backup og meta

ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိလာစေရန် ရှောင်ကြဉ်သင့်သောအချက် (၁၅)ချက်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိလာစေရန် ရှောင်ကြဉ်သင့်သောအချက် (၁၅)ချက်

    ဘဝတွင် များပြားလှသောလောကဓံအနိမ့်အမြင့် အတက်အကျများနှင့်ကြုံတွေ့ရပြီးတဲ့အခါမှာ ကျွန်မတို့ဟာလေကောင်းလေသန့်အနည်းငယ်ကိုရှူရှိုက်၊ ခေတ္တခဏအနားယူ၍ပြီးမှ ဘဝကိုပြန်လည်ရင်ဆိုင်သင့်ပါသည်။ ကမ္ဘာပေါ်ရှိအအောင်မြင်ဆုံးဆိုသည့် ပုဂ္ဂိုလ်များပင် ချွင်းချက်မရှိစိန်ခေါ်မှုများနှင့် ခလုတ်တံသင်းများကို ကြုံတွေ့ရမြဲဖြစ်သည်။ သို့သော်လည်းအောင်မြင်သူများနှင့် မအောင်မြင်သူများကြားမှ ကွာခြားချက်မှာအခက်အခဲများကိုရင်ဆိုင်ကျော်ဖြတ်စဉ် ထားရှိသည့် ၎င်းတို့၏ သဘောထား နှင့် အမြင်တို့ပင်ဖြစ်သည်။ အောက်ပါအချက် ၁၅ချက်မှာ ပိုမိုကောင်းမွန်သောဘဝတစ်ခုရရှိနိုင်ရန်အတွက် ရှောင်ကြဉ်သင့်သောအချက်များပင်ဖြစ်သည်။

    သူတစ်ပါးအပေါ် အပြစ်ပုံချခြင်း

    မိမိဘဝ၏အမှားအယွင်းများအတွက် အခြားလူများသို့မဟုတ် ကံကြမ္မာကိုပင် အပြစ်ပုံမချသင့်ပါ။ တစ်စုံတစ်ယောက်မှ သင့်ဘဝ၏သေးငယ်သောအစိတ်အပိုင်းတစ်ခုကိုပင်ဖြစ်စေ ကမောက်ကမဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဆိုလျှင် ထိုသည်မှာလည်းကမောက်ကမဖြစ်အောင် လုပ်ဆောင်ခွင့်ပြုခဲ့သောသင့်အပြစ်ပင်ဖြစ်သည်။ သင်သည်သာလျှင် သင့်ဘဝ၏ပဲ့ကိုင်ရှင်ဖြစ်သည်။ မိမိဘဝအားမိမိသာလျှင် ထိန်းချုပ်ထားပါ။

    ခံစားချက်များအားမျိုသိပ်ထားခြင်း

    ခံစားချက်များအားမျိုသိပ်ထားခြင်းမှာဆိုးဝါးသောအကျင့်စရိုက်တစ်ခုပင်ဖြစ်သည်။ သင့်ခံစားချက်များကိုမဖော်ပြလျှင်မည်သူမှနားလည်လိမ့်မည်မဟုတ်။ မျိုသိပ်ထားခြင်းသည်မကောင်းသောအတွေးများကို ဖိတ်ခေါ်စေသည်။ အကြောင်းအရာများအပေါ်သင့်၏သဘောထားအမြင်ကိုဖော်ပြ၍ယုံကြည်ရသူများနှင့်ဖွင့်ဟတိုင်ပင်ပါ။

    အတင်းပြောခြင်း

    နောက်ကွယ်တွင် အတင်းပြောခြင်းသည် သင့်အတွက်ကောင်းကျိုးမရှိစေနိုင်။ အတင်းပြောခြင်းကြောင့် သင့်အပေါ်တွင်အခြားလူများထားရှိသည့် ယုံကြည်လေးစားမှုများပျောက်ကွယ်သွားနိုင်ပြီးအခြားလူများအားမရည်ရွယ်ဘဲနာကျင်စေမိသောအခြေအနေများသာ ဖြစ်ပေါ်နိုင်သည်။

    အားနာတတ်ခြင်း

    ရည်မွန်ယဉ်ကျေးလိုသည့်အကြောင်းပြချက်ဖြင့် ငြင်းဆန်ခြင်းမပြုပါက လူအများက သင့်စကားအား လူရာမသွင်းခြင်း၊ သင့်အလုပ်ကို နှောင့်ယှက်ခြင်းနှင့် သင့်အား၎င်းတို့၏ခံစားချက်များပေါက်ကွဲရာနေရာတစ်ခုဟုသတ်မှတ်သွားနိုင်သည်။

    ချီးမွမ်းမခံနိုင်ဘဲရှောင်ပြေးခြင်း

    ချီးမွမ်းစကားအားရှောင်ပြေးခြင်းသည်မိမိကိုယ်ကိုတန်ဖိုးမထားသူများတွင် တွေ့ရလေ့ရှိသောအပြုအမူတစ်ခုပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယုံကြည်မှုနည်းလျှင် သို့မဟုတ် ယုံကြည်မှုလုံးဝမရှိလျှင် အခြားလူများကသင့်အပေါ်ထားရှိသည့် ကောင်းမွန်သောသဘောထားများ၊ ယုံကြည်မှုများ၊ သစ္စာရှိမှုများကိုလက်သင့်မခံနိုင် ဖြစ်တတ်သည်။

    ကျန်းမာရေးကိုဂရုမစိုက်ခြင်း

    ကျန်းမာရေးကိုဂရုမစိုက်ခြင်းဟုဆိုရာတွင် သရေစာများစားသုံးခြင်း၊ အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ရန်ပျင်းရိခြင်းတို့လည်းအပါအဝင်ဖြစ်သည်။

    အလွန်အကျူးစဉ်းစားခြင်း

    အရာအားလုံးအားတစ်မျှော်တစ်ခေါ်စဉ်းစားတတ်ခြင်းသည် သင့်အတွက်မကောင်းပါ။ တစ်စုံတယောက်က သင့်မက်ဆေ့ခ်ျအား အိုကေဟု စာပြန်မည့်အစား အပြုံးပုံလေးကိုပဲသုံး၍လည်း စာပြန်နိုင်သည်ဖြစ်သည်။ သို့သော် သင်ကရှည်ရှည်ဝေးဝေးတွေစဉ်းစားကာ ထိုလူကသင့်အားစိတ်ပျက်နေပြီဟု ယူဆလိုက်သည်။ ဤသို့သောတွေးခေါ်မှုများသည် သင့်အားပျော်ရွှင်မှုနှင့်ေ ဝးကွာစေသည်။

    အခြားလူများ၏အမြင်အားလွန်ကဲစွာယုံကြည်ခြင်း

    လောကတွင် ပြီးပြည့်စုံသောသူဟူ၍ တစ်ဦးတစ်ယောက်မှမရှိပါ။ အခြားလူများ၏ အကြံဉာဏ်ပေးချက်အားနားထောင်ခြင်းသည် ကောင်းမွန်သော်လည်း မှီငြမ်းကိုးကားသည့်ကုန်ကြမ်းအဖြစ်သာအသုံးပြုသင့်သည်။

    မိမိအပေါ်မိမိ ပြင်းထန်စွာဝေဖန်ခြင်း

    မိမိအပေါ်မိမိ ပြင်းထန်စွာဝေဖန်ခြင်းသည် သင့်ကိုယ်သင်နှင့် လောကကြီးအပေါ်တွင် အဆိုးမြင်စေတတ်သောကြောင့် ချက်ချင်းလက်ငင်းဖျောက်ဖျက်သင့်သောအကျင့်တစ်ခုပင်ဖြစ်သည်။

    ဝတ်ကျေတန်းကျေပြုလုပ်ခြင်း

    သင့်အလုပ်၊ ဆက်ဆံရေးသို့မဟုတ် အိပ်မက်များအပေါ် စိတ်ကိုနှစ်မြှုပ်ထားခြင်းမရှိဘဲ ပြီးပြီးရောလုပ်ဆောင်ခြင်း။

    အပြင်ပန်းသဏ္ဍာန်အား အတွေ့အကြုံထက် ဦးစားပေးခြင်း

    ချောမောလှပသောရုပ်ရည်အားပိုင်ဆိုင်ပါကလူအများကနှစ်သက်အားကျကြသည်မှာအမှန်ပင်ဖြစ်သည်။ သို့သော်လည်းလူအများသင့်အပေါ် မည်သို့သဘောထားသလဲဆိုသည်ထက်၊ စိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်များနှင့် ရင်သပ်ရှူမောဖွယ်ရာအတွေ့အကြုံများကသာသင့်ဘဝထဲတွင် ရေရှည်ကျန်ရစ်မည်ဖြစ်သည်။

    ဝေဖန်ခြင်း

    သင့်မျက်စိရှေ့မှ ဖြတ်လျှောက်သွားသူမှန်သမျှအားမှတ်ချက်ပေးနေမိလျှင် သို့မဟုတ် မိဘမျိုးရိုး၊ အလုပ်အကိုင်၊ ပညာအရည်အချင်းတို့အား လုပ်ဇာတ်ဖန်တီးနေလျှင်၊ အခြားလူများအား ဘက်လိုက်၍ဝေဖန်ဆုံးဖြတ်မိနေလျှင် ထိုအကျင့်စရိုက်များကို သင်လက်လွှတ်သင့်ပြီဖြစ်သည်။

    ဖုန်းနှင့်မျက်စိမခွာခြင်း

    လျှပ်စစ်ပစ္စည်းများနှင့်ခွဲမနိုင်ခွာမရဖြစ်နေခြင်းသည် ယခုခေတ်လူ့အဖွဲ့အစည်း၏ ဝမ်းနည်းစရာအလေ့အထတစ်ခုပင် ဖြစ်သည်။ ထိုအလေ့အကျင့်သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဆောင်ယူလာနိုင်သည်။

    ယုံတမ်းစကားများပြောခြင်း

    ဘဝနှင့်ပတ်သက်၍ မဟုတ်မမှန်သောစကားများပြောခြင်းသည် လူအများကျင့်သုံးနေသောစရိုက်တစ်ခုပင်ဖြစ်သည်။ ထိုစရိုက်သည် သင့်ကိုယ်သင်ထင်မြင်သောပုံရိပ်၊ အခြားလူများသင့်အပေါ်ထင်မြင်သောပုံရိပ်ကိုသာလွဲမှားစေနိုင်သည်။

    အတွေ့အကြုံ၊ အခွင့်အလမ်းအသစ်များအားကြောက်ရွံ့ခြင်း

    သင်ကျင့်သားရနေသောနေရာတစ်ခုတွင် အချိန်ကုန်ဆုံးခြင်းသည် သင့်အားသက်တောင့်သက်သာရှိစေမည်မှာမှန်သော်လည်း ထို့ထက်ပို၍တော့ ဘာမှအကျိုးဖြစ်ထွန်းစေမည်မဟုတ်ပါ။ သင့်ဘဝ၏ စိတ်တူကိုယ်တူအဖော်တစ်ယောက်သည် အပြင်လောကကြီးတွင် သင်နှင့်တွေ့ဆုံရန်အခွင့်အရေးကို ရပ်စောင့်ကောင်းစောင့်နေလိမ့်မည်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement