မနက်အိပ်ရာထချိန်ဟာ နေ့တစ်နေ့ရဲ့ အစပြုချိန်ဖြစ်တာကြောင့် ကိုယ်ဖြတ်ကျော်ရမယ့် တစ်နေ့လုံးစာအတွက် အစကောင်းမှဖြစ်မှာပါ။ စစချင်းတည်းက အမှားတွေလုပ်နေရင် ကျန်းမာရေးအတွက် ကမောက်ကမတွေ ဖြစ်ကုန်တော့မှာလေ။ ဒါ့ကြောင့် ကျန်းမာချင်တယ်ဆို မနက်ဘက် ဒါတွေကိုယ်လုပ်မိနေသလား ပြန်ကြည့်ကြနော်။ ကဲ တိုက်ကြည့်လို့ရအောင် မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု က ဘာတွေလဲဆိုတာကို လေ့လာလိုက်ပါ။
မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု
မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှားတွေကတော့
(၁) နှိုးစက်ကိုပိတ်ပြီး အချိန်ရွှေ့တာ
နှိုးစက်မြည်တဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက် ပိုအိပ်လိုက်ရတာ ပိုအားပြည့်စေမယ်လို့ ထင်ပါသလား။ မှားပါတယ်နော်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို နေ့တိုင်းပုံမှန်သတ်မှတ်မထားနိုင်သရွေ့တော့ ဒီလိုလုပ်လည်း သိပ်မထူးပါဘူး။
(၂) အိပ်ရာထဲကနေ ဝုန်းခနဲ ကုန်းထတာ
အိပ်ရာထဲ လှဲအိပ်နေရာကနေ ချက်ချင်းကြီးထထွက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်ကို သွေးအမြန်ရောက်စေပြီး သွေးဖိအားရုတ်တရက်ကျကာ မူးလဲစေနိုင်ပါတယ်။ အိပ်ရာထတဲ့အခါ ဖြည်းဖြည်း သို့မဟုတ် ပုံမှန်နှုန်းနဲ့ ထထိုင်ပါ၊ စက္ကန့်အနည်းငယ်တော့ ခဏဒီအတိုင်းနေပြီးမှ ထလှုပ်ရှားပါ။
(၃) ကော်ဖီ မသောက်လိုက်ရတာ
မဖြစ်မနေသောက်ဖို့ မဟုတ်ပါဘူးနော်။ နေ့တိုင်းသောက်နေကျ ကော်ဖီချိုးတွေကိုပဲ ရည်ရွယ်တာပါ။ အမြဲသောက်နေကျလူတွေအတွက်တော့ တစ်ရက်မသောက်လိုက်ရရင် တစ်နေ့လုံးနေလို့မကောင်း၊ ခေါင်းမကြည်တာတွေဖြစ်လာစေနိုင်ပါတယ်။ အာရုံစူးစိုက်လို့သိပ်မကောင်း၊ အိုင်ဒီယာမထွက်တဲ့အပြင် လူက အရမ်းပင်ပန်းနေသလိုလို၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်တယ်။
(၄) သွားတိုက်ဖို့ မေ့တာ
မနက်ဘက်သွားတိုက်ဖို့မေ့တဲ့အခါ တစ်ညလုံး ကပ်ငြိနေတဲ့ သွားချေးတွေနဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေ စုနေပါလိမ့်မယ်။ သွားချေးတွေကနေ ဆေးခန်းမှာ သွားခြစ်ပစ်မှ ရမယ့် သွားချိုးကပ်တာတွေ ဖြစ်လာမယ်။ မခြစ်ပစ်ရင် သွားဖုံးတွေ ရောင်တာ၊ သွေးထွက်တာ၊ သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးတာတွေ ဖြစ်လာနိုင်တယ်။
(၅) အွန်လိုင်းဖွင့်တာ
မျက်လုံးပွင့်တာနဲ့ ဖုန်းကိုင်ပြီး အွန်လိုင်းတက်တာ တကယ်ကိုဆိုးတဲ့အကျင့်ပါ။ အလုပ်အရမ်းများလို့ အီးမေးလ်စစ်ရတယ်ထား။ ခဏပဲအမြန်စစ်ပြီးပြန်ပိတ်သင့်ပါတယ်။စောစောစီးစီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုံးလည်လိုက်နေတာဟာ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချိန်၊ နိုးချိန်တဝိုက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာကောင်းပါတယ်။
(၆) ပြဿနာတွေအကြောင်း တွေးနေတာ
အိပ်ရာနိုးတာနဲ့ ကိုယ်ဖြေရှင်းဖို့ ရှိနေတဲ့ သို့မဟုတ် ပြီးခဲ့တဲ့ နေ့က ပြဿနာတွေ အကြောင်း ခေါင်းထဲ ရောက်လာတာက နေ့သစ်တစ်ရက်အတွက် အဆိပ်အတောက် ပါပဲ။ အရင်ဆုံး ခေါင်းထဲမှာ ရှင်းပစ်ပြီး ကြည်ကြည်လင်လင် နိုးထပါ။ ခွန်အားသစ်တွေနဲ့ နိုးထလာပြီးမှ ရှေ့ဆက်ဖို့ အစီအစဉ်တွေ စတင်ပါ။ မတွေးလို့ မဖြစ်ဘူး ဆိုရင်တော့ အရေးကြီးဆုံး ဖြစ်တဲ့ ကိစ္စတွေကို စာရင်းလုပ်ပြီး စီထားလိုက်ပါ။
(၇) မနက်စာ လွတ်တာ
မနက်စာပုံမှန်စားတဲ့သူတွေက အတွေးဉာဏ်ပိုထက်ပြီး ခန္ဓာကိုယ် အဆီတက်နိုင်ခြေပိုနည်းတယ်၊ ဆီးချိုနဲ့ နှလုံးဖြစ်နိုင်ခြေပိုနည်းတယ်။ မနက်စာက တစ်နေ့လုံးလှုပ်ရှားနိုင်ဖို့ ခွန်အားပေးတဲ့ဆေးတစ်ခွက်ဖြစ်လို့ အငတ်မခံပါနဲ့။
(၈) အချိုတွေ အစားများတာ
မနက်စာဆိုပြီး စားလိုက်တာက အဆီများ၊ အချိုများတဲ့ မုန့်တွေ ဖြစ်နေရင် အာဟာရကနည်းပြီး အဝလွန်ဖို့ အားပေးရာရောက်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို တိုးစေပြီး လူက လှုပ်ရှားရ ပင်ပန်း၊ စိတ်ဆတ်၊ ဆာလောင်လွယ်မယ်။
(၉) နေလောင်ကာခရင်မ် မလိမ်းတာ
အသားလှဖို့၊ အသားမမည်းဖို့ထက် အရေပြားကင်ဆာ နဲ့ အရေးအကြောင်းတွေကို မဖြစ်စေဖို့ ခရမ်းလွန် ရောင်ခြည် ကာကွယ်မယ့် နေလောင်ကာခရင်မ်ကို လိမ်းသင့်ပါတယ်။ အိမ်ထဲမှာလည်း နေရောင်ဝင်နိုင်တယ်ဆို လိမ်းဖို့ လိုသလို အပြင်မသွားခင် ၁၅ မိနစ်အလိုမှာ ထပ်လိမ်းပါ။
[embed-health-tool-bmi]