backup og meta

အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ အမြန်သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ အမြန်သက်သာစေဖို့

    ဒီဘက်ခေတ်မှာ လူကြီးလူငယ်မရွေး အရက်နဲ့တော့ မကင်းကြတော့ပါဘူး။ လူမှုရေးအရရော အသက်ငယ်သေးတဲ့အတွက် ကိုယ့်အပေါင်းအသင်းနဲ့အတူ ပျော်ဖို့ ရွှင်ဖို့အတွက် စားပွဲဝိုင်းလေးမှာ အရက်ကလေးပါမှ မြိန်တတ်ကြတာကိုး။ အဲ့လိုသောက်ချင်သလို သောက်ပြီး နောက်နေ့ဆိုရင် အလူးအလဲခံရမယ့် ဒုက္ခကတော့ အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ ပါပဲ။ သောက်တဲ့ပမာဏနဲ့ လူပေါ်မူတည်ပြီး ဝေဒနာပြင်းထန်မှုက ကွာသွားနိုင်တယ်ဆိုပေမယ့် လူအများစုအနေနဲ့တော့ ဒီပြဿနာကို မလွဲမသွေ ကြုံကြရတတ်ပါတယ်။

    အရက်နာကျတဲ့ ဝေဒနာဟာ အရမ်းအဆိုးရွားကြီး မဟုတ်တဲ့တိုင်အောင် ခံစားရတဲ့သူအတွက် မသက်သာသလို ဘေးလူအမြင်မှာလည်း သိပ်ကိုကြည့်ရဆိုးပြီး ကဲ့ရဲ့ချင်စရာဖြစ်နေတတ်ပါတယ်။ ညကလည်း အိပ်တာနောက်ကျတော့ မျက်တွင်းကညို၊ အသားက မွဲခြောက်ခြောက်၊ လူကို ကြည့်ရင်လည်း အားမရှိဘဲ နုံးခွေနေသလို၊ အိပ်ချင်နေသလို၊ အစားကလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်၊ အဆိုးဆုံးကတော့ မူးဝေအော့အန်ပြီး ခေါင်းကိုက်တဲ့ ပြဿနာပါပဲ။

    ဒီဆောင်းပါးမှာတော့ အရက်သောက်ပြီး နောက်နေ့ အရက်နာကျတဲ့အချိန်မှာ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံးသက်သာအောင် ဘာတွေလုပ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးမှာဖြစ်လို့ အမြဲတမ်း တစ်ခွက်တစ်ဖလား မော့တတ်တဲ့ ဘော်ဒါတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။

    အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ အမြန်သက်သာစေဖို့

    ၁။ မနက်နိုးလာတဲ့အချိန်မှာ ရေတစ်ခွက်အပြည့်သောက်ပါ။ ညက အရက်အရှိန်ကြောင့် ခံတွင်းပျက်ပြီး သောက်ရတာတစ်မျိုး ဖြစ်နေနိုင်ပေမယ့် ရေမသောက်ဘဲတော့ မနေပါနဲ့။

    ၂။ ရေသောက်ပြီးတာနဲ့ ကိုယ်ခန္ဓာက တင်းနေတဲ့ အကြောတွေကို လျှော့ပါ။ ပြီးသွားမှ လမ်းထလျှောက်တာ၊ ဒိုက်ထိုးတာ၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင်လုပ်တာ အစရှိတဲ့ လေ့ကျင့်ခန်းတွေကို အချိန် ၁၅မိနစ်လောက် ပေးပြီး လုပ်ကြည့်ပါ။ ချွေးအရမ်းထွက်ရလောက်အောင် အပြင်းအထန်တော့ လုပ်စရာမလိုပါဘူး။

    ၃။ ကိုယ့်ရဲ့ မနက်ပိုင်း လုပ်နေကျ အရာတွေထလုပ်ပါ။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး၊ အပေါ့အလေးသွားတာမျိုးတွေ အကုန်လုပ်ပါ။

    ၄။ မနက်စာကို ပေါ့ပေါ့ပါးပါး စားပေးပါ။ ပေါင်မုန့်တစ်ချပ်နဲ့ ကြက်ဥမွှေကြော်၊ ဟင်းရွက်ကြော်အနည်းငယ်၊ ငါးကြော်၊ အအေးအနေနဲ့ ရေခဲရေ သို့မဟုတ် လိမ္မော်ရည်အေးအေးလေး သောက်ပေးနိုင်ပါတယ်။ သရေစာအနေနဲ့ ငှက်ပျောသီး၊ အခွံမာသီး၊ အစေ့အဆန်တွေကို စားလို့ရပါတယ်။

    ၅။ ဗိုက်ထဲ အစာဝင်သွားပြီဆိုရင် အားဆေးအနေနဲ့ ဗီတာမင် ဘီစစ် (Vitamin B-6) တစ်လုံးသောက်ပေးနိုင်ပါတယ်။

    ၆။ ဘယ်မှသွားစရာမရှိဘူးဆိုရင် တစ်ရေးတမော ပြန်အိပ်ပါ။ အရက်နာကျတတ်တဲ့သူတိုင်း မနက်ပိုင်းဆိုရင် ခေါင်းကိုက်တတ်တာ သဘာဝပဲမို့ အိပ်ပြီး ကိုယ့်ဦးနှောက်နဲ့ မျက်လုံးကို အနားပေးလိုက်တာ ပိုကောင်းပါတယ်။

    ၇။ အပြင်သွားတော့မယ်ဆိုရင် နေပူထဲသွားတာ တတ်နိုင်သလောက် ရှောင်ပါ။ အရက်နာကျနေတဲ့အချိန် နေပူထဲလျှောက်သွားခြင်းဟာ ခေါင်းကိုက်ဝေဒနာကို ပိုဆိုးသွားစေနိုင်ပါတယ်။

    ၈။ အပြင်ပဲသွားသွား၊ အိမ်မှာပဲနေနေ ရေများများသောက်ပေးပါ။ ဂက်စ်ပါတဲ့ အအေးတွေကို အာစွတ်ရုံလောက် တစ်ငုံ နှစ်ငုံစီသောက်ပေးပါ။ ဒါမှမဟုတ် သစ်သီးဖျော်ရည်တွေကို အိမ်ကနေ ကြိတ်ပြီးတော့ဖြစ်စေ၊ ဆိုင်ကနေ ဝယ်ပြီးတော့ဖြစ်စေ သောက်ပေးပါ။

    ၉။ တစ်နေရာထဲမှာ အကြာကြီးထိုင်တာ၊ လှဲအိပ်တာမျိုးမလုပ်ပါနဲ့။ လုပ်စရာရှိတာတွေကို လုပ်ပါ။ အရမ်းချွေးထွက်ပြီး ပင်ပန်းလောက်အောင် မလုပ်ပါနဲ့။ ငြိမ်ငြိမ်နေနေရင် ခေါင်းကိုက်တာက ပိုဆိုးတတ်တယ်ဆိုတာ သတိထားပါ။

    ၁၀။ အရက်နာကျတာ သက်သာသွားရင်တောင် အရက်ကို အနည်းဆုံး တစ်ရက်လောက်ရှောင်ပေးပါ။ မရှောင်နိုင်ရင်လည်း ကိုယ်သောက်နိုင်တဲ့ပမာဏထက် အများကြီးလျှော့သောက်ပါ။

    ၁၁။ အရက်သောက်ထားပြီး ခေါင်းကိုက်ရင် ပါရာစီတ‌မော မသောက်ပါနဲ့။ Ibuprofen သောက်ပါ။ ပါရာစီတမောက အသည်းကို ပိုဝန်ပိစေတာကြောင့်ပါ။

    တော်ရုံတန်ရုံ အရက်နာကျပြီး ခေါင်းကိုက်တာကိုတော့ ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး အမြန်ပျောက်အောင် ကုသလို့ရပါတယ်။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတဲ့ စကားအတိုင်း ဘော်ဒါတို့လည်း စိတ်ကိုချည်းအလွတ်မပေးဘဲ အသိစိတ်ကို စဉ်းစားဉာဏ်နဲ့ ထိန်းပြီး လျှော့သောက်ကြဖို့ ထပ်ဆောင်းပြောကြားရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement