backup og meta

လက်ဖဝါးတွေက ချွေးထွက်လွန်း နေလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဖဝါးတွေက ချွေးထွက်လွန်း နေလား

    သူများနဲ့မတူ တစ်ကိုယ်လုံး ချွေးမထွက်ဘဲ လက်ဖဝါးပဲ ကွက်ပြီး ချွေးထွက်တဲ့သူတွေ ရှိကြလား။ လက်ဖဝါးတွေက ချွေးထွက်လွန်း တာမှ လက်မှာ လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားရလောက်တဲ့အထိပဲ။ စာရေးရင်ဆို ပိုဆိုး၊ စာရွက်မှာ ချွေးတွေ ရွှဲလို့။ စိတ်လှုပ်ရှားရင် ချွေးထွက်တာ သဘာဝဆိုပေမယ့် အချိန်တိုင်းလိုလို ချွေးထွက်နေရင်တော့ စိတ်ညစ်ရပြီပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒီဆောင်းပါးမှာ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။ ဆက်ပြီး အတူတူ ဖတ်ကြည့်ရအောင်။

    လက်ဖဝါးက ဘာလို့ ချွေးထွက်တာလဲ။

    ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းစဉ်ပါ။ ချွေးထွက်မှ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းထားနိုင်မှာပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး ထွက်လာရင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ ဘာရောဂါအခံမှမရှိဘဲ လက်ဖဝါးက ချွေးထွက်တာကို Palmar hyperhidrosis လို့ ခေါ်ပါတယ်။

    ဒီလို အကြောင်းအရင်းမရှိဘဲ ချွေးထွက်တာက ကလေးဘဝမှာတည်းက စကြုံနိုင်ပြီး အသက် ၄၀လောက်ဆိုရင် သက်သာသွားပါတယ်။ အသက်၆၀လောက်ဆိုရင်တော့ သူ့ဟာသူ ပျောက်သွားပါတယ်တဲ့။

    တစ်ခါတလေတော့လည်း အောက်ကအကြောင်းတွေကြောင့် လက်ဖဝါးက ချွေးထွက်တတ်ပါတယ်။

    လက်ဖဝါးတွေက ချွေးထွက်လွန်း တဲ့အခါ သင့်မှာ ဘာပြဿနာ ဖြစ်လာနိုင်သလဲ။

    သာမန်အားဖြင့်တော့ ရေးကြီးခွင်ကျယ်လုပ်ရလောက်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်းလိုလို လက်ကတစိုစို ဖြစ်နေတော့ နေ့စဉ်အလုပ်တွေမှာ အနှောင့်အယှက် ဖြစ်သလို စိတ်လည်း ညစ်ရပါတယ်။ ဒါ့ပြင်

    • သူတို့ ဒီလိုချွေးထွက်တာဟာ လှုပ်လှုပ်ရှားရှားနေလို့၊ ရာသီဥတုပူလို့ မဟုတ်ဘဲ ဒီတိုင်းကို ထွက်နေတာပါ။
    • ချွေးထွက်လွန်းလို့ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေမှာ ပဲကြီးတွေ တွန့်လာပါတယ်။
    • လက်က အမြဲတမ်း အေးပြီး စိုနေပါတယ်။
    • တစ်ခါတလေ လက်ချောင်းလေးတွေ ဖောင်းနေတတ်ပါတယ်။

    ဒီလို အခက်အခဲတွေကြောင့် အလုပ်လုပ်ရတာ သိပ်အဆင်မပြေတော့ပါဘူး။ ကံကောင်းတာက ဒါတွေကို သက်သာလုပ်ဖို့ အိမ်တွင်းနည်းလမ်းတွေရော ဆေးပညာတွေရော ရှိနေတာပါပဲ။

    လက်ဖဝါး ချွေးထွက်တာ သက်သာစေဖို့

    အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

    • ချွေးတိတ်ဆေး Antiperspirants သုံးပါ။

    ချိုင်းချွေးထွက်တာ သက်သာဖို့ သုံးတဲ့ Antiperspirantsတွေ သုံးလို့ရပါတယ်။ သူ့ကို လက်ဖဝါးမှာ ပွတ်ထားလိုက်ရင် ချွေးထွက်တာ သက်သာသွားပါတယ်။ ညဘက်မှာ သုံးတာပိုကောင်းပါတယ်။ Antiperspirantsကို စုပ်ယူဖို့ ပိုပြီး အချိန်ရလို့ပါ။

    • မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါကို အသားအရေပြဿနာတွေအတွက် သုံးလို့ရတယ်ဆိုတာ သင်သိပြီးသားပါ။ နောက်ထပ် သင်သိဖို့လိုတာက မုန့်ဖုတ်ဆိုဒါက ချွေးနံ့ကို သက်သာစေပြီး ချွေးတိတ်စေတယ်ဆိုတာပါပဲ။ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ အနှစ်ရအောင် ဖျော်ပြီး လက်မှာ လိမ်းထားလိုက်ပါ။ ၅မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။

    • ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်က လက်မှာရှိတဲ့ pHကို ညှိပေးတာကြောင့် ချွေးထွက်တာကို သက်သာစေပါတယ်။ လက်မှာ ပန်းသီးရှာလကာရည်နဲ့ ရေကို ရော၊ လက်မှာ လိမ်းပြီး တစ်ညသိပ်ထားလိုက်ပါ။ မနက်ကျမှ ရေဆေးချပါ။ ဒါမှမဟုတ် ပျားရည်နဲ့ ရေနွေးရောထားတဲ့ထဲကိုဖြစ်ဖြစ်၊ သောက်နေကြ သစ်သီးဖျော်ရည်ထဲကို ဖြစ်ဖြစ် ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ဇွန်းလောက် ထည့်ပြီး သောက်လို့ရပါတယ်။ ဒါကလည်း ချွေးထွက်တာကို သက်သာစေတာပါပဲ။

    • ကလျာဏီရွက်

    ကလျာဏီရွက်ကို ဟင်းချက်တဲ့နေရာမှာ ထည့်သုံးတာဖြစ်ဖြစ်၊ ရေနွေးကြမ်း လုပ်သောက်တာဖြစ်ဖြစ် လက်ချွေးထွက်တာကို သက်သာစေပါတယ်။ အရွက်ခြောက်ကို အိတ်လေးထဲထည့်ထားပြီး လက်က ကိုင်ထားမယ်ဆိုရင်လည်း ချွေးထွက်တာ သက်သာပါတယ်။ ဒါမှမဟုတ် အရွက်ကို ရေထဲမှာ ထည့်စိမ်ပြီး သင့်လက်ကို ရေထဲမှာ မိနစ်၂၀လောက် ထည့်ထားမယ်ဆိုရင်လည်း အလားတူ အကျိုးကျေးဇူးရမှာပါပဲ။ အရွက်ကို ရေနွေးကြမ်းလုပ်သောက်မယ်ဆိုရင်တော့ သတိထားပါ။ သူက တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်လားဆိုတာ ဆရာဝန်ကို အရင်မေးပါ။

    ဒီနည်းလမ်းတွေနဲ့မှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပညာနဲ့ ကုသဖို့ စဉ်းစားရတော့မှာပါ။

    • Iontophoresis 

    ဒီနည်းလမ်းက အရည်တစ်မျိုးထဲကို လျှပ်စီးလှိုင်း ဖြတ်စေပြီး အဲ့ဒီထဲကို လက်ထည့်စိမ်ရတာပါ။ တစ်ခါစိမ်ရင် နာရီဝက်၊ မိနစ် ၄၀လောက်ကြာပါတယ်။ တစ်ပတ်ကို ၄ခါလောက် စိမ်ရပါတယ်။ ဒီနည်းလမ်းက အရေပြား အပေါ်ယံလွှာကို ထူစေလို့ ချွေးထွက်တာ တစ်လလောက် သက်သာသွားတယ်လို့ ဆိုပါတယ်။

    • သောက်ဆေးများ 

    သောက်ဆေးတွေက ထိရောက်တယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးလည်း ရှိပါတယ်။ ချွေးမထွက်တဲ့အပြင် တံတွေးပါ မထွက်တော့တဲ့အတွက် အာခြောက်တာ၊ ဝမ်းချုပ်တာ၊ ပျို့အန်တာ၊ ဆီးသွားရခက်တာ စတာတွေ ဖြစ်တတ်ပါတယ်။

    • Botox ထိုးတာ

    Botoxထိုးတာက လက်ချွေးထွက်တာကို ၆လလောက် သက်သာစေပါတယ်။ မကောင်းတဲ့အချက်က ဒါထိုးထားတဲ့သူတွေက လက်ကြွက်သားတွေ အားပျော့လာတာပါပဲ။

    • ခွဲစိတ်တာ 

    နောက်ဆုံးနည်းလမ်းအနေနဲ့ လက်ဖဝါးမှာရှိတဲ့ ချွေးဂလင်းတွေကို ဖျက်ဆီးပစ်တာ၊ ဖယ်ပစ်တာ လုပ်လို့ရပါတယ်။ ချွေးတော့ လုံးဝမထွက်တော့ပါဘူး။ နောက်ထပ်နည်းလမ်း တစ်ခုကတော့  endoscopic thoracic sympathectomyလို့ ခေါ်တဲ့ ချွေးဂလင်းတွေဆီသွားတဲ့ အာရုံကြောအသေးလေးကို ဖျက်ဆီးပြီး ချွေးမထွက်အောင် တားလိုက်တာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement