မတ် ၂၁နဲ့ ဧပြီ ၂၀ကြား မွေးတဲ့ Zodiac signက အေးရီလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ Aries လေးတွေပဲ ဖြစ်ပါတယ်။ Aries တွေက များသောအားဖြင့် ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ ပြဿနာကြီးကြီးမားမား မရှိကြပါဘူး။ ပထမတစ်ချက်က သူတို့ကိုယ်တိုင်က အကောင်းမြင်စိတ်ရှိလို့ပါ။ နောက်တစ်ချက်က ခံနိုင်ရည်ကောင်းလို့ပါ။ ဒါပေမယ့်လည်း လူသားတွေ ဖြစ်တာကြောင့် ဖျားနာမှုတွေ၊ ရောဂါတွေကတော့ ရှိနေမှာပါပဲ။ Aries တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။
Aries တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ
Ariesတွေ လွှမ်းမိုးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ ဦးခေါင်း၊ မျက်လုံး၊ ကျောက်ကပ်နဲ့ သွေးပေါင်ချိန်တွေပဲ ဖြစ်ပါတယ်။
Ariesတွေက အားအင်အပြည့်နဲ့ အလုပ်လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ခေါင်းသုံးတဲ့ အလုပ်တွေ၊ စိတ်အင်အားစိုက်ထုတ်ရတဲ့ အလုပ်တွေ လုပ်ကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဦးခေါင်းကို လွှမ်းမိုးထားတာပါ။
ဒါ့ပြင် Aries တွေက စိုးရိမ်စိတ်များပြီး စိတ်မရှည်ကြသူများလည်း ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ကြိုးစားပြီး လုပ်မယ်ဆို မရရအောင် လုပ်တတ်ကသူများပါ။ ဒီလို စိတ်ပုံသဏ္ဍာန်ရှိတာကြောင့်လည်း သွေးပေါင်ချိန် တက်တဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။
စိတ်ဆုံးဖြတ်ပြီးရင် ရအောင်လုပ်မယ်ဆိုတဲ့စိတ်ကြောင့် နေမကောင်းဖြစ်လို့ အိပ်ရာထဲလဲနေရင်တောင် ဆက်လုပ်မယ်ဆိုပြီး ခေါင်းမာကြသူများဖြစ်ပါတယ်။
Aries တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
စိတ်အားထက်သန်လွန်းတဲ့ Ariesတွေမှာ
- ခေါင်းကိုက်တာ
- မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်တာ
- စိတ်ဓာတ်ကျတာ
- ထိပ်ပြောင်တာ
- သွေးတိုးတာ
- လေဖြတ်တာ
- အမြင်အာရုံပြဿနာ
- ကျောက်ကပ်ပိုးဝင်တာ
- ဝမ်းဗိုက်ပြဿနာတွေ ဖြစ်တတ်ပါတယ်။
နောက်ပြီး ဦးခေါင်းပိုင်းပြဿနာတွေ ဖြစ်တဲ့ သွားနဲ့ သွားဖုံးပြဿနာတွေ၊ ထိပ်ကပ်နာ စတာတွေလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။
Ariesတို့ ကျန်းမာစေဖို့
Aries တို့က ခေါင်းပူပူနဲ့ အလုပ်လုပ်တတ်သူတွေ ဖြစ်တာကြောင့် ဒါက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခေါင်းဆေးပြီး စိတ်ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ၊ အမူအကျင့်တွေကို စတင်မွေးမြူပါ။ ဥပမာ တရားထိုင်တာ၊ ဆေးရောင်ခြယ်တာ၊ သီချင်းအေးအေးလေးတွေ နားထောင်တာမျိုးပေါ့။ ကိုယ့်ရဲ့ စိတ်ကို ရှည်စေပြီး ပေါ့ပါးစေမယ့် အကျင့်လေးတွေ မွေးမြူပါ။
- လေ့ကျင့်ခန်းကို မျှတအောင်လုပ်ပါ။
သွေးပူတတ်တဲ့ Ariesတွေက လေ့ကျင့်ခန်းလုပ်ရင်လည်း ခပ်ကြမ်းကြမ်းလေ့ကျင့်ခန်းတွေ၊ စွန့်စားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာ ကြိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို စိတ်တည်ငြိမ်စေတဲ့ ယောဂနဲ့ တွဲပြီး ကစားပေးပါ။
နေမကောင်းဖြစ်ရင်တောင် အလုပ်လုပ်တတ်တဲ့ Ariesတွေအတွက် ဒီအချက်က အရေးကြီးပါတယ်။ ခန္ဓာကိုယ်က ပြောတာကို နားထောင်ပါ။ ပင်ပန်းနေရင် နားပါ။ အလုပ်အလွန်အကျွံလုပ်တာကို လျှော့ပါ။ အလုပ်ချိန် နားချိန် သေချာခွဲထားပါ။ အလုပ်ထဲမှာပဲ နှစ်မြုပ်နေတာကို ရှောင်ရပါမယ်။
- အာဟာရပြည့်ဝအောင် စားသောက်ပါ။
Aries ရဲ့ biochemical cell salt က ပိုတက်ဆီယမ် ဖော့စဖိတ် (potassium phosphate) ဖြစ်ပါတယ်။ ဒီဓာတ်ကြွယ်ဝတဲ့ စားစရာတွေကတော့ ပဲစိမ်း၊ ပန်းဂေါ်ဖီ၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေပဲ ဖြစ်ပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာစေဖို့ နို့လည်း မှီဝဲရပါမယ်။
ဆားနဲ့ အရက်ကိုတော့ ရှောင်ဖို့ လိုပါတယ်။ ဆားက သွေးပေါင်ချိန်ကို တက်စေလို့ နောက်ပိုင်းမှာ လေဖြတ်တာ၊ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ အရက်ကလည်း အလားတူပဲ ဖြစ်ပါတယ်။ အဲ့ဒီအစား ရေများများသောက်သင့်ပါတယ်။
ခြုံပြောရရင် Ariesတွေရဲ့ ခေါင်းပူပူနဲ့ ကိုယ့်ကိုယ်ကို မညှာဘဲ အလုပ်လုပ်တတ်တဲ့ အကျင့်က ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဒါကို အဓိက ပြုပြင်ဖို့ လိုပါတယ်။
Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။