးလက္ခဏာတွေ ခံစားနေရရင် နှာခေါင်းစည်းသေချာတပ်ပြီး ဆရာဝန်နဲ့ ပြသပါ၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement