ကျီးကန်းပါးစပ် ဆိုတာ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။ နှုတ်ခမ်းထောင့်မှာ နီရဲနေပြီး ပါးစပ် ဟမရ ပြုမရနဲ့ တော်တော် ကသိကအောက်နိုင်တဲ့ ရောဂါပါ။ ပါးစပ်လည်း ကောင်းကောင်း မစေ့နိုင်ဘဲ ဟတတလေး ဖြစ်နေလို့ ကျီးကန်းပါးစပ်လို့ ခေါ်တာပါ။ ဆေးပညာအရတော့ angular cheilitis ဒါမှမဟုတ် angular stomatitis လို့ ခေါ်ပါတယ်။ တစ်ဖက်တည်း ဖြစ်နိုင်သလို တစ်ခါတည်း နှစ်ဖက်လုံး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ ကလေးပေါက်စက စလို့ လူကြီးအထိ ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ရက်အနည်းငယ်ကနေ ဒီထက်လည်း ပိုကြာတတ်ပါတယ်။