backup og meta

သင့်ရဲ့ အလှတရား ကို သင်ကိုယ်တိုင် တန်ဖိုးထားပါ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလှတရား ဆိုတာ ဘုရားကပေးတယ်ပဲဆိုဆို၊ မိဘနှစ်ပါးဆီက အမွေရတယ်ပဲဆိုဆို ဒါဟာ သင့်အတွက် အထူးသီးသန့်ရှိနေတဲ့ အရာတစ်ခုပါ။ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်ဝိသေသတစ်ခုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မတူညီခြင်းကပဲ ရောင်စုံအလှတရားတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်တဲ့အလှတရားကို တန်ဖိုးထားပါ။

    တကယ်တော့ အလှတရားမှာ စံနှုန်းသတ်မှတ်ချက်ဆိုတာ မရှိဘူးလို့ပြောရင် ယုံပါ့မလားပဲ။ ဇင်ယော်တောင် မျက်ခုံး၊ ချွန်တဲ့ နှာခေါင်း၊ ဝါဝင်းတဲ့ အသားအရေ၊ သမင်မျက်လုံး စတာတွေက စာပေအရ ဖွဲ့ဆိုထားတာတွေပါပဲ။ ဒါတွေက တစ်ခုချင်းဆိုရင် လှပေမယ့် ဒီလိုအလှတရားတွေ အားလုံး ပေါင်းထားတဲ့ သူဆိုတာ မရှိပါဘူး။ ပေါင်းလိုက်ရင်လည်း သဘာဝမကျဘဲ မလှတော့ပါဘူး။

    ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီခေတ်မှာ ဒီလောက် ဆေးပညာတွေ တိုးတက်နေတာ၊ ငွေကြေးသာ ပြည့်စုံလို့ကတော့ ဒီလှပါတယ်ဆိုတဲ့ ပုံစံမျိုးတွေပဲရအောင် ခွဲစိတ်ပြုပြင်ကြမှာပေါ့။ ခြေဆုံး ခေါင်းဆုံး စိတ်ကြိုက် ခွဲစိတ်လို့ရတဲ့ ခေတ်ပဲဟာ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ ဒီလိုမလုပ်ကြပါဘူး။ ကိုယ့်မှာ ရှိပြီးသား မျက်နှာကျနဲ့ လိုက်ဖက်သလောက်ပဲ ပြင်လို့ရတာပါ။ လှမယ်ထင်ပြီး အကြိမ်ပေါင်း မြောက်များစွာ ခွဲရင်း စိတ်ရင်း ပြုပြင်ရင်း နောက်ဆုံး နဂိုရုပ်ပျောက်ပြီး ပိုဆိုးသွားတဲ့ အဖြစ်မျိုးတွေ ဒုနဲ့ ဒေးပါပဲ။

    ဒါကြောင့် အရေးကြီးဆုံးက ကိုယ့်ရဲ့ အရှိတရားကို လက်ခံဖို့ပါပဲ။ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင် အလှတရားကိုပေါ့။ ဒါပေမယ့် ဒီလောက်ဝတဲ့ဟာ ဒီလောက် ပိန်တဲ့ဟာ မလှတာက မလှတာပဲလေလို့ မညည်းညူပါနဲ့။ အလှတရားဆိုတာ ကြည့်တဲ့ မျက်စိနဲ့လည်း ဆိုင်ပါသေးတယ်။

    အလှတရားကို လက်ခံတတ်ဖို့

    • အကောင်းမြင်စိတ်မွေးပါ။

    ပြင်ပက ကြုံလာတာတွေကိုပဲ အကောင်းမြင်စိတ်မွေးရမှာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုလည်း အကောင်းမြင်စိတ်မွေးရမှာပါ။ သူ့ပုံစံလေးကို အရှိကို အရှိအတိုင်း လက်ခံပေးလိုက်ပါ။ No one is perfect ပါ။

  • သင့်ခန္ဓာကိုယ်ရဲ့ လုပ်ကိုင်နိုင်စွမ်းကို မမေ့ပါနဲ့။

  • လူ့သဘာဝကိုက ရတာမလို လိုတာမရပါပဲ။ ဘယ်လိုပဲ ကိုယ့်မှာ ပြည့်စုံနေပါစေ။ မပြည့်စုံတာလေးတစ်ခုအတွက် စိတ်ထိခိုက်တတ်တာပေါ့။ ဥပမာပြောရရင် သင်ဘယ်လိုပဲ အရပ်ပုလို့၊ အရပ်ရှည်လွန်းလို့ သဘော မကျဘူးပဲပြောပြော သင့်ခန္ဓာကိုယ်က သူ့အလုပ်လုပ်သူ လုပ်နိုင်ပါသေးတယ်။ အရပ်ပုလည်း သင့်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ ခြေနှစ်ဖက် လက်နှစ်ဖက် ရှိတယ်၊ အရပ်ရှည်နေလည်း သူများတွေလိုပဲ သွားနိုင်လာနိုင်သေးတာပဲလေ။ ဘယ်လိုပဲ ကွာခြား ကွာခြား သင်ကိုယ့်အားနဲ့ကိုယ် အလုပ်လုပ်နိုင်ပါသေးတယ်။

    • အားလုံးက သူ့နည်းသူ့ဟန်နဲ့သူ အသုံးဝင်ပါတယ်။

    ခြေသလုံးတုတ်နေတယ်လို့ ခံစားရတာလား။ တောင်တက်တဲ့အခါ ဘယ်လောက်တောင် အားရပါးရ တက်နိုင်လိုက်မယ့် ခြေထောက်တွေလည်းလို့ တွေးကြည့်လိုက်ပါ။ ခြေသလုံးလေးတွေ သေးသေးလေး ဖြစ်နေလို့ စိတ်ညစ်နေတာလား။ အသားကပ်ဘောင်းဘီလေးတွေ ဝတ်တဲ့အခါ ပိန်ပိန်သွယ်သွယ်နဲ့ တော်တော်လှမှာပါပဲ။ ဒါကြောင့် ပြောပါတယ်။ ကြည့်တဲ့ မျက်လုံးထဲမှာ လှနေရင် အရာအားလုံးက လှနေတာပါပဲလို့။

    • သူများတွေ ကိုယ့်ကို ဘာနဲ့ ပတ်သက်ပြီး body shamingလုပ်သလဲ မှတ်ထားပါ။

    မှတ်ထားပါဆိုတာ ပြင်ဖို့ မဟုတ်ပါဘူး။ အားသာချက်ကို ရှာဖို့ပါ။ သူတို့ပြောတဲ့ နင့်အရပ်ကြီးက ရှည်လိုက်တာတို့၊ နင်က အသားမည်းတယ်ဆိုတာတို့က သူတို့မျက်လုံးထဲမှာ မလှပေမယ့် ကိုယ့်အတွက်တော့ အလှတရားတွေပါပဲ။ အရပ်ရှည်တော့ ပေမီဒေါက်မီနဲ့ လှတာပေါ့။ အသားမည်းတော့ နေလောင်ဒဏ်ကို သိပ်မခံရဘူးပေါ့။ ဒါဟာ သူတို့ရဲ့ body shamingကို အမြင်ပြောင်းလိုက်တာပါပဲ။

    ဒါပြီးရင် ကိုယ့်ကို body shamingလုပ်တဲ့သူတွေကို ဘယ်သူရှောင်မလဲဆိုတာလေး ပြောပြပါ့မယ်။

    အလှတရားကို ဝေဖန်တတ်သူတွေရဲ့ ရန်က လွတ်ကင်းအောင်

    ဟုတ်တယ်။ သူတို့က လှပြီးသားကို လာဝေဖန်တဲ့ သူတွေပဲလေ။

    • ကိုယ်ကိုယ်တိုင်လည်း သူများကို မဝေဖန်ပါနဲ့။

    ဒါအရေးကြီးဆုံးပါပဲ။ ကိုယ်ကစပြီး ရှောင်လိုက်ပါ။ နောက်ပြောင်တဲ့ အနေနဲ့တောင် မပြောပါနဲ့။ ကိုယ့်အတွက် ဟာသပေမယ့် သူ့အတွက် စိတ်ဒဏ်ရာပါ။

  • မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

  • တစ်ခါ နှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် ခဏခဏဆို ဒါက မသိစိတ်ထဲမှာ အားနည်းချက်အနေနဲ့ ရှိလာမှာပါ။ ဒါကြောင့် မကြိုက်ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ချက်ကျ လက်ကျ တုံ့ပြန်ပါ။

    • ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူ များပါစေ။

    ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူ၊ သူများကို ရုပ်ရည်နဲ့ ပတ်သက်ပြီး မဝေဖန်တတ်သူတွေများရင် သင်နေပျော်လာမှာပါ။

    • Social mediaကို သိပ်မယုံပါနဲ့။

    Social mediaပေါ်က သင်မြင်သမျှက အမှန်ဟုတ်ချင်မှ ဟုတ်မှာပါ။ Facebookတို့ instagramတို့က မင်းသမီး မင်းသားတွေက သဘာဝမဟုတ်တဲ့ နည်းလမ်းတွေနဲ့ ပြင်ထားတာ ဖြစ်တဲ့အပြင် ကင်မရာeffectလည်း ပါသေးတယ်လေ။ Gymကြော်ငြာတွေဆိုလည်း ဒီလိုပါပဲ။ ဒါသူတို့ အပြစ်မဟုတ်ပါဘူး။ ကြော်ငြာရဲ့ သဘောသဘာဝကိုက ဒီလိုပဲလေ။ သင်က ဒါကို နားလည်နေပြီး အမှန်လို့ မမြင်ဖို့ပဲ လိုတာပါ။ မဟုတ်ရင် ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာပါပဲ။

    ဒါဆို လုံးဝမပြင်ရတော့ဘူးလား။ ဒီလိုမဟုတ်ပါဘူးနော်။ ဘာလို့လဲဆိုတော့

    စစ်မှန်တဲ့ အလှတရားဆိုတာ ကျန်းမာရေးနဲ့ ပေါင်းစပ်ထားတာပါ။

    ဒါကြောင့်

    • သင့်တင့်မျှတအောင် စားပါ။

    ပိန်ပြီးသားကို ထပ်လှချင်လို့ အစားတွေ လျှော့စားတာမျိုး မလုပ်ပါနဲ့။ ကိုယ်က တကယ်ဝနေလို့ နောက်ပိုင်းမှာ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုတွေ ဖြစ်လာမှာစိုးလို့ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာကို ရွေးစားပြီး မတည့်တာတွေကို ရှောင်တာမျိုးပဲ ဖြစ်ပါစေ။

    • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

    ကြွက်သားတွေ ထွက်ချင်လို့ ဆိုတာထက် ကိုယ်က အထိုင်များလို့၊ အဝလွန်နေလို့ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်း လုပ်တယ်ဆိုတာမျိုးပဲ ဖြစ်ပါစေ။ Six packsတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေက သင်ထင်ထားသလို မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရုံဆို ရပါပြီ။

    • ခွဲစိတ်ပြုပြင်တာလည်း လုပ်နိုင်ပါတယ်။

    ဒီနေရာမှာ နှာခေါင်းပြားနေလို့၊ ရင်သားသေးနေလို့ ခွဲစိတ်ပြုပြင်တာကို ပြောတာမဟုတ်ပါဘူး။ မျက်နှာမှာ ထိခိုက်ဒဏ်ရာရထားလို့ အမာရွတ်ကျန်တာမျိုးဆို ခွဲစိတ်ချင်ရင် ခွဲစိတ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက နှာခေါင်းချွန်အောင်၊ မေးစေ့ချွန်အောင်သာ ခွဲစိတ်နေမယ်ဆိုရင် စက်ရုံထုတ်ပစ္စည်းလေးတွေကို တစ်ပုံစံတည်း ထွက်လာမှာပါ။

    တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီတာကိုက အလှတရားတစ်မျိုးပါပဲ။ သင့်ကို သူများနဲ့ မတူဘဲ တစ်မူထူးခြားစေတာပါ။ ဒါကြောင့် အရှိကို အရှိအတိုင်းလက်ခံပြီး ပေါ့ပေါ့ပါးပါး နေထိုင်လိုက်ပါ။ အရှိတရားတွေက သင့်ကို ပိုလှပစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement