backup og meta

သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ

    ဆိုဒီယမ်ဓါတ်နည်းရင် ဘာဖြစ်မလဲဆိုတာ မပြောခင် ဆိုဒီယမ်ဓါတ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆိုဒီယမ်ဓါတ်သည် ရေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေရဲ့ မျှခြေကိုထိန်းသိမ်းပေးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ သွေးပေါင်ချိန်ကိုလည်း ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်။

    ဒီလို ဆိုဒီယမ်ဓါတ်က သွေးထဲမှာ နည်းသွားတဲ့အခြေအနေကို Hyponatremia လို့ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ရေကို တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုပြီးသောက်မိတဲ့အခါ ကိုယ်ခန္ဓါထဲကမျှခြေပျက်ယွင်းသွားပြီး ဆိုဒီယမ်ဓါတ်တွေက သွေးထဲမှာ အရမ်းနည်းသွားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏသည် ၁၃၅ မှ ၁၄၅ mEq/L ရှိပြီး ၁၃၅ အောက်ရောက်သွားပြီဆိုမှ ဆိုဒီယမ်ဓါတ်နည်းသွားတာကို ဆိုလိုပါတယ်။ ရေကို တစ်နေ့တာ ၅လီတာနဲ့အထက် သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

    သွေးတွင်းဆိုဒီယမ်နည်းနေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။

    သွေးထဲမှာ ဆိုဒီယမ်ဓါတ်နည်းလာတဲ့အခါ

    • အားမရှိသလို ပျော့ခွေနေမယ်
    • မောပန်းနေမယ်
    • ခေါင်းကိုက်နေမယ်
    • အော့အန်ချင်မယ်
    • ကြွက်သားတွေ ကိုက်ခဲမယ်
    • စိတ်ရှုပ်ထွေးမယ်
    • စိတ်ဆိုးဒေါသဖြစ်လွယ်လာမှာပါ။

    ဆိုဒီယမ်ဓါတ်က ဖြည်းဖြည်းချင်း လျော့နည်းလာတဲ့အခါ လက္ခဏာက မပြင်းထန်ပေမဲ့ ရုတ်တရက် ဆောင့်ပြီးကျသွားတဲ့အခြေအနေမှာဆိုရင်တော့ လက္ခဏာတွေက ပြင်းထန်နိုင်ပါတယ်။

    ဘယ်လိုအရာတွေက သွေးတွင်းဆိုဒီယမ်ဓါတ်ကို နည်းစေနိုင်လဲ။

    ရေကို လိုအပ်တဲ့ ပမာဏထက် အများကြီးသောက်လိုက်မိရင် သွေးတွင်းဆိုဒီယမ်ဓါတ် နည်းသွားနိုင်သလို တခြားအကြောင်းအရာတွေအနေနဲ့

    • ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်
    • တစ်နေ့လုံး အန်ပြီး ကိုယ်ခန္ဓါက ရေဓါတ်နည်းနေချိန်
    • တချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ- စိတ်ကျရောဂါပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတချို့)
    • ရေဓါတ်ခမ်းခြောက်ခြင်း
    • ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်မှာရောဂါဖြစ်နေခြင်း
    • အသည်းရောဂါ
    • နှလုံးမကောင်းတော့တဲ့သူတွေ
    • Ecstasy လို့ခေါ်တဲ့ စိတ်ကြွဆေးတွေကြောင့်လည်း သွေးတွင်းဆိုဒီယမ်ဓါတ်နည်းသွားနိုင်ပါတယ်။

    ဘယ်လိုလူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ

    • အသက်အရွယ်ကြီးသူတွေ
    • စိတ်ဓါတ်ကျရောဂါဆေး သောက်နေရသူတွေ
    • အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်နေသူတွေ
    • ပူတဲ့ဒေသမှာ နေထိုင်သူတွေ
    • အစာအာဟာရမှာ ဆိုဒီယမ်လုံလောက်စွာ မပါဝင်ခြင်း
    • နှလုံး၊ ကျောက်ကပ်၊ အသည်းမကောင်းသူတွေမှာ ရေဓါတ်မျှခြေ အနည်းငယ်ပျက်ယွင်းရုံနဲ့ သွေးတွင်းဆိုဒီယမ်ဓါတ်နည်းသွားနိုင်ပါတယ်။

    ဆိုဒီယမ်ဓါတ်နည်းနေပြီလို့ သံသယရှိတဲ့အခါ အရင်ဆုံး ကိုယ်တစ်နေ့တာ သောက်နေတဲ့ ရေပမာဏကို ပြန်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရေသောက်နည်းလွန်းတာ၊ ရေကို လိုတာထက် ပိုပြီးသောက်နေတာရှိခဲ့လားဆိုတာ ပြန်စစ်ပါ။ ရေကို တစ်နေ့ ၃လီတာမှ ၅လီတာထိ အများဆုံး သောက်ပေးပါ။ ပူတဲ့အချိန်၊ အားကစားလုပ်တဲ့အချိန်မှသာ ရေကို များများသောက်ပါ။

    အမြဲလိုလို ဒီလိုလက္ခဏာတွေ တွေ့နေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး သွေးထဲမှာရှိနေတဲ့ ဆိုဒီယမ်ဓါတ်ပမာဏကို စစ်ဆေးဖို့ လိုအပ်လာပါပြီ။ သောက်တဲ့အရည်ပမာဏကို ထိန်းချုပ်တာ၊ သောက်နေတဲ့ ဆေးပမာဏကို အလျှော့အတိုးလုပ်တာ၊ ရောဂါလက္ခဏာသက်သာစေမယ့် သောက်ဆေးပေးတာ၊ တခြားကျန်းမာရေးပြဿနာတွေကို စစ်ဆေးတာ၊ ဆိုဒီယမ်ဆေးရည်ကို သွေးကြောထဲ ထိုးသွင်းတာ အစရှိတဲ့ နည်းလမ်းတွေနဲ့ ပြန်လည်ကုသလို့ ရပါတယ်။

    သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်းဟာ တစ်ခါတလေပဲဆို ပြဿနာမရှိပေမယ့် အမြဲတမ်းလိုလို ဖြစ်နေရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိထားဖို့လိုပါတယ်နော်။ ဒါကြောင့် တစ်နေ့တာ ရေပမာဏကို သေချာဂရုစိုက်ပြီးသောက်ပေးဖို့ ထပ်ပြီးမှာလိုက်ချင်ပါတယ်ခင်ဗျ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement