သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

စိတ်ဖိစီးနေတယ်၊အိပ်ရေးပျက်တာလည်းများတယ်ဆို သွေးတိုးကြောင့်အသက်တိုနိုင်ခြေ သုံးဆပိုများပါတယ်

စိတ်ဖိစီးနေတယ်၊အိပ်ရေးပျက်တာလည်းများတယ်ဆို သွေးတိုးကြောင့်အသက်တိုနိုင်ခြေ သုံးဆပိုများပါတယ်
လူဆိုတာတော့ ဖိစီးစရာတွေနဲ့မကင်းနိုင်ပါဘူး။တွေးစရာ၊ လုပ်စရာတွေများလွန်းလို့ အိပ်မပျော်နိုင်တဲ့ညတွေမှာလည်း ကိုယ့်အပူနဲ့ကိုယ်ပေါ့။ ဒီအနေအထားကနေ လွတ်မြောက်အောင် ရုန်းထွက်ဖို့တော့ ကြိုးစားသင့်ပါတယ်။ ဘာလို့ဆို ချက်ချင်းတော့မသေနိုင်ပေမယ့် ရေရှည်ကျန်းမာရေးအတွက် ဆိုးကျိုးကြီးမားလို့ပါ။
အလုပ်ကြောင့်စိတ်ဖိစီးနေရတဲ့အပြင် အိပ်ရေးပါပျက်ထားသူဟာသွေးတိုးမရှိရင်သွေးတိုးဖြစ်လာ၊ ရှိပြီးသားဆိုလည်း နှလုံးသွေးကြောရောဂါနဲ့ ဆက်နွှယ်သေဆုံးရနိုင်ခြေ သုံးဆပိုများနိုင်ပါတယ်။ ဒါက လတ်တလောထွက်ရှိထားတဲ့ သုတေသနရလဒ်ပါ။
သွေးတိုးရောဂါရှိတဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးမှာ စိတ်ဖိစီးမှုနဲ့အိပ်မပျော်ခြင်းဘယ်လိုဆက်နွယ်နေလဲဆိုတာ သုတေသနကလေ့လာတဲ့အခါ ရလဒ်ကတော်တော်ဆိုးတာတွေ့ရပါတယ်။

သုတေသနမှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့ဝန်ထမ်းဦးရေ ၂၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာသွေးတိုးရှိသူတွေဟာလေ့လာမှုစတင်ချိန်မှာ နှလုံးသွေးကြောရောဂါ သို့မဟုတ် ဆီးချိုရောဂါမရှိခဲ့ကြပါဘူး။

အလုပ်နဲ့သက်ဆိုင်တဲ့စိတ်ဖိစီးမှုပဲဖြစ်ဖြစ် အိပ်မပျော်တဲ့ပြဿနာရှိနေသူပဲဖြစ်ဖြစ် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုပေမယ့် ဒီနှစ်ချက်လုံးရှိနေတဲ့သူမှာတော့ အန္တရာယ်ပိုများနေပါပြီ။ ဒီသုတေသနကိုEuropean Journal of Preventive Cardiologyဂျာနယ်မှာဖော်ပြထားတာပါ။

“သတိမထားမိတဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီးနေရတဲ့အလုပ်နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေမလုံလောက်တော့ဘဲ အသက်တိုနိုင်တာပေါ့”လို့Technical University of Munich ကProf. Karl-Heinz Ladwig ကပြောပါတယ်။

သွေးဖိအားမြင့်တက်လာတဲ့အခါ နှလုံးက ခန္ဓါကိုယ်တစ်ခုလုံးကိုသွေးပို့လွှတ်ရတာ ပိုပင်ပန်းရတဲ့အတွက် နှလုံးရောဂါအန္တရာယ်ပိုများတာသေချာပါတယ်။ ဒီလိုအလုပ်ပိုလုပ်ရတဲ့အခါ နှလုံးကြွက်သားတွေပိုထူလာပြီးသွေးကြောနံရံတွေမာလာ၊ ပျက်စီးလာနိုင်ပါတယ်။နောက်ဆုံးမှာ ကိုယ်တွင်းအင်္ဂါတွေဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ နှလုံးပျက်စီးလာနိုင်ပါတယ်။

ဒီသုတေသနမှာ စိတ်ဖိစီးတဲ့အလုပ်ဆိုတာ တစ်နေ့ဘယ်လောက်ပြီးရမယ်၊ လုပ်ရမယ်ဆိုတဲ့ တပါးသူရဲ့ထိန်းချုပ်မှုမပါဘဲ ကိုယ်တိုင်အတွက်ဇောတွေများစေတဲ့အလုပ်တစ်ခုခုကို ရည်ညွှန်းပါတယ်။

တချို့က အိပ်မပျော်တာ၊ အိပ်မရတာနဲ့ ဒုက္ခရောက်နေရပေမယ့် အိပ်စက်မှုပြဿနာရှိတဲ့သူ အများစုဟာ အိပ်ပျော်လျက်နဲ့ အိပ်ရေးမဝတာ၊ကောင်းကောင်းမအိပ်လိုက်ရတာတွေရှိတယ်လို့ သုတေသီတွေကပြောပါတယ်။

“အိပ်ရေးဝနေအောင် ကြိုးစားရတာ အလုပ်နဲ့ဆိုင်တဲ့စိတ်ဖိစီးမှုတွေရှိနေတဲ့သူတွေရဲ့ အဖြစ်များဆုံးပြဿနာပါပဲ။ ဥပမာ တချို့က မနက်ဆို ၄ နာရီထတယ်၊ အိမ်သာသွားတယ်၊ အိပ်ရာထဲပြန်လှဲပြီး အလုပ်ကိစ္စတွေအကြောင်း ဟိုတွေးဒီတွေးနဲ့ မပျော်တပျော်ပြန်အိပ်ကြတယ်” လို့Prof. Ladwig ကပြောပါတယ်။

သွေးတိုးရောဂါဟာ သူ့တစ်မျိုးတည်းနဲ့တင် နှလုံးရောဂါအတွက် အန္တရာယ်များနေပြီဖြစ်တာကို အိပ်မပျော်တာ၊ စိတ်ဖိစီးတာတွေထပ်ပေါင်းလိုက်ရင်ပြဿနာပိုကြီးသွားနိုင်တာပါ။

ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ဖိစီးမှုတွေကိုပြေလျော့စေမယ့်နည်းလမ်းတွေရှာကြဖို့၊ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကြိုးစားသင့်တယ်လို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။ ဒီအတိုင်းဆိုသွေးတိုးဖြစ်လာနိုင်တယ်၊သွေးတိုးရှိပြီးသားဆို ပိုဆိုးနိုင်တယ်၊ အန္တရာယ်များပါတယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။