ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။
ဆရာဝန်တွေအနေနဲ့ ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။
ဘယ်နေရာတွေမှာသုံးသလဲ
ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ အသေးစိတ်ပုံရိပ်တွေကို ထုတ်ပေးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုကုန်ကျစရိတ်သက်သာပြီး ဆေးရုံတော်တော်များများမှာလည်း တပ်ဆင်ထားလို့ အသုံးပြုသူပိုများပါတယ်။ ဒါပေမဲ့ လူနာအခြေအနေပေါ်မူတည်ပြီး ပိုတိကျတဲ့ပုံရိပ်တွေကြည့်ဖို့ လိုအပ်ရင်တော့ သင့်ဆရာဝန်အနေနဲ့ သံလိုက်ဓာတ်မှန်ရိုက်ကူးဖို့ ညွှန်ကြားမှာဖြစ်ပါတယ်။
ကွန်ပျူဓာတ်မှန်ကို အောက်ပါအခြေအနေတွေအတွက် အများဆုံးအသုံးပြုပါတယ်
– အလုံးအကျိတ်များကိုကြည့်ရန်
– အရိုးကျိုးခြင်းကိုကြည့်ရန်
– ကိုယ်တွင်းသွေးယိုစိမ့်မှုရှိမရှိစစ်ဆေးရန်
– ကင်ဆာရောဂါရှိသူတွင် ရောဂါမည်မျှထိပျံနှံ့နေသည်ကိုကြည့်ရှုရန်နှင့် ကုသမှုကိုတုံ့ပြန်ခြင်းရှိမရှိစစ်ဆေးရန် အသုံးပြုပါတယ်။
အရိုး၊ ကိုယ်တွင်းကလီစာနဲ့ အဆစ်အမြစ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် နှလုံး၊ ဦးနှောက်၊ အဆစ်အမြစ်၊ ရင်သား၊ လက်ကောက်ဝတ်၊ခြေချင်းဝတ်၊ သွေးကြော စတဲ့အစိတ်အပိုင်းတစ်ခုခုမှာ ထူးခြားတဲ့ရောဂါအခြေအနေရှိခဲ့ရင် သံလိုက်ဓာတ်မှန်ရိုက်ဖို့ သင့်ဆရာဝန်က အကြံပြုမှာဖြစ်ပါတယ်။
ဘယ်လိုရိုက်သလဲ
ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးမှာ ရိုက်ကူးခံမယ့် လူနာက စက်နဲ့တစ်ခါတည်းတွဲစပ်ပြီးအထူးပြုလုပ်ထားတဲ့ ခုတင်ပေါ်မှာ လဲလျောင်းနေရပါမယ်။ ပြီးရင်လူနာကို စက်ဝိုင်းပုံစံရှိတဲ့ scanner စက်ကြီးထဲထည့်လိုက်ပါတယ်။ ရိုက်ကူးနေချိန်မှာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေရဖို့ လူနာအနေနဲ့ ငြိမ်ငြိမ်လေးနေဖို့တော့လိုအပ်ပါတယ်။
ရိုက်ကူးပေးနေတဲ့ ပညာရှင်က တစ်ဖက်အခန်းကနေ ကြည့်ရှုကြီးကြပ်ပေးနေမှာဖြစ်သလို လူနာစကားပြောနိုင်အောင်လည်း intercom ဖွင့်ပေးထားလေ့ရှိပါတယ်။ ကွန်ပြူတာဓာတ်မှန်ရိုက်ကူးမှုကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြီးသွားပေမဲ့ သံလိုက်ဓာတ်မှန်စက်ကတော့ ဆူညံသံအနည်းငယ်ထွက်ပါတယ်။ ဒါ့ကြောင့် များသောအားဖြင့် သံလိုက်ဓာတ်မှန်ရိုက်ကူးမှုခံယူနေတဲ့လူနာတွေကို နားကြပ်တစ်ခုခုတပ်ဆင်ပေးထားတတ်ကြပါတယ်။
ဒီလိုပုံရိပ်ဖော်နည်းပညာတွေက ခန္ဓာကိုယ်အတွက် ဘေးဥပဒ် ဖြစ်နိုင်သလား
၂ မျိုးစလုံးက အတော်လေးဘေးကင်းတယ်လို့တော့ ယေဘုယျပြောနိုင်ပေမဲ့ ဘယ်ဟာမဆိုကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတာမို့ သတိပြုသင့်တဲ့အချက်လေးတွေတော့ ရှိပါတယ်။ ကွန်ပျူတာဓာတ်မှန်က ဓာတ်မှန်လှိုင်းတွေအသုံးပြုတာကြောင့် ဓာတ်ရောင်ခြည်သင့်မှုနည်းနည်းတော့ ရှိနိုင်ပါတယ်၊ ဆိုးဆိုးဝါးဝါးအန္တရာယ်ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန္ဓေသားကိုထိခိုက်မှုရှိနိုင်တဲ့အတွက် ကွန်ပျူတာဓာတ်မှန်ရိုက်ကူးမှုမခံယူသင့်ပါဘူး။
သံလိုက်ဓာတ်မှန်မှာတော့ အသုံးပြုတဲ့လှိုင်းမတူညီတာကြောင့် ဓာတ်ရောင်ခြည်သင့်မှုမဖြစ်စေပါဘူး။ဒါပေမဲ့ အားကောင်းတဲ့သံလိုက်လှိုင်းတွေအသုံးပြုရတဲ့အတွက် နှလုံးစက်တပ်ထားသူတွေလို ခန္ဓာကိုယ်မှာစက်ပစ္စည်းတစ်ခုခုတပ်ဆင်ထားသူတွေ ရိုက်ကူးလို့မရနိုင်ပါဘူး။ ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
နောက်ထပ်သတိထားသင့်တဲ့တစ်ချက်က ဒီပုံရိပ်ဖော်နည်းစနစ် ၂ မျိုးစလုံးမှာ ပုံရိပ်ကောင်းကောင်းတွေရဖို့အတွက် ရိုက်ကူးမဲ့လူနာကို contrast dye လို့ခေါ်တဲ့ ဆိုးဆေးတစ်မျိုးအကြောထဲထိုးသွင်းပြီးမှ ရိုက်ကူးရပါတယ်။ ဒီလိုထိုးသွင်းရတဲ့ဆေးက လူအများစုမှာ ပြဿနာမရှိပေမဲ့ တချို့မှာတော့ ဆေးနဲ့ဓာတ်မတည့်တာမျိုးဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ရိုက်ကူးမှုမပြုလုပ်ခင် လူနာရဲ့ရောဂါရာဇဝင်မေးတဲ့အခါ မတည့်တဲ့ဆေးရှိရင် တစ်ခါတည်းပြောထားသင့်ပါတယ်။ ဆိုးဆေးနဲ့ ဓာတ်တည့် မတည့်သိရအောင်အစမ်းထိုးပေးတဲ့အခါမှာလည်း ဘာလက္ခဏာတွေပြသလဲ သေချာစောင့်ကြည့်သင့်ပါတယ်။
အကျဉ်းချုံးပြန်ပြောရရင် ကွန်ပြူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရော ၂ ခုစလုံးက ကိုယ်တွင်းအစိတ်အပိုင်းတွေကိုကောင်းကောင်းပုံရိပ်ဖော်ပေးနိုင်ပါတယ်။ သံလိုက်ဓာတ်မှန်က ယေဘုယျအားဖြင့် ပုံရိပ်ပိုကောင်းတယ်ဆိုပေမဲ့ လူတိုင်းလက်လှမ်းမှီနိုင်တဲ့ အခြေအနေတော့မရှိသေးပါဘူး။ ၂ မျိုးစလုံးမှာ ဘေးထွက်ဆိုးကျိုးနည်းနည်းစီရှိပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ဘယ်နည်းနဲ့သင့်တော်သလဲဆိုတာ သက်ဆိုင်ရာဆရာဝန်ကဆုံးဖြတ်မှာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။
ရေးသားသူ – Dr. Htoo Tint Ko Ko
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]