backup og meta

အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

လောကမှာ အောင်မြင်ချင်လားလို့မေးလိုက်ရင် ဟင့်အင်း လို့ဖြေမယ့်သူကခပ်ရှားရှားပါ။ လူတိုင်းကတော့ အောင်မြင်ချင်ကြသူချည်းပါပဲ။ အကြောင်းကတော့ အောင်မြင်မှုက ချိုမြိန်တာကိုး။ စာဖတ်ပရိသတ်ကြီးရော အောင်မြင်ချင်သူလား……… ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

လူတော်တော်များများ လက်ခံထားတဲ့အယူအဆ

အောင်မြင်မှုက ကံကောင်းလို့ရတာလို့ လက်ခံထားသူများပါတယ်။ လက်တွေ့ကျကျစဉ်းစားကြည့်ရင် ကံကောင်းခြင်းဆိုတာက ကြိုးစားမှုရဲ့ အသီးအပွင့်ပါ။ လူတစ်ယောက်ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုကပဲ သူ့ကို အောင်မြင်မှုနဲ့ ကံကောင်းခြင်းတွေရစေနိုင်တာပါ။ ဒါကြောင့် တစ်ခုပြောပြချင်တာက အောင်မြင်ခြင်းဆိုတာ ကြိုးစားမှုရဲ့ အသီးအပွင့်ပါ။ နည်းစနစ်တကျ ကြိုးပမ်းမှုကနေပဲ အောင်မြင်မှုကို ရရှိနိုင်မှာပါ။

အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထတွေက ဘာတွေများလဲ………..

အောင်မြင်ချင်တယ်ဆိုရင် အခုပြောမယ့်အလေ့အထလေးတွေကို နေ့စဉ် အလေ့အကျင့်လေးဖြစ်အောင် မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။

စိတ်အားထက်သန်ပါ

စိတ်အားထက်သန်မှုက အောင်မြင်မှုဆီကို အရောက်လှမ်းဖို့ ခွန်အားတွေပေးပါလိမ့်မယ်။ ဒါကြောင့် တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် စိတ်အားထက်သန်စွာနဲ့လုပ်တတ်အောင်လေ့ကျင့်ပါ။ စိတ်အားထက်သန်လေလေ အောင်မြင်နိုင်ခြေများလေလေပါ။ ဒီတော့ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် စိတ်အားထက်သန်စွာနဲ့လုပ်ဖို့ မမေ့ပါနဲ့။

ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပါ

ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကို အကောင်းဆုံးသိမြင်နိုင်မှုက အောင်မြင်မှုဆီကိုအရောက်လှမ်းနိုင်ဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အားနည်းချက် အားသာချက်ကို သိဖို့ဆိုရင် မဖြစ်မနေလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ပါ။ တစ်နေ့တာမှာ ညအိပ်ရာမဝင်ခင် ကိုယ့်ရဲ့ အနေအထားကို သုံးသပ်ပါ။ ဘာတွေတိုးတက်လာလဲ၊ ဘယ်လိုနေရာတွေမှာ အားနည်းနေလဲ။ ဘာတွေကိုတော့ မလုပ်နိုင်သေးဘူးလဲဆိုတာတွေကိုပေါ့။ အားမနာတမ်း ဝေဖန်ပါ။ ဒါက ကိုယ့်ကိုယ့်ကိုယ် ချစ်ရာရောက်ပါတယ်။

ယုံကြည်မှုရှိပါ

လက်ရှိထိပ်ဆုံးမှာရောက်ပြီး အောင်မြင်နေသူတွေက ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုပြည့်ဝကြသူတွေပါ။ ယုံကြည်စိတ်က သင့်ကို ခွန်အားတွေပေးစွမ်းပါတယ်။ ကိစ္စတစ်ခုခုကို ယုံကြည်မှုရှိရှိ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းမှုက အောင်မြင်ကိုရောက်ရှိစေဖို့ အကောင်းဆုံး လမ်းခင်းပေးနိုင်မှာပါ။ ယုံကြည်မှုပြည့်ဝတာ ကပဲ လူမှုအသိုင်းအဝိုင်းမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ဖန်တီးပေးနိုင်မှာပါ။ ယုံကြည်မှုပြည့်ဝသူတွေက တံခါးခေါက်လာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ကြပါတယ်။

ပန်းတိုင်ချမှတ်တတ်ပါစေ

အောင်မြင်ချင်တယ်ဆိုရင် မဖြစ်မနေရှိသင့်တာက သွားချင်တဲ့ ပန်းတိုင်ပါ။ လူတစ်ယောက်က သူသွားချင်တဲ့ ပန်းတိုင်ကို သိမယ်၊ ဘယ်လိုသွားရမလဲဆိုတဲ့ လမ်းကြောင်းကို အကောင်းဆုံး ရွေးချယ်နိုင်မယ်။ မနားမနေကြိုးစားမယ်ဆိုရင် အောင်မြင်မှုကို လက်ဝယ်ပိုင်ပိုင် ပိုင်ဆိုင်နိုင်စေမှာပါ။

အချိန်ကို အကျိုးရှိရှိအသုံးချပါ

လူတိုင်းက တစ်နေ့တာမှာ ၂၄ နာရီကို အညီအမျှပိုင်ဆိုင်ထားကြတာပါ။ ဘယ်သူမှ အပိုရမထားပါဘူး။ အောင်မြင်သူတွေက သူတို့အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်ကြပြီး အချိန်ကို မဖြုန်းတီးကြပါဘူး။ ဒါကြောင့် အချိန်ကို အလဟဿမဖြုန်းမိဖို့ သတိထားပါ။ ဒါက သင့်ကို အောင်မြင်စေမယ့် နည်းလမ်းတွေထဲကတစ်ခုပါ။

ကိုယ့်ကိုယ်ကိုယ် ကျေနပ်တတ်ပါစေ

လူတစ်ယောက်ကို အောင်မြင်စေနိုင်တဲ့ အချက်တွေထဲကတစ်ချက်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်ကြတာပါ။ ကိုယ့်ရဲ့ အခြေအနေမှန်ကို လက်ခံနိုင်မှ အရည်အချင်းကောင်းတွေရှိလာအောင် ပျိုးထောင်ကြိုးစားယူလို့ရမှာပါ။ အခြေအနေတိုင်းကို မကျေနပ်ဘဲ ညည်းညူနေလို့ကတော့ အောင်မြင်မှုက အလှမ်းဝေးသွားမှာပါ။

စွန့်စားပါ

အောင်မြင်သူတိုင်းက စွန့်စားမှုတွေနဲ့ မကင်းခဲ့ကြပါဘူး။ ဒီတော့ အောင်မြင်ချင်တယ်ဆိုရင် စွန့်စားမှုတွေလုပ်ဖို့ တွန့်ဆုတ်မနေပါနဲ့။ မရေရာမှုတွေကို လက်ခံလို့ ရေရာတဲ့ ရလဒ်တွေထွက်လာစေဖို့ စွန့်စားပါ။ comfort zone ကနေရုန်းထွက်ပါ။ အခြားသူတွေက မဖြစ်နိုင်ဘူးပြောလာတာမျိုးတွေကိုလည်း စိတ်ပျက်မသွားပါနဲ့။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အသိဆုံးက ကိုယ်တိုင်ပါ။ ဒါကြောင့် အောင်မြင်ချင်ရင် ကြိုးစားပါ။ စွန့်စားပါ။ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မကန့်သတ်မိပါစေနဲ့။

လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့

အောင်မြင်သူတိုင်းကလဲကျရင်း ပြန်ရုန်းထရင်းနဲ့ ရုန်းကန်ခဲ့ကြသူတွေပါ။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ရတတ်တာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ကြိုးစားရင်းက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရရင်လည်း အားမလျှော့ဘဲဆက်ကြိုးစားပါ။

မနက်စောစောထပါ

ညဘက်မှာ အိပ်ရာစောစောဝင်လို့ မနက်ခင်း စောစောထတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်သလို တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့လည်း အချိန်ပိုရစေမှာပါ။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် မနက်ခင်းစောစောထပြီး အကျိုးရှိတဲ့ အလုပ်လေးတွေကို လုပ်ပေးတဲ့ အကျင့်လေးလုပ်ပါ။

ကျန်းမာရေးဂရုစိုက်ပါ

ကျန်းမာမှုကလည်း လူတစ်ယောက်ကို အောင်မြင်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ပုံမှန် ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျန်းမာခြင်းကလည်း သင့်ကို အောင်မြင်ခြင်းဆီကို ပို့ဆောင်ပေးနိုင်တဲ့အချက်တစ်ခုဆိုတာမမေ့ပါနဲ့။ ကျန်းမာရေးကို သေချာလေး ဂရုစိုက်တတ်ဖို့ အကျင့်လုပ်ပါ။

ဘယ်လိုလဲ…. အောင်မြင်ဖို့ အသင့်ဖြစ်ပြီလား…. ဒါဆိုခုပဲစပြီး ဒီအကျင့်လေးတွေကို ကိုယ်ပိုင်အလေ့အထလေးတွေဖြစ်အောင် ပျိုးထောင်လို့ အောင်မြင်မှုဆီကို အရောက်လှမ်းလိုက်ရအောင်လေ

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 7 Habits Of Successful People You Need To Adopt https://blog.mindvalley.com/habits-of-successful-people/ Accessed Date 9 January 2020

5 Daily Habits of Highly Successful People https://www.success.com/5-daily-habits-of-highly-successful-people/ Accessed Date 9 January 2020

The 7 Strengths and Habits That Successful People Possess https://www.entrepreneur.com/article/340817 Accessed Date 9 January 2020

ယခုပုံစံ

14/01/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

အောင်မြင်သူတွေရဲ့ သူမတူတဲ့အလေ့အထများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement