ရေတိမ်ဆိုတာ မျက်လုံးထဲမှာ ဖိအား အရမ်းများတဲ့အတွက် အမြင်အာရုံကြော ပျက်ဆီးသွားတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ အမြင်အာရုံကြောဟာ အမြင်အာရုံအတွက် အရမ်း အရေးပါတဲ့ လုပ်ဆောင်ချက်ကို လုပ်နေတဲ့ အာရုံကြော တစ်ခုပါ။ ဒီအာရုံကြောဟာ မျက်လုံးက အချက်ပြချက်တွေကို ဦးနှောက်သို့ပို့ပေးပြီး ဦးနှောက်မှ တစ်ဆင့် ပုံရိပ်များအဖြစ် ပြန်ပြောင်းပေးတာ ဖြစ်ပါတယ်။ ဒီကြားခံ ဆက်သွယ်ပေးနေတဲ့ အမြင်အာရုံကြောက ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် အမြင်ထိခိုက်လာနိုင်ပြီး မျက်လုံးကန်းသည် အထိဖြစ်စေနိုင်ပါတယ်။
ဘာကြောင့် ရေတိမ် ဖြစ်ရတာလဲ။
မျက်လုံးဟာ မျက်လုံးအတွင်းထဲက တစ်ရှုးတွေကို သန့်ရှင်းပြီး အာဟာရထုတ်လုပ်ပေးတဲ့ အရည်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီအရည်တွေကို aqueous humour လို့ခေါ်ပါတယ်။ ဒီ aqueous humour ဟာ မျက်ရည်နဲ့ မဆိုင်ပါဘူး။ မျက်ရည်ထွက်ခြင်းဟာ aqueous humour ကြောင့်ထွက်တာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဒီအရည်တွေဟာ drainage angle လို့ခေါ်တဲ့ လမ်းကြောင်းမှ အပြင်ကို စီးဆင်းသွားပါတယ်။ ရေတိမ်ရှိမယ်ဆိုရင် ဒီလမ်းကြောင်းဟာ ပိတ်မိနေပြီး အရည်တွေက မျက်လုံး တွင်းသို့ ပြန်ဝင်လာကာ မျက်လုံးတွင်း ဖိအားကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ဒီလမ်းကြောင်း ပိတ်ဆို့ရတာလဲဆိုတာ အခုချိန်ထိသေချာ မသိရသေးပေမဲ့ ဆေးပညာရှင်တွေကတော့ ဒီလို ပိတ်ဆို့တဲ့ ဝေဒနာက မျိုးရိုးလိုက်တဲ့ ဝေဒနာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဘယ်လို လူတွေမှာ ရေတိမ် ဖြစ်လာနိုင်သလဲ။
သင့်ရဲ့ မိဘ၊ အစ်ကို ၊ အမနဲ့ သွေးချင်းနီးတဲ့ ဆွေမျိုးတွေမှာ ရေတိမ်ရှိမယ်ဆိုရင် သင်မှာလည်း ဖြစ်ပွားလာနိုင်ပါတယ်။ အသက် ၄၀ ကျော်လာတာနဲ့ အမျှ ရေတိမ် ဖြစ်ပွားနိုင်ခြေ ပိုများလာပြီး အောက်ပါ ဝေဒနာတွေ ရှိနေရင်လည်း ခံစားရနိုင်ခြေ ရှိပါတယ်။ အဲ့ဒါတွေကတော့
- မျက်လုံးတွင် ဖိအားများလာခြင်း၊
- မျက်လုံးထိခိုက်မှု၊ ခွဲစိတ်မှု ခံယူထားရခြင်း၊
- မျက်လုံးရှေ့က မျက်ကြည်လွှာ ပါးလွှာခြင်း၊
- ဆီးချိုရောဂါ၊ သွေးဖိအားများခြင်းနဲ့ နှလုံးရောဂါ၊
- အမြင် အာရုံကြောထိခိုက်ခြင်း၊
- စတီးရွိက် ဟော်မုန်း မျက်စဉ်းဆေးတွေနဲ့စတီးရွိက် ဟော်မုန်း ဆေးဝါးတွေ သောက်သုံးခြင်း။
ရေတိမ် အမျိုးအစားများ။
ရေတိမ် အမျိုးအစား စုစုပေါင်း (၄) မျိုး ရှိပါတယ်။ အတွေ့ရအများဆုံးကတော့ လမ်းကြောင်း ပွင့် ရေတိမ် (Open-Angle Glaucoma) ဖြစ်ပါတယ်။ ဒီရေတိမ်ဟာ ရေတိမ်ဖြစ်ပွားတဲ့ လူနာ ၉၀ ရာခိုင်နှုန်းမှာတွေ့ရလေ့ ရှိပြီး မျက်ဝန်း (iris) နဲ့ မျက်ကြည်လွှာ (cornea) ကြားထောင့်ဟာ ကျယ်ဝန်းနေပေမဲ့ အတွင်းပိုင်းမှာ ပိတ်နေတဲ့ ရေတိမ်ဖြစ်ပါတယ်။ ဒီရေတိမ် အမျိုးအစားကတော့ ဖြစ်ပွားချိန် ကြာမြင့်ပြီး ရောဂါ လက္ခဏာတွေကို အစပိုင်းမှာတွေ့ရမှာ မဟုတ်ပါဘူး။
လမ်းကြောင်း ပိတ်ရေတိမ် (Angle-Closure Glaucoma)။
ဒီလိုရေတိမ်မျိုးကတော့ အဖြစ်မြန်ပြီး အရေးပေါ် ကုသဖို့လိုပါတယ်။ ဒီရေတိမ်ဟာ drainage လမ်းကြောင်း အပေါက်ကျဉ်းနေတဲ့ လူတွေမှာ အဖြစ်များပြီး ရုတ်တရက် လမ်းကြောင်း ပိတ်ဆို့သွားတတ်ပါတယ်။ ဒီလို ပိတ်ဆို့သွားတဲ့ အခါမှာ မျက်လုံးတွင်းမှ အရည်တွေက ပြင်ပကို မထွက်သွားတော့ဘဲ မျက်လုံးတွင်းက ဖိအားတွေက ရုတ်တရက် မြင့်တတ်လာပါတော့တယ်။ သင့်အနေနဲ့ ရုတ်တရက်ပြင်းထန်စွာ မျက်လုံးနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ အမြင်အာရုံ ချို့ယွင်းလာခြင်းတို့ ဖြစ်လာရင် မျက်လုံးကန်းခြင်းမှ ကာကွယ်နိုင်ရန်အတွက် အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ပြီး drainage လမ်းကြောင်းကို ပြန်လည် ဖွင့်နိုင်ပါတယ်။ လမ်းကြောင်း ပိတ်ရေတိမ် ကတော့ ပိုအတွေ့ရနည်းတဲ့ ရေတိမ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေက ချက်ခြင်း သိသာပါတယ်။
သာမန် ဖိအားရှိရေတိမ် (Normal-Tension Glaucoma (NTG)) ။
ဒီရေတိမ်အမျိုးအစားက မျက်လုံးတွင်းဖိအားက အရမ်းမများရင်တောင် အမြင်အာရုံကြော ထိခိုက်သွားတဲ့ ရေတိမ်မျိုးဖြစ်တာကြောင့် သာမန်ဖိအားရှိရေတိမ်လို့ခေါ်တာပါ။ ဆေးပညာရှင်တွေကတော့ သာမန် ဖိအားပဲ ရှိနေတာတောင် ဘာကြောင့် အမြင်အာရုံကြောတွေ ပျက်ဆီးသွားရတာလဲဆိုတာကို အတိအကျ မသိသေးကြပါဘူး။ ဖြစ်နိုင်တာတစ်ခုကတော့ အမြင်အာရုံကြောဟာ ဖိအားလေး နည်းနည်းလေးတိုးလာတာနဲ့ ပျက်စီးသွားနိုင်တဲ့ အထိ နူးညံ့လွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့အပြင် အမြင်အာရုံကြောသို့ သွေးနည်းပါးစွာ စီးဆင်းခြင်းကြောင့် ပျက်စီးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရေတိမ်မျိုးဆိုရင်တော့ ဆရာဝန်များက မျက်လုံးတွင်းဖိအားကို သာမန်ဖိအားထက်နည်းပါးစေဖို့ အတွက် ကုသပေးမှာ ဖြစ်ပါတယ်။
ဝမ်းတွင်းပါ ရေတိမ် ( Congenital Glaucoma)။
ဝမ်းတွင်းပါ ရေတိမ်ဆိုတာကတော့ သန္ဓေဆောင်စဉ်ကာလမှာ မျက်လုံးရဲ့ drainage လမ်းကြောင်းက ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့အတွက် ကလေးတွေမှာ ဖြစ်ပွားတဲ့ ရေတိမ်မျိုး ဖြစ်ပါတယ်။ ဒီရေတိမ်ကလည်း ရှားပါးတဲ့ အမျိုးအစား ဖြစ်ပြီး မျိုးရိုးလိုက်တဲ့ ဝေဒနာ မျိုး ဖြစ်ပါတယ်။ ရေတိမ်ဝေဒနာက အရမ်း မရှုပ်ထွေးတဲ့အချိန်မှာ အသေးစားခွဲစိတ်မှုလုပ်ကာ ပြင်ဆင်နိုင်ပြီး တစ်ချို့လူနာတွေမှာတော့ ခွဲစိတ်မှု အပြင်ဆေးဝါးပါ အသုံးပြုပြီး ကုသရလေ့ရှိပါတယ်။ ဒီဝေဒနာ ဖြစ်ပွားရင် ကလေးရဲ့ မျက်လုံးဟာ တိမ်ဖုံးနေပြီး ပုံမှန်ထက်ကြီးနေမှာ ဖြစ်ပါတယ်။
ရေတိမ်ရဲ့ ဝေဒနာတွေက ဘာတွေလဲ။
လမ်းကြောင်းပွင့်ရေတိမ်နဲ့ သာမန်ဖိအားရှိရေတိမ်တွေကတော့ ရောဂါ ဖွံ့ဖြိုးချိန် ကြာတဲ့အတွက် အချိန်ကြာတဲ့အထိ ရောဂါ လက္ခဏာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ မကုသဘဲ ဒီအတိုင်းနေမယ်ဆိုရင်တော့ မျက်လုံးရဲ့ အနားစွန်းတွေမှာ မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒီလို ဖြစ်တဲ့အခါ ပုံမှန်အတိုင်း မျက်လုံးက အပြည့်အဝ မမြင်တော့ဘဲ မျက်လုံးအနားစွန်းက အရာတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အနားစွန်းတွေ မမြင်ရတဲ့အခါ ပိုက်တစ်လုံးမှ တစ်ဆင့် ကြည့်နေသလိုပဲ အရာဝတ္ထုများကို အလယ်ပိုင်းသာ မြင်ရမှာ ဖြစ်ပါတယ်။
ရေတိမ်အတွက် စမ်းသပ်ခြင်း။
ပုံမှန်မျက်လုံး စစ်ဆေးနေခြင်းက ရေတိမ်ဖြစ်နေပြီသလားဆိုတာကို သိဖို့ အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေကတော့
- မျက်လုံးတွင်း ဖိအားကို တိုင်းတာခြင်း၊
- အမြင်အာရုံကို စစ်ဆေးခြင်း၊
- မျက်ကြည်လွှာ အထူကို စစ်ဆေးခြင်း၊
- အနုကြည်မှန်ပြောင်းများဖြင့် အမြင်အာရုံဆိုင်ရာ နာဗ်ကြောများ ပျက်ဆီးနေသလားဆိုတာကို စစ်ဆေးခြင်း၊
- အမြင်အာရုံ နာဗ်ကြောများရဲ့ ပုံရိပ်ဖမ်းယူပြီး စစ်ဆေးခြင်း၊
- မျက်လုံးရဲ့ drainage လမ်းကြောင်းကို စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။
ရေတိမ် အတွက် ကုသမှုနည်းလမ်းများ (ဆေးဝါး)။
ဒီနည်းလမ်းမှာဆိုရင်တော့ ရေတိမ်ကို ကုသဖို့ အတွက် မျက်စဉ်းဆေးနဲ့ ဆေးဝါးများကို မှီဝဲရမှာ ဖြစ်ပြီး ဒီဆေးဝါးတွေက မျက်လုံးက ထုတ်လုပ်တဲ့ အရည်ပမာဏကို နည်းပါးစေပြီး ခန်းခြောက်စေမှာ ဖြစ်ပါတယ်။ ရေတိမ်ဖြစ်မလာစေဖို့ အတွက် ဒီဆေးဝါးတွေကိုနေ့တိုင်း မှီဝဲဖို့လိုပြီး မျက်လုံးပူစပ်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ နီရဲလာခြင်းတို့ ဖြစ်လာရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
လေဆာဖြင့် ခွဲစိတ်ခြင်း။
လမ်းကြောင်းပွင့် ရေတိမ် (Open-Angle Glaucoma) ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်များက မျက်လုံးတွင်း ဖိအားနည်းပါးစေဖို့ အတွက် လေဆာခွဲစိတ်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလေဆာ ခွဲစိတ်မှုကို ဆေးဝါးတွေ မှီဝဲနေရင်တောင် မျက်လုံး ဖိအားက မနည်းသွားတဲ့လူတွေနဲ့ ဆေးကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရတဲ့ လူတွေကို ကုသပေးလေ့ရှိပါတယ်။
ပထမဆုံး ဆရာဝန်က မျက်လုံးကို ထုံဆေးပေးမှာ ဖြစ်ပြီး လေဆာ အလင်းတန်းနဲ့ မျက်လုံး အတွင်း အရည်များ စီးဆင်းစေရန်အတွက် drainage လမ်းကြောင်းကို အပေါက်ဖောက်ပေးမှာ ဖြစ်ပါတယ်။ လေဆာ ခွဲစိတ်မှုတွေက မျက်လုံးတွင်း ဖိအားကို နည်းပါးစေနိုင်ပေမဲ့ ရေရှည်သိပ်မခံပါဘူး။ ဒီခွဲစိတ်မှုကိုတော့ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေကြတာ ၂၆ နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ခွဲစိတ်မှု။
ဆေးဝါးနဲ့ လေဆာ ခွဲစိတ်မှုတွေက မျက်လုံးတွင်းဖိအားကို မနည်းစေဘူးဆိုရင် ဆရာဝန်တွေကတော့ မျက်လုံးတွင်း ဖိအားနည်းပါးစေတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ခွဲစိတ်မှု ပြုလုပ်တဲ့ နည်းစနစ်ကတော့ ဆရာဝန်ဟာ မျက်လုံး အပြင်ဘက်ဆုံးက အဖြူသားမှာ အပေါက်လေးဖောက်ပြီး မျက်လုံးတွင်းအရည်တွေ ပိုစီးဆင်းစေဖို့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ဒီခွဲစိတ်မှုကို ခံယူပြီးတဲ့ လူတစ်ဝက်လောက်တော့ ရေတိမ်ဆေးတွေ ဘာဆေးမှ သောက်စရာမလိုတော့ပါဘူး။
ဒါပေမဲ့တစ်ခါတစ်ရံမှာတော့အပေါက်က ပြန်ပိတ်သွားနိုင်တဲ့အတွက် ဒုတိယအကြိမ် ပြန်ခွဲစိတ်ဖို့လိုပါလိမ့်မယ်။ ဒီလို ခွဲစိတ်မှုဟာ ရေတိမ်ကြောင့် အမြင်အာရုံ ဆုံးရှုံးခြင်းကိုတော့ ပြန်လည်ကောင်းမွန်စေနိုင်မှာ မဟုတ်ပါဘူး။
သင့်ရဲ့ အမြင်အာရုံကို ကာကွယ်ပါ။
ရေတိမ်ရှိတဲ့ လူတစ်ဝက်လောက်က သူတို့မှာ ရေတိမ်ရှိနေမှန်းတောင် မသိကြပါဘူး။ ဒါ့ကြောင့် အမြင်အာရုံ ကွယ်ခြင်းကို ကာကွယ်ဖို့အတွက် မိသားစုသမိုင်းမှာ ရေတိမ်နဲ့ တစ်ခြားသော ရောဂါများရှိသလားဆိုတာ သိအောင်လုပ်ထားပါ။
မျက်လုံး စစ်ဆေးမှုကို တစ်နှစ်မှ နှစ်နှစ် အတွင်း တစ်ကြိမ်ခန့် စစ်ဆေးပါ။ သင့်ရဲ့ ဆရာဝန်က သင့်မှာ ရေတိမ်ရှိနေပြီလို့ ပြောလာရင် သူ့ရဲ့ ညွှန်ကြားချက် အတွက် လိုက်နာပြီး ထူးခြားမှုတွေ တွေ့လာတာနဲ့ အမျှ အချိန်နဲ့ တစ်ပြေးညီ ကာကွယ်ဖို့ လိုပါတယ်။
ရေတိမ်ဖြစ်နေပြီဆိုရင်။
မျက်စင်းဆေးတွေ၊ ခွဲစိတ်မှုတွေဟာ ရေတိမ်ကိုကာကွယ်ပေးနိုင်ပြီး အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သင့်အနေနဲ့ မျက်လုံးတွင်း ဖိအားကို အမြဲတမ်း သိနေဖို့ အတွက် စစ်ဆေးမှုတွေလုပ်နေဖို့လိုပြီး ခွဲစိတ်ပြီးပြီဆိုရင်လည်း တစ်နှစ်အတွင်းမှာ ၂ ကြိမ်ခန့် မျက်လုံးတွင်း ဖိအားကို သွားရောက်စစ်ဆေးသင့်ပါတယ်။
[embed-health-tool-bmi]