ဒီလို လေ့လာကြည့်လိုက်တဲ့အခါ ကဖင်းကို ချေဖျက်နိုင်စွမ်းနှေးတဲ့ CYP1A2 မျိုးဗီဇအခွဲ rs762551 variantရှိသူတွေက ကော်ဖီများများသောက်တဲ့သူတွေက နည်းနည်းပဲ သောက်တဲ့သူတွေထက် Albuminuria ဖြစ်နိုင်ခြေ ၂.၇ဆ၊ Hyperinfiltrationဖြစ်နိုင်ခြေ ၂.၅ဆနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂.၈ဆ များတာကို တွေ့ရပါတယ်။
ကဖင်းချေဖျက်နိုင်စွမ်း များတဲ့သူတွေမှာတော့ ကော်ဖီသောက်တာနဲ့ Albuminuriaနဲ့ Hyperinfiltrationဖြစ်နိုင်ခြေ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေတွေကြား ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။
ဒါဆို ဒီလေ့လာချက်အရ ကောက်ချက်ချနိုင်တာက
- ကော်ဖီအလွန်အကျွံသောက်တာက (တစ်ရက်ကို ၃ခွက်နဲ့အထက်)
- ကဖင်းချေဖျက်နိုင်စွမ်းနှေးတဲ့ မျိုးဗီဇရှိသူတွေမှာ (လူတိုင်းမဟုတ်)
- ကျောက်ကပ်ထိခိုက်နိုင်ခြေ ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကော်ဖီသောက်တာက ကျောက်ကပ်ကို ဘယ်လိုထိခိုက်စေနိုင်တာလဲ။
ကော်ဖီသောက်တာက တော်တော်များများအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ တချို့လေ့လာချက်တွေမှာဆိုရင် ကော်ဖီကို အသင့်အတင့်သောက်တာက (တစ်ရက်ကို ၂ခွက်ခန့်) ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို နည်းစေတယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် ဒါက သာမန်လူတွေမှာပါ။
နဂိုတည်းက ကျောက်ကပ်ရောဂါရှိသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကော်ဖီက ပိုတက်စီယမ်ပါဝင်မှု များပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကြောင့် ပိုတက်ဆီယမ်ပါတာတွေကို လျှော့စား၊ လျှော့သောက်နေရတယ်ဆိုရင် ကော်ဖီကိုလည်း လျှော့သင့်ပါတယ်။
နောက်တစ်ချက်က သွေးတိုးတာပါ။ ကဖင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။ ဒီတော့ သွေးတိုးပါတယ်။ နဂိုတည်းက ကျောက်ကပ်ရောဂါရှိသူတွေက သွေးတိုးတတ်ပါတယ်။ ကော်ဖီပါ သောက်လိုက်ရင် သွေးတိုးတာပိုဆိုးနိုင်ပါတယ်။
ကော်ဖီအလွန်အကျွံသောက်တယ်ဆိုတာ ဘာကိုပြောတာလဲ။
တစ်နေ့တာမှာ ကော်ဖီကို ၆၀၀ မီလီဂရမ် ထက်ပိုသောက်မယ်ဆိုရင်တော့ ဒါက အလွန်အကျွံသောက်နေတာပါ။ မြင်သာအောင် ပြောပြရရင် တစ်နေ့ကို ကော်ဖီ ၆ ခွက် သောက်တာပေါ့။ သာမန်လူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက် ပိုမသောက်သင့်ပါဘူး။
ကိုယ်ဝန်ဆောင်နေတယ်၊ သွေးတိုးရှိနေတယ်ဆိုရင်တော့ ၂ခွက်ထက် မပိုသင့်ပါဘူး။
ကဖင်းချေဖျက်နိုင်စွမ်းနှေးတဲ့ မျိုးဗီဇ ရှိ မရှိ ဘယ်လိုသိနိုင်မလဲ။
CYP1A2မျိုးဗီဇကို သွေး ဒါမှမဟုတ် တံတွေးကနေ စစ်ပြီး သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်လို့ ရချင်မှ ရဦးမှာပါ။
ဒါဆို ကော်ဖီက သောက်ရမှာလား၊ မသောက်ရဘူးလား။
ကိုယ်က ကျောက်ကပ်ရောဂါရှိသူလား။ ဒါဆိုရင် ကော်ဖီကို လျှော့သောက်ပါ။ တစ်ရက် ၃ခွက်ထပ် မပိုပါစေနဲ့။ ကျောက်ကပ်မကောင်းလို့ ပိုတက်ဆီယမ်ပါတဲ့ အသီးအရွက်တွေပါ လျှော့စားနေရတာလား။ ဒါဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
သွေးတိုးရောဂါရှိသူဆိုရင်လည်း ကော်ဖီသောက်တာကို လျှော့ပါ။ တစ်ရက်ကို ၃ခွက်ထပ် ပိုမသောက်ပါနဲ့။ သွေးတိုးကြောင့် ကျောက်ကပ်ပါ ထိနေပြီဆိုရင် ပိုတောင် လျှော့သင့်ပါတယ်။
သာမန်လူ၊ သွေးတိုးတို့ ကျောက်ကပ်ရောဂါတို့ မရှိဘူး။ ဒါပေမယ့် CYP1A2မျိုးဗီဇရှိမရှိလည်း မသိဘူး။ ဒါဆိုရင်တော့ တစ်ရက်ကို ၃ခွက်ထပ် မပိုပါစေနဲ့။
ကော်ဖီမှာလည်း ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ ဆိုးကျိုးပဲ ဖြစ်မှာပါ။ ကောင်းကျိုး ဆိုးကျိုးချိန်ဆပြီး အသင့်အတင့်သောက်ဖို့ကိုပဲ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။