backup og meta

နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း

နွေရာသီရောက်ပြီဆိုရင် အပူဒဏ်ခံရမှာက မလွဲမသွေပါ။ ဒီတော့လည်း အေးရာအေးကြောင်း နည်းလမ်းရှာကြတာပေါ့။ ဒီလိုမျိုး ပူလို့ အေးအောင် ကြိုးစားကြတဲ့အချိန်မှာ လူကြီးမိဘတွေဆီကနေ ကြားနေရတဲ့ စကားလေးတွေလည်း ရှိတာပေါ့။ ဒီထဲမှာ မှန်တာလည်း ရှိသလို လွဲနေတာလည်း ပါပါတယ်။ ငယ်ငယ်က နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း ကို တူတူကြည့်ရအောင်။

နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း

နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း ကတော့

(၁) နေပူထဲသွားတာ ပိုးသေတယ်။

ငယ်ငယ်တုန်းကဆို နေပူထဲသွားလို့ ထီးဆောင်းဖို့ ပျင်းရင် ‘ဒီတိုင်းပဲ သွားမှာ ပိုးသေတယ်’ ဆိုပြီး အမေ့ကို ပြန်ပြောဖူးတယ်။ ကိုဗစ်ကာလတုန်းကဆိုရင်လည်း နေရောင်ခြည်က ပိုးသေတယ်ဆိုပြီး နေပူထဲမှာကို တမင်ထွက်ထိုင်ကြသေးတာဟုတ်။

နေရောင်ခြည်က ပိုးသေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် နေပူထဲကို အကာအကွယ်မပါဘဲ အရေပြားနဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးတော့ မလုပ်သင့်ပါဘူး။ နေရောင်က အရေပြားက ဆဲလ်တွေကို ပျက်စီးစေပြီး အရေးကြောင်းတွေထွက်စေတာ၊ အမည်းစက်တွေ ဖြစ်စေတာ၊ နောက်ဆုံး အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ပိုးသေတယ်ဆိုရင်တောင် နေပူထဲကို ဒီတိုင်း မသွားသင့်ပါဘူး။ အရေပြားနဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ နေရောင်ရဲ့ ပိုးသေစေတဲ့ သတ္တိကို အဝတ်အစားတွေ ထုတ်လှမ်းတာ၊ အိပ်ရာခင်း၊ ခေါင်းအုံးတွေ ထုတ်လှမ်းတဲ့နေရာမှာပဲ အသုံးချသင့်ပါတယ်။

ဒီတော့ ဒီဂျင်းစကားကို မယုံဘဲ အပြင်သွားရင် နေလောင်ကာခရင်မ်လိမ်းတာ၊ ထီး၊ ဦးထုပ်ဆောင်းတာတွေ လုပ်ကြပါနော်။

(၂) ရေစိုအဝတ်နဲ့ နေတာက အပူလျှပ်စေတယ်။

တစ်ခါတလေ တအားပူလို့ အင်္ကျီကို ရေလေးစွတ်ပြီး ဝတ်မိရင် အပူလျှပ်မယ်ဆိုပြီး အမေက ဆူပြီ။ အဲ့တာဆို အမေ့ကို ‘သင်္ကြန်မှာလည်း နေပူထဲမှာ အဝတ်စိုတွေနဲ့ လျှောက်သွားနေကြတာပဲ’ ဆိုပြီး ပြန်ပြောတယ်ဟုတ်။

အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာ အပူချိန်တအားမြင့်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ အပူချိန်တက်လာတာကို ခန္ဓာကိုယ်က အေးအောင် မလုပ်နိုင်တာကြောင့် အသားတွေ ပူခြစ်နေပြီး အန္တရာယ်ရှိပါတယ်။

အပူလျှပ်တဲ့အခါ အရေးပေါ်ကုသမှုအနေနဲ့ တစ်ကိုယ်လုံးကို ရေပတ်တိုက်ရပါတယ်။ ရေအေးအေးကို သုံးပြီး ရွှဲနေအောင် တိုက်ရတာပါ။ ဒါက အပူချိန်အမြန်ကျမှာမို့လို့ပါ။

ဒါကြောင့် ရေစိုအဝတ်နဲ့နေတာက အပူလျှပ်တယ်ဆိုတာ မဟုတ်ပါဘူးနော်။

(၃) ဖရဲသီးစေ့ကို မျိုချမိရင် အူအတက်ရောင်တယ်။

ဒါလည်း ငယ်ငယ်တုန်းက ကြားနေကျ စကားပါပဲ။ နွေရာသီဆို ပူလွန်းလို့ ဖရဲသီးက နေ့တိုင်းလိုလိုကို စားနေရတာပေါ့။ ကလေးပီပီ အစေ့ထွေးထုတ်ရမှာ ပျင်းရင် ဒီတိုင်းဝါးပြီး မျိုချလိုက်တာပါပဲ။

အဘွားများ တွေ့လို့ကတော့ ‘ ဗိုက်ထဲကနေ အပင်ပေါက်လာမယ်။ အူအတက်ရောင်မယ်’ ဆိုပြီး ဆူခံရတာပေါ့။ အပင်ကတော့ သေချာပေါက် မပေါက်ဘူးပေါ့နော်။

ဒါဆို အူအတက်ရောင်တာကရော။ ဒါက အပြည့်အဝတော့ မမှန်ပါဘူး။ အူအတက်ရောင်ရတဲ့ အကြောင်းရင်းက အူအတက်ပတ်လည်က ပြန်ရည်တစ်ရှူးတွေ ရောင်တာ၊ ဝမ်းကျောက်တွေ၊ အကျိတ်တွေ ပိတ်လို့ ဖြစ်တာပါ။

သစ်သီးစေ့တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် တခြားအကြောင်းရင်းတွေနဲ့ ယှဉ်ကြည့်ရင် အင်မတန်မှ နည်းပါတယ်။ ဆိုလိုတာက သစ်သီးစေ့တွေ မျိချမိရုံနဲ့ အူအတက်ရောင်တာက ရှားပါတယ်။ စိုးရိမ်တယ်ဆိုရင်တော့ အစေ့တွေ သေချာဖယ်စားဖို့ အကြံပြုချင်ပါတယ်။

(၄) အသားမည်းရင် နေမလောင်ဘူး။

အသားရောင်ရင့်တဲ့သူတွေက အသားဖြူတဲ့သူတွေလောက် နေမလောင်တာ မှန်ပေမယ့် လုံးဝမလောင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်ကို ယုံပြီး နေပူထဲကို အကာအကွယ်မပါဘဲ မသွားဖို့ လိုပါတယ်။

အသားအရောင်ရင့်တဲ့သူတွေကလည်း UVလှိုင်းတွေကြောင့် အရေပြားဆဲလ်တွေ ပျက်စီးပြီး အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ သူတို့က နေမလောင်လောက်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်ကြတာရော၊ အသားအရောင်ရင့်လို့ အရေပြားမှာ တစ်ခုခုပြောင်းလဲရင် သိဖို့ခက်တာကြောင့်ရော အရေပြားကင်ဆာဖြစ်ရင်တောင် စောစောသိဖို့ ခက်ပါတယ်။

(၅) ထမင်းစားပြီး ရေချိုးရင် ဖျားတတ်တယ်။

ရေချိုးပြီးမှ ထမင်းစားလို့ လူကြီးတွေက ပြောပေမယ့် ကလေးပီပီ စားပြီးမှ ရေချိုးဖြစ်တာလည်း ရှိတာပေါ့။ ဒီအခါ လူကြီးတွေက ဖျားမယ်၊ ကြွက်တယ်မယ် စသဖြင့် ပြောလေ့ရှိပါတယ်။

ထမင်းစားပြီးမှ ရေချိုးတာက ဖျားတော့ မဖျားပါဘူး။ ရေဆင်းကူးတဲ့သူတွေကတော့ ကြွက်တက်မယ်ဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒီလိုမျိုး တွေးမိစေတာကတော့ ထမင်းစားပြီးချိန်မှာ ခန္ဓာကိုယ်က သွေးတွေက အစာအိမ်ကို ရောက်ပြီး အစာခြေနေရလို့ ခြေထောက်ဆီ သွေးကောင်းကောင်းမရောက်တာလို့ ယူဆချက်ကြောင့် ဖြစ်ပါတယ်။

ဒီလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒုက္ခရောက်လောက်အောင် ကြွက်တက်တာမျိုးတော့ မဟုတ်ပါဘူး။ ပိုပြီး စိတ်ချချင်ရင်တော့ ထမင်းစားပြီး နာရီဝက်လောက် နားပြီးမှ ရေချိုးကြတာပေါ့။

(၆) ဘာပဲသောက်သောက် ရေဓာတ်ပြည့်တယ်။

နွေရာသီမှာ ပူပြီး ချွေးထွက်များတာကြောင့် ရေလည်း ခဏခဏဆာပါတယ်။ ဒီအခါမှာ အေးတဲ့အရည်ဖြစ်ရင်ပြီးရော ဘာပဲဖြစ်ဖြစ် တူတူပဲ၊ ရေငတ်ပြေတယ်ဆိုပြီး သောက်တတ်ကြပါတယ်။ ဒါကလည်း မမှန်ပါဘူး။

အေးတဲ့ အရည်တိုင်းက ရေဓာတ်ပြည့်စေတာ၊ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ဖြည့်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ရေခဲစိမ်ထားတဲ့ ဘီယာတို့၊ ဂတ်စ်ပါတဲ့ အအေးတို့၊ ကဖင်းပါတဲ့ အအေးတို့ ဒါတွေက ခဏတာပဲ ရေငတ်ပြေစေမှာပါ။ ဒါပေမယ့် ရေနဲ့ ဓာတ်ဆားကို လုံလုံလောက်လောက် ဖြည့်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။

ကျန်းမာရေးနဲ့အညီ ရေနဲ့ ဓာတ်ဆားကို ပြန်ဖြည့်ဖို့ဆိုရင် ရေ၊ ဓာတ်ဆားရည်၊ အုန်းစိမ်းရည်၊ နို့၊ သဘာဝအသီးဖျော်ရည်၊ အသီးစိတ်လေးတွေ ထည့်ထားတဲ့ fruit infused water စတာတွေကို သောက်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.skincancer.org/blog/can-ultraviolet-light-kill-germs/ Accessed Date 6 April 2023

https://pubmed.ncbi.nlm.nih.gov/25167689/ Accessed Date 6 April 2023

https://www.betterhealth.vic.gov.au/health/healthyliving/heat-stress-preventing-heatstroke Accessed Date 6 April 2023

https://www.ncbi.nlm.nih.gov/pmc/articles/PMC3609170/ Accessed Date 6 April 2023

https://www.skinhealthinfo.org.uk/sun-awareness/sun-advice-for-skin-of-colour/ Accessed Date 6 April 2023

https://www.dukehealth.org/blog/myth-or-fact-should-you-wait-swim-after-eating Accessed Date 6 April 2023

https://doctor.ndtv.com/living-healthy/9-foods-and-drinks-to-avoid-this-summer-3024142 Accessed Date 6 April 2023

ယခုပုံစံ

03/04/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement